“ကသိသရဒိုဆို (ကသံၣ်သရံၣ်ဒိၣ်စိ) – (ဆရာဝန်) ရေ၊ အိမ်က ဖိုးခွားက ဗိုက်အောင့်တယ်ပြောပြန်ပြီ။ ဒီကောင်လေးဟာလေ ကျောင်းပြေးချင်ရင် ဗိုက်အောင့်တယ် ခဏခဏပြောတော့တာပဲ။”
ပြောပြောဆိုဆို နော်ဘွေဖော ကျွန်တော့်ရဲ့ ဆေးရုံမမည်၊ ဆေးခန်းမမည် တဲကလေးထဲ ရောက်ချလာပါတယ်။
“အဲ.. အဲ.. နေပါဦးကွယ်။ ဘာဖြစ်တာလဲ။ ကလေးက တကယ်ဗိုက်အောင့်တာလည်း ဖြစ်နေပါဦးမယ်။ လာလာ ကျွန်တော်ကြည့်ပေးပါ့မယ်။”
ကျွန်တော် ကလေးအမေဖြစ်သူကို နည်းနည်းချော့လိုက်ပြီး ကလေးကို ကုတင်ပေါ်တက်စေလိုက်ပါတယ်။ ကလေးကတော့ တကယ်အောင့်နေရှာတာပါ။ မျက်နှာမှာ ချွေးလေးတွေတောင်သီးလို့။
……………………………………………………………………………………………………
ကဲ မေမေတို့ရော ကလေးက ဗိုက်အောင့်တယ် ဗိုက်အောင့်တယ်လို့ပြောလို့ ကျောင်းမတက်ချင်လို့ ဉာဏ်ဆင်နေတာလို့ ထင်ဖူးလား။ ဟုတ်ရင်လည်းဟုတ်မှာပေါ့လေ။ ဒါပေမယ့် တချို့ရောဂါလေးတွေကတော့ တမင်ဉာဏ်ဆင်တာမဟုတ်ဘဲ ကလေးက တကယ်ဗိုက်အောင့်တာပါ။ အဲ့ဒီရောဂါလေးတွေထဲက တစ်ခုကို ဒီနေ့ပြောပြပေးပါမယ်။
…………………………………………………………………………………………………….
ကျွန်တော့်လူနာလေးတွေက “မိုင်ဂရိမ်း (Migraine)” ဆိုရင် ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုသာ ပြေးမြင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကလေးငယ်တွေမှာ ခေါင်းမကိုက်ဘဲ ပြင်းထန်စွာ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း စသဖြင့် လက္ခဏာပြတတ်တဲ့ ဝမ်းဗိုက်ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Abdominal Migraine) ဆိုတာ ရှိပါတယ်။ အသက် ၂ နှစ်မှ ၁၀ နှစ်ကြား ကလေးတွေမှာ အဖြစ်များပြီး မိဘများက အူအတက်ရောင်တာ၊ အစာအိမ်ပိုးဝင်တာ ဒါမှမဟုတ် သန်ထတာလို့ မှားယွင်းထင်မှတ်တတ်ကြပါတယ်။
မိဘတွေ သတိထားမိစေဖို့ ဒီရောဂါလေးအကြောင်းပြောပြဦးမယ်နော်။
၁။ ရောဂါလက္ခဏာများ
Abdominal Migraine ဖြစ်တဲ့အခါ ကလေးက ဗိုက်နာရုံသာမက အောက်ပါလက္ခဏာရပ်တွေကို ခံစားရတတ်ပါတယ်။
- ချက်အနီးတစ်ဝိုက် ဗိုက်နာခြင်း
ဝမ်းဗိုက်အလယ် (ချက်အနီး) မှာအောင့်ပြီး ပြင်းထန်စွာ နာကျင်တတ်ပါတယ်။ ၁ နာရီမှ ၇၂ နာရီ (၃ ရက်) အထိ ကြာမြင့်နိုင်ပါတယ်။ - ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း
အစား လုံးဝမစားချင်ဘဲ မကြာခဏ အန်တတ်ပါတယ်။ - မျက်နှာဖြူဖျော့သွားခြင်း
နာကျင်မှုကြောင့် ကလေးက ဖြူဖျော့ပြီး အားအင်ကုန်ခမ်းသလို ဖြစ်သွားတတ်ပါတယ်။ - အလင်းနှင့်အသံ မခံနိုင်ခြင်း
အလင်းရောင်စူးစူး သို့မဟုတ် ဆူညံသံများကို မကြိုက်ဘဲ မှောင်ပြီး တိတ်ဆိတ်တဲ့နေရာမှာပဲ နေချင်တတ်ပါတယ်။
အရေးကြီးဆုံးအချက်ကတော့ ဗိုက်နာတဲ့ရက်တွေ ပြီးသွားရင် ကလေးက ပုံမှန်အတိုင်း ပြန်လည်ကျန်းမာ လန်းဆန်းသွားပြီး တစ်ပတ် သို့မဟုတ် တစ်လခွဲခန့်ကြာမှ ဒုတိယတစ်ကြိမ် ထပ်မံဖြစ်ပွားတတ်ပါတယ်။
.
