‌‎” As If”
ကိုယ်ချင်းစာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးစေဖို့

‎တစ်ခါတလေ စိတ်ညစ်စရာတွေ၊ နာကျင်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ဆီကို လာပြောပြကြတဲ့အခါ ကျွန်မတို့လည်း သူတို့နဲ့အတူ ရင်ထဲမှာ လေးလံသွားတတ်ကြတယ် မဟုတ်လား။

‎နားထောင်သူက တကယ်ကို စိတ်ပါလက်ပါနဲ့ ကိုယ်ချင်းစာတတ်တဲ့သူဆိုရင် တစ်ဖက်လူရဲ့ နာကျင်မှုကို ရင်ဘတ်ထဲထိ ပိုခံစားမိတတ်ကြပါတယ်။ ဒါကို Compassion Fatigue (စာနာမှုကြောင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်း) လို့ ခေါ်ပါတယ်။

ဒီလို မဖြစ်ရဖို့ဆိုရင် ကျွန်မတို့ သတိထားရမယ့် စကားလုံးလေးက “ As If” ဆိုတာလေးပါ။
‎.

‎” As If” ဆိုတာ “ သူ့နေရာမှာ ငါသာဆိုရင်…” လို့ တွေးပြီး နားလည်ပေးတာကို ပြောတာပါ။ ဒါပေမယ့် သတိထားရမှာက ကိုယ်ဟာ “သူ” ဖြစ်မသွားဖို့ပါပဲ။

‎နားထောင်ပေးတာဟာ သူတို့ရဲ့ စိတ်ဝန်ထုတ်ဝန်ပိုးကို ကိုယ်က ကူသယ်လိုက်တာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင် ဒီဝန်ကို ချနိုင်အောင် နေရာလွတ်လေး ဖန်တီးပေးတာမျိုးပါ။

‎အပူတွေကြားထဲမှာ ကိုယ်တိုင် မနစ်မြုပ်သွားစေဖို့ ဒီအချက်လေးတွေကို သတိထားဆင်ခြင်ကြည့်ရအောင်‌နော်။
‎.
‎.

‎၁။ သူ့ဖိနပ်ကို ခဏပဲ စီးကြည့်ပါ။

‎ကိုယ်ချင်းစာတယ်ဆိုတာ တစ်ဖက်လူရဲ့ အခက်အခဲကို သူ့ဘက်ကနေ ခဏတာ ဝင်ကြည့်ပေးတာပါ။ သူ ဘယ်လောက် နာကျင်နေမလဲဆိုတာကို သူ့ဖိနပ်ကိုစီးပြီး လမ်းလျှောက်ကြည့်သလိုမျိုးပေါ့။ ဒါပေမယ့် စကားပြောလို့ ပြီးသွားတဲ့အခါ အဲဒီဖိနပ်ကို ချွတ်ထားခဲ့ဖို့ မမေ့ပါနဲ့။

အဲဒီအပူတွေကို ကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်အိပ်ရာထဲအထိ သယ်လာမိရင် ကိုယ်ပါ စိတ်မကျန်းမာ ဖြစ်လာပါလိမ့်မယ်။

‎ဥပမာ – သူငယ်ချင်းက သူ့အမျိုးသားနဲ့ အိမ်ထောင်ရေးအဆင်မပြေမှုကို လာပြောပြတယ်ဆိုပါစို့။ “ သူ့နေရာမှာ ငါသာဆို တော်တော်စိတ်ညစ်မှာ။ သူလည်း တော်တော် ခံစားနေရရှာမှာပဲ” ဆိုတာက As if ပါ။

အဲလိုမဟုတ်ဘဲ “ ငါ့ယောက်ျားသာဆိုလို့ကတော့ မလွယ်ဘူး တစ်ခုခုလုပ်ပစ်မှာ” ဆိုပြီး ကိုယ်အိမ်ထောင်ရေးနဲ့ပါ တွေးပူတာမျိုးက စည်းကျော်တယ်လို့ ခေါ်တာပေါ့။
‎.

‎၂။ ကိုယ်က “ ကယ်တင်ရှင်” မဟုတ်ပါ။

‎အပူတွေ ကူးစက်လာရတဲ့ အဓိကအကြောင်းရင်းက တစ်ဖက်လူရဲ့ပြဿနာကို ကိုယ်ကပဲ အကုန်ဖြေရှင်းပေးလိုက်ချင်တဲ့ စိတ်ကြောင့်ပါ။ တကယ်တော့ နားထောင်ပေးသူရဲ့ တာဝန်က တစ်ဖက်လူ စိတ်ပေါ့သွားအောင် “ နေရာလွတ်” လေးတစ်ခု ဖန်တီးပေးလိုက်ဖို့ပဲ ဖြစ်ပါတယ်။

‎” ငါ ဘာလုပ်ပေးရမလဲ” ဆိုတဲ့ အတွေးထက်
‎” ငါ ဘယ်လို သေချာ နားထောင်ပေးမလဲ” ဆိုတာကိုပဲ အာရုံစိုက်ပါ။
‎.

