၂၀၂၂ နဲ့ ၂၀၂၃ စပ်ကူးမတ်ကူးကာလမှာ ကန့်ဘလူ ချာချင်ဆေးရုံကို ရောက်ခဲ့တယ်။
မြွေပွေးအပေါဆုံးကတော့ မြန်မာပြည်မှာ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း အပူပိုင်းဒေသတွေပေါ့။
ချာချင်လည်း အပါအဝင်ပေါ့လေ။ မြွေပွေးကိုက်လူနာတွေ အများကြီးတွေ့ခဲ့ ကုခဲ့ရတာပေါ့။ မြွေပွေးကိုက်လူနာတွေ အများဆုံးသေကြတာက ရှေးဦးသူနာပြုစုနည်း မမှန်တာရယ်၊ ဆေးရုံကို စောစောမရောက်လို့ မြွေဆိပ်ဖြေဆေး စောစောမရတာရယ် အဲဒီနှစ်ခုက အဓိကပဲဗျ။
ချာချင်ဆေးရုံကိုရောက်ပြီး နှစ်ဝက်လောက်မှာပဲ ဓားဆရာဝန်ဆိုတော့ ခွဲစိတ်ကုသမှုတွေက ရာကျော်သွားပြီ။ ရလဒ်တွေက ကောင်းပါတယ်။ လက်ခံနိုင်ဖွယ်ပေါ့။ OG နဲ့မဆိုင်တာတွေပါ ခွဲရတာဆိုတော့ အဖိတ်အစဉ်တော့ ရှိသပေါ့။ လက်ခံနိုင်ဖွယ်ပါပဲ။
ဒါပေမယ့် မြွေပွေးကိုက်လူနာတွေကျတော့ ငါးဆယ်လောက်မှာ ဆယ်ယောက်လောက် သေတယ်။
လက်မခံနိုင်ဖွယ် ရလဒ်ပဲ။ ငါများ ဘာမှားနေသလဲ ဆန်းစစ်ကြည့်လိုက်တော့ ဘာမှမမှားဘူး။ မြွေဆိပ်ဖြေဆေးတစ်လုံးကို သောင်းဂဏန်းကြီးကြီးပေးရတာကို dose အပြည့် အလကားထိုးပေးနိုင်တယ်။ အလှူရှင်သပ်သပ်ကို ရှိတာ။ BPI တော့ မရဘူးပေါ့လေ။ India made ပဲရတယ်။ လူနာတစ်ယောက်ကို လိုအပ်လာရင် ၁၆ လုံးထိုးတယ်။ သိန်းဆယ်ဂဏန်းကျော်တာပေါ့။
တစ်ပြားမှ မတောင်းခဲ့ပါဘူး။ အလှူရှင်ကလည်း လိုသမျှ၊ တောင်းသမျှ ပေးတယ်။ ဒါပေမယ့် ကိုက်ခံရမှုနှုန်းနဲ့ သေဆုံးမှုနှုန်းမှာ သေဆုံးမှုနှုန်းက များနေတယ်။ အလှူရှင်ကို အားနာလာတယ်ဗျာ။
အလှူရှင်နဲ့တော့ တစ်ခါမှ မျက်နှာချင်းဆိုင် မဆုံဖူးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပုဗ္ဗ၊ မုံစ၊ ပရ စေတနာတွေကို မပျက်စီးသွားစေချင်ဘူးလေ။
သူ့အလှူကြောင့် မြွေပွေးကိုက်လူနာတွေအားလုံး ရှင်သွားပါတယ်လို့ report တက်ချင်တာပေါ့။ ဒါပေမယ့် အဲဒီလိုမဖြစ်ဘူး ဖြစ်နေတယ်။
အဓိကပြဿနာက လူနာတွေက စောစောမလာတာ ရယ် (သိန်းဆယ်ချီတန်တဲ့ မြွေဆိပ်ဖြေဆေးကို အလကားထိုးပေးနေတာတောင်မှနော်) နဲ့ ကျွန်တော် ကျောက်ကပ်မဆေးတတ်တာရယ် ဒီနှစ်ခုထဲပါပဲ။
အဲဒီတော့ သူတို့စောစောလာအောင် လုပ်ရမလား၊ ကျွန်တော် ကျောက်ကပ်ဆေးတတ်အောင် သင်ရမလား။ ဒါပဲစဉ်းစားစရာ ရှိတော့တယ်လေ။
ကျွန်တော် ကျောက်ကပ်ဆေးတတ်အောင် သင်ဖို့က အချိန်အရင်းအနှီး သုံးလ၊ ပိုက်ဆံအရင်းအနှီး သိန်းထောင်ကျော်ကုန်မယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဆိုတော့ သူတို့စောစောလာအောင်ပဲ ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့ရပါတယ်။