၂။ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် လှုံ့ဆော်မှုများ
ဒီရောဂါဟာ ဦးနှောက်နဲ့ အစာအိမ်လမ်းကြောင်း ဆက်သွယ်မှု (Gut-Brain Axis) မူမမှန်ခြင်း၊ အာရုံကြောစနစ် အလွန်အမင်း တုံ့ပြန်လွယ်ခြင်းတို့ကြောင့် ဖြစ်ရတာပါ။ မိသားစုထဲမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ရှိသူဆိုရင် ပိုအဖြစ်များပါတယ်တဲ့။
ဒါ့အပြင် တချို့အချက်လေးတွေက ရောဂါကိုဖြစ်စေပါတယ်။
- စိတ်ဖိစီးမှု
ကျောင်းစာမလိုက်နိုင်ခြင်း၊ စာမေးပွဲနီးခြင်း သို့မဟုတ် မိသားစုအတွင်း စိတ်သောကရောက်ခြင်း။ - အိပ်ရေးပျက်ခြင်း
အိပ်ချိန်မမှန်ခြင်း သို့မဟုတ် အိပ်ရေးမဝခြင်း။ - တချို့အစားအစာများ
ချောကလက်၊ ကဖင်းဓာတ် (လက်ဖက်ရည်၊ ကော်ဖီ)၊ အချိုမှုန့် အလွန်အကျွံပါသော အစားအသောက်များ။ - ကားမူးခြင်း
ခရီးဝေးသွားခြင်း၊ လှုပ်ရှားမှုများခြင်း။
. - ၃။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြရမလဲ။
Abdominal Migraine က စိုးရိမ်စရာပေမယ့် အခြားအန္တရာယ်ရှိတဲ့ ဗိုက်နာဗိုက်အောင့်ရောဂါတွေနဲ့ ခွဲခြားဖို့တော့လိုပါတယ်။ ဒါကြောင့် မသေချာရင် ဆရာဝန်နဲ့ ဦးစွာပြသစစ်ဆေးဖို့ အလွန်အရေးကြီးပါတယ်။ ကလေးက ၃ လအတွင်း အနည်းဆုံး ၂ ကြိမ်ထက်မနည်း ဗိုက်နာဖူးပြီး အောက်ပါ အန္တရာယ်လက္ခဏာများရှိနေတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းသွားပြီး ချက်ချင်းပြသရပါမယ်။
(က) အန်ဖတ်ထဲတွင် အစိမ်းရောင် (သည်းခြေရည်) သို့မဟုတ် သွေးပါလာခြင်း။
(ခ) ဝမ်းထဲတွင် သွေးပါခြင်း။
(ဂ) ဗိုက်နာခြင်းနှင့်အတူ ဖျားခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းကိုက်ခဲခြင်း။
(ဃ) ညာဘက် အောက်ဝမ်းဗိုက် (အူအတက်နေရာ) သာ ကွက်ပြီး ပြင်းထန်စွာနာခြင်း။
(င) ကလေးက ကိုယ်အလေးချိန် ကျဆင်းလာပြီး ဖွံ့ဖြိုးမှု နှေးကွေးလာခြင်း။
.
- ၄။ ပြုစုစောင့်ရှောက်ခြင်းနှင့် ကုသမှု (Management)
ကလေးငယ်လေး ရောဂါသက်သာစေဖို့ မိဘများအနေဖြင့် ဒီလိုလေးတွေ ကူညီပေးနိုင်ပါတယ်။
- ရောဂါထချိန်မှာ ကလေးကို အလင်းရောင်မှိန်မှိန်လေးနဲ့ တိတ်ဆိတ်အေးချမ်းတဲ့ အခန်းထဲမှာ အနားယူခိုင်းပါ။
- ရေဓာတ်မခမ်းခြောက်စေဖို့ ရေ သို့မဟုတ် ဓာတ်ဆားရည်ကို တစ်ငုံချင်းစီ တိုက်ပေးပါ။
- ကလေးကို အချိန်မှန်အိပ်စက်ခိုင်းပါ။ စိတ်ဖိစီးမှု လျှော့ချပေးပါ။
- မိမိသဘောနဲ့ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံတိုက်တာမျိုး မလုပ်ရပါဘူး။ ဆရာဝန်ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေး သို့မဟုတ် အအန်ပျောက်ဆေးများကို အသုံးပြုနိုင်ပါတယ်။ အကယ်၍ တစ်လအတွင်း ကြိမ်ဖန်များစွာ၊ ပြင်းထန်စွာ ဖြစ်တယ်ဆိုရင် ရောဂါကြိုတင်ကာကွယ်တဲ့ ဆေးဝါးများကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။
…
…
သတင်းကောင်းအနေနဲ့ကတော့ ကလေးအများစုဟာ အသက်ကြီးလာပြီး အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် ရောက်လာရင် ဒီရောဂါဟာ အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ၇၀ ရာခိုင်နှုန်း လောက်ကတော့ လူကြီးပိုင်းရောက်လာတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Classic Migraine) အဖြစ် ပြောင်းလဲခံစားရတတ်ဆိုတာ သိရှိထားသင့်ပါတယ်။ 🙏
Reference
- Qualia CM, et al. Review of Abdominal Migraine in Children. Gastroenterology & Hepatology. 2021;17(5):214-220. PMID: 34035698.
- Mani J, Madani S. Pediatric abdominal migraine: current perspectives on a lesser known entity. Pediatric Health, Medicine and Therapeutics. 2018;9:47-58. PMCID: PMC5923275.
- Hyams JS, Di Lorenzo C, Saps M, et al. Functional Disorders: Children and Adolescents. Gastroenterology. 2016;150(6):1456-1468. Rome IV Criteria.
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.



