ဖေဖေ မေမေတို့ရေ….
ကိုယ့်ရဲ့ကလေးလေးကို အကောင်းဆုံး ပျိုးထောင်ပေးချင်တာဟာ မေမေတို့၊ ဖေဖေတို့ရဲ့အနှိုင်းမဲ့ မေတ္တာတွေပါ။
ဒါပေမယ့် ပိုးလိုဥထားရတဲ့ နုနုနယ်နယ် ကလေးငယ်ကို ငယ်ရွယ်စဉ်မှာ screen (တီဗီ၊ တယ်လီဖုန်း၊ ကွန်ပြူတာ စသည်တို့) ပြသခြင်းဟာ ကန့်သတ်သင့်တဲ့ အရာတစ်ခုဆိုတဲ့အကြောင်းကိုတော့ အသိပေးပြောပြပါရစေနော်။
” မွေးစကနေ တစ်နှစ်ခွဲအထိ ကလေးငယ်လေးတွေကို ဘာ screen မှ မပြသင့်ပါဘူး” တဲ့။
သုတေသနစာတမ်းတွေအရ မွေးစကနေ ၆ လလောက်ထိ ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာ ငိုပြီဆိုရင် ဗိုက်ဆာလို့၊ ရှူးစိုလို့၊ အီးပေလို့၊ ဗိုက်နာလို့၊ လေထလို့၊ အိပ်ချင်လို့ စတဲ့အကြောင်းရင်းတွေကြောင့်သာ ဖြစ်ရပါတယ်။ ဒီတော့ အဲဒီပြဿနာတစ်ခုခုကို ဖြေရှင်းပေးလိုက်တာကသာ အငိုတိတ်စေမယ့်အဖြေ ဖြစ်ပါတယ်။
တအားငယ်သေးတဲ့အချိန်မှာ မျက်လုံးရဲ့အမြင်အာရုံက မပြည့်စုံသေးပါဘူး။ Screen မှာ ပေါ်တာတွေကို ကောင်းစွာမမြင်ရသေးသလို ဘာလဲဆိုတာကို မသိကြသေးပါ။ သူတို့အနေနဲ့ ဘာရသွားသလဲဆိုတော့ ပုံရိပ်တွေ မြန်မြန်ကြီး လှုပ်ရှားပြောင်းလဲနေတာတွေကို လိုက်ခံစားမိပြီး စိတ်လှုပ်ရှားတာမျိုးသာ ဖြစ်နိုင်ပါတယ်။ အလင်းရောင်ကြောင့် အိပ်ချင်စိတ်လျော့ကျပြီး ကောင်းကောင်းအိပ်မပျော်တာလည်း ဖြစ်နိုင်ပါတယ်။
လူကြီးတွေကလည်း ကလေးထိန်းတဲ့အခါ မိမိကိုယ်တိုင်ရဲ့ screen time ကို ထိန်းချုပ်သင့်၊ ကန့်သတ်သင့်ပါတယ်။ ကလေးတွေကိုတော့ မပြဘူး ဒါပေမယ့် ကလေးက သူ့ဘာသာသူ ဟိုလုပ်ဒီလုပ်ဆိုရင် လူကြီးတွေလည်း ပျင်းတော့ ဖုန်းကြည့်တတ်ကြပါတယ်။ တစ်ခုခုကို အာရုံစိုက်ပြီဆို လူ့မျက်နာက တည်သွားရော။ ဒီတော့ ဖုန်းကြည့်တဲ့အခါ ကလေးနဲ့ အပြန်အလှန် ချော့မြှူထိန်းပေးတာ (reaction လုပ်တာ) မရှိဘဲ ရုတ်တရက်တည်သွားတော့ ကလေးက ဘာဖြစ်မှန်းမသိဘဲ အုပ်ထိန်းသူ တစ်ခုခုခံစားရပြီလို့ မှတ်ယူတတ်သလို မလုံခြုံတော့ဘူးလို့လည်း ကလေးအနေနဲ့ ခံစားရလွယ်စေပါတယ်။
ကလေးတစ်ယောက်ရဲ့ သင်ယူနိုင်မှုဟာ စိတ်လုံခြုံမှု ဆိုတဲ့ အခြေခံစိတ်ဖြစ်နေမှသာ ကောင်းစွာသင်ယူပြီး ဦးနှောက်က မှတ်သားနိုင်ပါတယ်။ ဒါကြောင့် လသားအရွယ်ကလေးငယ်ကို ဖုန်းမပြ၊ တီဗီမပြပါနဲ့။ ဘေးမှာ ကလေးရှိနေရင် မိမိရဲ့မျက်နှာအမူအရာကိုလည်း သတိထားပါ။
…
…
အသက် ၆ လကနေ ၁၄ လ အထိ ကလေးတွေမှာတော့ screen ထဲက သူတို့မြင်တာတစ်ခုခုကို အတုခိုးလုပ်တတ်လာပါပြီ။ ဒါပေမယ့် video call က လွဲလို့ screen time မပေးသင့်သေးပါဘူး။ စာရေးသူရဲ့ ကလေးဆိုရင် အဘွားနဲ့ video call ပြောရင်း ချိုမိုင်မိုင်ကို သင်ပေးတာ လိုက်လုပ်ပါတယ်။ နောင်ကိုလည်း “ ချိုမိုင်မိုင်လုပ်ပါဦး” ဆို လုပ်ပြရှာပါတယ်။