ကျွန်တော် ဘာလုပ်လိုက်သလဲဆိုတော့ မြွေကိုက်ပြီး ၂၄ နာရီအတွင်း မရောက်လာသူများအားလုံးကို လက်ခံကုသမပေးပါလို့ ပြတ်ပြတ်သားသား ငြင်းလိုက်ပါတယ်။
အရပ်ထဲက မွေးရာပါ တော်တတ်လာကြတဲ့ မြွေဆရာဆိုသူတွေကို စိန်ခေါ်လိုက်တာ။ မင်းတို့ကုနိုင်တယ်ထင်ရင် အစအဆုံး တာဝန်ယူ။ သေခါနီးမှ မြွေဆိပ်ဖြေဆေးထိုးဖို့ဆိုပြီး ငါ့ဆီကို လာမလွှဲနဲ့ ။ ဘောပဲလို့။
လူနာ နှစ်ယောက်၊ သုံးယောက်လောက်ကိုတော့ အဆုံးရှူံးခံလိုက်ရတယ် ထင်တာပဲ။ မဟုတ်လည်း သေမယ့်သူတွေပါပဲ။ မြွေဆိပ်ဖြေဆေးနဲ့ ပြန်ကောင်းမယ့်အဆင့်မှ မဟုတ်တော့တာ။ ကျောက်ကပ်ဆေးရမယ့် အဆင့်ရောက်နေပြီလေ။
လက်မခံဘူး။ လွှဲပစ်လိုက်တယ်။ အဲဒီနောက်တော့ မြွေပွေးကိုက်လို့ သေတဲ့သူ သိသိသာသာနည်းသွားတယ်။
(မြွေကိုက်လူနာကို ရှေးဦးပြုစုနည်းနဲ့ နောက်ထပ်အသေးစိတ်ကို အောက်မှာဆက်ဖတ်ပါဗျ)
ဟိုအရင်က ရေးခဲ့တာလေးပါ။
👇👇👇
…
…
တစ်ခုပြောပြမယ်။ အရပ်ထဲက မြွေဆရာဆိုတဲ့လူတွေကို ကျွန်တော် မအလနဲ့ တစ်တန်းထဲထားပြီးကို မုန်းပါတယ်ဗျ။
မြွေပွေးအန္တရာယ်၊ သိမှတ်ဖွယ်
မြွေပွေးကိုက်ခံရနိုင်သော၊ ကျေးလက်တောရွာတွင် နေထိုင်ကြကုန်သော၊ တောင်သူလယ်လုပ်ဓားမခုတ် အလုပ်ကို လုပ်ကိုင်ကြကုန်သော၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေး အပေါင်းတို့ခင်ဗျား။ မြွေပွေးအစစ်က ခင်ဗျားတို့ကို မိမိရရ ကိုက်ခဲ့လျှင် မြွေဆိပ်ဖြေဆေးအပါအဝင် အခြားမှန်ကန်ထိရောက်သော ကုသမှုများကို အကိုက်ခံရပြီး နာရီပိုင်းအတွင်း စောနိုင်သမျှစောစွာ နေ့မကူးမီ ဆေးပေးခန်း၊ ဆေးရုံများသို့ အလျင်အမြန် လာရောက်ကုသမှု ခံယူသင့်ပါသည်။ သို့မဟုတ်ပါက အကိုက်ခံရပြီး သုံးရက်မှ ဆယ်ရက်အတွင်း အသက်ဆုံးရှုံးနိုင်ပါသည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည် ဟူသောဆိုရိုးစကား ရှိပါသည်။ မြွေပွေးအန္တရာယ်ကို ကာကွယ်ရန်အတွက် မြွေရှိနိုင်သော လုပ်ငန်းခွင်သို့ ဝင်သောအခါ ရာဘာလည်ရှည် ဖိနပ်များ ရာဘာလက်အိတ်ရှည်များ ဝတ်ဆင်ခြင်း၊ မြွေခိုအောင်းနိုင်သော နေရာများသို့မသွားမီ တုတ်ရှည်ရှည်ဖြင့် ရိုက်ပုတ်အသံပေး ခြောက်လှန့်ခြင်းများ ပြုလုပ်သင့်ပါသည်။
မြွေကိုက်ခံရပါက လွယ်ကူလျှင် ကိုက်သောမြွေကို ရှာဖွေရိုက်သတ်၍ လူနာနှင့်အတူ တစ်ပါတည်းယူဆောင်ခဲ့ရန် ဖြစ်ပါသည်။ သို့သော် ကိုက်သောမြွေကို ရှာဖွေနေခြင်းကြောင့် လူနာကို ဆေးရုံပို့ဖို့စီစဉ်ရန် ကြန့်ကြာမနေသင့်ပါ။ မြွေကိုပါ ယူဆောင်လာနိုင်လျှင် ပိုကောင်းသော်လည်း လူနာဆေးရုံသို့ အမြန်ဆုံးရောက်လာဖို့က ပိုအရေးကြီးပါသည်။