‎၃။ ကိုယ့်ရဲ့ “ စိတ်စည်း” လေးကို သတိထားပါ။

‎တစ်ခါတလေ ကိုယ်တိုင်က ပင်ပန်းနေချိန်မှာ သူများအပူကို သွားနားထောင်ပေးရင် အပူကူးဖို့ ပိုလွယ်ပါတယ်။ အဲဒီအခါမျိုးမှာ “ အခုတော့ ငါ သေချာ နားမထောင်ပေးနိုင်သေးဘူး” လို့ ပြောဖို့ကိုလည်း အားမနာပါနဲ့။ ကိုယ့်ရဲ့ စွမ်းအင် Battery လေး ပြည့်နေမှသာ ကျွန်မတို့က တစ်ဖက်လူကို ကူညီနိုင်မှာဖြစ်ပါတယ်။

ကိုယ့်စိတ်လေး လက်ရှိ ဘယ်လိုရှိနေလဲဆိုတာကို အမြဲ သတိကပ်ပေးပါ။
‎.

‎၄။ နားထောင်ပေးပြီးရင် အပူတွေကို ခါချလိုက်ပါ။

‎ကိုယ်ဟာ အမှိုက်ပုံးတစ်ခု မဟုတ်ပါဘူး။ ‎စကားပြောလို့ ပြီးသွားပြီဆိုရင် အဲဒီအကြောင်းတွေကို ခေါင်းထဲမှာ ဆက်တွေးမနေပါနဲ့။ အခြားတစ်ခုနဲ့ အာရုံပြောင်းပါ။

ကိုယ့်စိတ်အမှိုက်ကိုလည်း ပြန်သွန်ချပါ။

‎လက်တွေ့လုပ်လို့ရတဲ့ နည်းလမ်းလေးအချို့ကတော့

‎✓ စိတ်ကို ခါထုတ်ပါ။
‎စကားပြောပြီးတာနဲ့ လက်ကို ရေဆေးတာ ဒါမှမဟုတ် ကိုယ်ပေါ်က ဖုန်တွေကို ခါထုတ်လိုက်သလိုမျိုး လက်နဲ့ ပုတ်ခါလိုက်ပါ။ “ ဒါဟာ သူ့ကိစ္စ၊ ငါကတော့ ငါ့ဘဝထဲ ပြန်ရောက်သွားပြီ” လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

‎✓ပတ်ဝန်းကျင် ပြောင်းပါ။
‎စကားပြောခဲ့တဲ့ နေရာကနေထွက်ပြီး လမ်းခဏလျှောက်တာ၊ သစ်ပင်လေးတွေကို ကြည့်တာမျိုး လုပ်ပေးပါ။

‎✓ ကိုယ့်ကိုယ်ကိုယ် ပြန်ချိတ်ဆက်ပါ။
‎” အခု ငါ ဘာအရောင်ကို မြင်နေရသလဲ။ ဘာအသံကို ကြားနေရသလဲ” လို့ အာရုံငါးပါးကို ပြန်သတိကပ်ပြီး ကိုယ့်ရဲ့ပစ္စုပ္ပန်ဆီကို ပြန်လာပါ။
‎.

‎ကိုယ့်ရဲ့စိတ်မှာ‌ ခံယူထားစေချင်တာကတော့‌ ကိုယ်ချင်းစာတရားဆိုတာ သူ့အပူကို ကိုယ့်အပူလုပ်တာ မဟုတ်ဘဲ သူ့အပူထဲမှာ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိအောင် လုပ်ပေးတာမျိုးပါ။ တစ်ပါးသူကို ကူညီဖို့ဆိုရင် ကိုယ်တိုင်က စိတ်ကလေး ကျန်းမာနေဖို့ လိုပါတယ်။

‎ဒါမှသာလျှင် ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ မထိခိုက်စေတဲ့၊ နှလုံးသားနဲ့ နားထောင်ပေးသူစစ်စစ်များ ဖြစ်လာနိုင်မယ် မဟုတ်ပါလားရှင်….။

‎သင်၏ စိတ်ကလေး ကျန်းမာစေဖို့
‎ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here