တစ်နှစ်ခွဲ ဖြစ်လာပြီဆိုရင်တော့ ကလေးတွေက အစီအစဉ်ကို မှတ်တတ်လာပြီဖြစ်တာကြောင့် ဘာပြီးရင်ဘာလာမယ် သိနေကြပြီး စိတ်ဝင်တစား ဖြစ်နေပါပြီ။ ၂ နှစ်အရွယ်မှာတော့ ကလေးတွေဟာ ကောင်းစွာနားလည်နိုင်လာကြပါပြီ။
ဒါကြောင့် ကာတွန်းပြတာဖြစ်ဖြစ်၊ စာသင်တာတွေဖြစ်ဖြစ်၊ ဘာပဲပြပြ ၂ နှစ်မတိုင်ခင်မှာ ကလေးက နားမလည်နိုင်သေးတဲ့အတွက် ကောင်းကျိုးနည်းပြီး မလိုအပ်ဘဲ စိတ်လှုပ်ရှားတာ၊ အာရုံကြာကြာမစိုက်နိုင်တာ စတဲ့ဆိုးကျိုးတွေသာ ပိုများပါတယ်။
ကလေးကို တစ်ခုခုပြမိပြီးသွားရင် ဖြတ်ဖို့ဆိုတာ အလွန်ခက်ပါတယ်။ အထူးသဖြင့် ပြနေကျဖြစ်သွားရင် screen စွဲသွားရင်ပေါ့။ ကလေးကို screen time ပေးမိပြီး အပြစ်ရှိသလို မဖြစ်အောင်၊ ကလေးဖွံ့ဖြိုးမှု မထိခိုက်အောင် ဘေးကနေ တူတူကြည့်ပေးပြီး ဘာကဘာလဲဆိုတာကို ဘေးက ရှင်းပြပေးတာမျိုး၊ ကြော်ငြာဝင်ရင်လည်း “ ဒါက ကြော်ငြာဝင်လာလို့ ခဏစောင့်ရတာ” ဆိုပြီး ရှင်းပြတာမျိုး လုပ်နိုင်ပါတယ်။
…
…
ကလေးဆိုတာ ဘယ်အသက်အရွယ်မဆို ထိန်းရတာ သူ့ပင်ပန်းမှုနဲ့ သူပါ။ ကလေးကိုလည်း တောက်လျှောက်ကြည့်ရ၊ အိမ်အလုပ်တွေလည်း လုပ်စရာတစ်ပုံတစ်ပင်နဲ့ မိဘတွေခမျာ ဖတ်ဖတ်မောရပါတယ်။
ကလေးက လမ်းမလျှောက်တတ်သေးရင် သူ့ကို ချီပိုးထားရင်း၊ ပုခက်လှည်းလေး လှုပ်ပေးရင်း ကလေးသီချင်းလေး ဆိုပြတာဖြစ်ဖြစ်၊ အသံဖွင့်ထားပေးတာဖြစ်ဖြစ်နဲ့ တစ်ဖက်မှာလည်း အလုပ်လေးလုပ်ရင်း ဒီလိုပဲ ဖြတ်သန်းကြရတာပါ။
ကြီးလာလို့ လမ်းလျှောက်သင်ရင်လည်း လဲကျခိုက်မိမှာကို စက္ကန့်မလပ် ကြည့်ပေးရသလို လမ်းလျှောက်တတ်သွားပြန်ရင်လည်း ဟိုပေါ်တက်၊ ဒီကိုဆင်းနဲ့မို့ ကလေးတစ်ယောက်ထိန်းရင်း အိမ်အလုပ်တွေပါ လုပ်ရတာ မလွယ်ပါဘူး။ ဒါပေမယ့် ကလေးအငိုတိိတ်အောင်၊ ကလေးငြိမ်အောင် screen ပြတာမျိုးကို ရှောင်သင့်ပါတယ်။
မြင်သာအောင်တွေးကြည့်မယ်ဆိုရင် အိမ်ကိုသပ်ရပ်အောင် တစ်ဖက်မှာ အမေကလှည်းကျင်းနေတဲ့အချိန် ကလေးကတော့ Screen ကိုကြည့်ရင်း ငြိမ်သက်ပြီး ခေါ်မရတဲ့မြင်ကွင်းထက် ရှုပ်ပွနေတဲ့ အိမ်တစ်လုံးထဲ အပြန်အလှန် ရယ်မောပြီး ဆော့နေတဲ့ သားအမိရဲ့မြင်ကွင်းက ပိုသာယာဖွယ်ဖြစ်မှာပါ။
အိမ်အလုပ်ဆိုတာ မပြီးနိုင်သော များပြားလှသောပါ။ ဒါပေမယ့် ပြန်မရနိုင်တဲ့ ကလေးရဲ့ငယ်ဘဝဖြစ်တဲ့အပြင် တစ်ဘဝလုံးရဲ့ ဦးနှောက်အဖွံ့ဖြိုးဆုံးအချိန်မှာတော့ အိမ်ထဲရှုပ်ပွနေလို့ ဧည့်သည်တွေ အပြစ်တင်မယ်ဆိုရင်လည်း တင်ကြပါစေ။ တစ်ခုလိုချင် တစ်ခုပေးဆပ်ရမှာပဲလို့တွေးရင်း တတ်နိုင်တဲ့ဘက်က သားသားမီးမီးတို့ကို အချိန်ပေးပါ။ မေမေ၊ ဖေဖေတို့ပေးနိုင်တဲ့ အကောင်းဆုံး ကစားစရာက မေမေ၊ ဖေဖေတို့ရဲ့အချိန်တွေပါပဲနော်….။
Ref : 📖
https: // pmc . ncbi . nlm . nih . gov /articles / PMC5823000 /
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