နောက်ထပ်အရေးကြီးသောအချက်မှာ မြွေကိုက်လူနာသည် တတ်နိုင်သမျှ ငြိမ်ငြိမ်နေရန် ဖြစ်ပါသည်။ မြွေကိုက်ခံရချိန် အနီးအနားတွင် ကူညီမည့်သူရှိပါက ထိုင်ချလိုက်ပြီး အော်ဟစ်အကူအညီတောင်းပါ။ လုံးဝ လမ်းမလျှောက်ပါနှင့်။ မြွေကိုက်ဒဏ်ရာကို ဓားဖြင့်ခွဲခြင်း၊ ပါးစပ်ဖြင့်စုပ်ထုတ်ခြင်း၊ ဆေးလိပ်မီးဖြင့်တို့ခြင်း စသည်တို့ကို လုံးဝမလုပ်ရပါ။ မြွေကိုက်ဒဏ်ရာကို ရေများများနှင့် ဆေးကြောပါ။ ရနိုင်သောအဝတ်သန့်သန့်ကို ထူထူခေါက်ပြီး မြွေကိုက်ဒဏ်ရာပေါ်တွင် ဖိ၍တင်ပါ။ အပေါ်မှ အဝတ်စနောက်တစ်ခုဖြင့် ပတ်တီးစည်းသလို စည်းနှောင်ပါ။ အကိုက်ခံရသော လက် သို့မဟုတ် ခြေထောက်ကို အကွေးအဆန့် မပြုလုပ်နိုင်စေရန် တုတ်ချောင်း သို့ ဝါးလုံးရှည်ရှည်ဖြင့် (တံတောင်ဆစ် သို့ ဒူးဆစ်ကိုပါ ချုပ်နိုင်လောက်သောအရှင်ဖြင့်) ကပ်၍စည်းနှောင်ပါ။ သွေးမလျှောက်နိုင်သည်အထိ အတင်းအကျပ် အားကြီးဖြင့် မစည်းရပါ။ ဤကား မြွေကိုက်လူနာအတွက် ရှေးဦးပြုစုကုသနည်း ဖြစ်ပါသည်။
ပြီးလျှင်တော့ မြွေဆိပ်ဖြေဆေးရှိရာ ဆေးရုံဆေးခန်းသို့ လူနာကို အလျင်အမြန် ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ လူနာကိုတတ်နိုင်သမျှ လုံးဝ (လုံးဝ) လမ်းမလျှောက်စေရပါ။ ထမ်းစင် သို့ လှည်း သို့ ထော်လာဂျီ သို့ ကား၊ ဆိုင်ကယ်တို့ဖြင့် သယ်ဆောင်လာရန် ဖြစ်ပါသည်။ အဆိပ်ရှိသောမြွေ ဟုတ်/မဟုတ်၊ မြွေဆိပ်ဖြေဆေးထိုးပေးရန် လို/မလို ဆုံးဖြတ်ရန်သည် ကျွန်တော်တို့တာဝန် ဖြစ်ပါသည်။ လူနာနှင့် လူနာရှင်တို့၏တာဝန်မှာ အထက်ဖော်ပြပါ ရှေးဦးပြုစုကုသနည်းများကို အပိုအလိုမရှိ အတိအကျပြုလုပ်ပြီး ကျွန်တော်တို့ဆီသို့ အမြန်ပို့ဆောင်ရန်ဖြစ်ပါသည်။
အဆိပ်မရှိသော မြွေဖြစ်ပါစေဦး။ သွားချေးဆိပ်တော့ တက်နိုင်ပါသေးသည်။ ရှင်းပါအံ့။ မြွေများသည် လူကိုမကိုက်မီ သွားမတိုက်ကြပါ။ ပါးစပ်သန့်ဆေးရည်ဖြင့် ပလုပ်မကျင်းကြပါ။ အဆိပ်မရှိ၍ အစွယ်မှနေပြီး မြွေဆိပ်များကို ဆေးထိုးအပ်ဖြင့်ထိုးသလို ထိုးမသွင်းနိုင်သော်လည်း မြွေပါးစပ်အတွင်းရှိ သွားချေးပိုးများဝင်ပြီး အကိုက်ခံရသောနေရာတွင် အသားဆွေးအနာ ဖြစ်နိုင်ပါသေးသည်။ မေးခိုင်ကာကွယ်ဆေးနှင့် ပိုးသတ်ဆေး အရပ်အခေါ် မန်းဆေးများပေးရန် လိုအပ်ပါသေးသည်။
ကျွန်တော်တို့ကတော့ မြွေကိုက်လူနာတစ်ယောက် ရောက်ရှိလာပါက မြွေပါလာသည်ဖြစ်စေ၊ မပါလာသည်ဖြစ်စေ (တစ်ခါတစ်ရံ ကိုက်လိုက်သောအကောင်သည် မြွေ ဟုတ်/မဟုတ်ပင် မသိသူများရှိ) အဆိပ်ရှိမြွေ (အဓိက မြွေပွေးပေါ့) ကိုက်ခံရသည်ဟု မှတ်ယူ၍ စောင့်ကြည့်ကုသပါသည်။
ပထမဆုံးကတော့ သွားချေးဆိပ်ကြောင့် အကိုက်ခံရသောနေရာတွင် အသားဆွေးနာ မဖြစ်အောင် ပိုးသတ်ဆေးပေးပါသည်။ တချို့လူနာများတွင် အလွန်နာကျင်သော ဝေဒနာကို ခံစားရတတ်ပါသည်။ အနာသက်သာရန်အတွက် ဆေးဆိုင်တိုင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်သော NSAID အုပ်စုဝင်ဆေးများ ဥပမာ diclofanac စသည်တို့ကို မသုံးပါ။ ကျောက်ကပ်ထိခိုက်နိုင်ပါသည်။ နောက်ပိုင်းတွင် အကျယ်တဝင့် ရှင်းပြပါမည်။ အနာသက်သာရန်အတွက် ရေခဲကပ်ခြင်း၊ မှိန်းပြီး ခံစားရကောင်းသွားပြီး နတ်ပြည်ရောက်သလို ခံစားရစေသောဆေး (narcotics analgesic) များ ဥပမာ tramadol ကို သုံးပါသည်။
ပြီးလျှင်တော့ မြွေဆိပ်တက်ခြင်းရှိ/မရှိကို လူနာ၏ဆီးထွက်နှုန်း၊ သွေးခဲခြင်းရှိ/မရှိ၊ ဆီးအတွင်းအသားဓာတ်များ ပါဝင်လာခြင်းရှိ/မရှိ စသည်တို့ကို တစ်နာရီခြားတစ်ခါ သို့ လိုအပ်သော အချိန်အပိုင်းအခြားအလိုက် စောင့်ကြည့်စစ်ဆေးပါသည်။ ဤသို့လုပ်ရန်လိုသောလူနာမှာ မြွေကိုက်ပြီးပြီးချင်း နာရီပိုင်းအတွင်း နေ့မကူးမီ ရောက်လာသော၊ မြွေကိုက်ခံရသော ဒဏ်ရာမှအပ အကောင်းပကတိအတိုင်း ရှိနေသေးသော လူနာများကိုဆိုလိုပါသည်။
မြွေကိုက်ခံရပြီးချင်း ရောက်မလာဘဲ စုပ်ပေါက်၊ တွင်ခုတ်၊ ရေမန်း၊ ထုံးမန်း ရမ်းကုများထံတွင် နှစ်ရက်သုံးရက် ဝဲလည်ပြီးမှ မျက်ဖြူသားများနီရဲ၊ ဆီးမထွက်၊ သွေးပေါင်တိုင်းမရ၊ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသော လူနာများကို မဆိုလိုပါ။ ၎င်းလူနာများကိုတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ရှိရာ၊ ကျောက်ကပ်ဆေးစက်ရှိရာ၊ အထူးကုသမားတော်ကြီးများရှိရာ၊ အဆင့်မြင့်ဓာတ်ခွဲခန်းကြီးရှိရာ ဆေးရုံကြီးများသို့သာ လွှဲလိုက်ချင်ပါသည်။ ကျွန်တော့်ဆီမှာဆို သေဖို့များပါပြီ။
မြွေပွေးကိုက်လူနာကို ကုရသည်မှာ အချိန်မီဖို့ အင်မတန်အရေးကြီးပါသည်။ အစကနေပြန်ကောက်ရရင် မြွေကိုက်ခံရပြီး နေ့မကူးမီ ရောက်လာသောလူနာများ ရောက်ရောက်ချင်း မေးခိုင်ကာကွယ်ဆေး ထိုးပါမည်။ ပိုးသတ်ဆေး မန်းဆေးထိုးပါမည်။ နာလျှင် အနာသက်သာဆေး ထိုးပါမည်။ ပြီးလျှင် မြွေဆိပ်တက်ခြင်း ရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပါမည်။ နှစ်ဆယ့်လေးနာရီကျော် စောင့်ကြည့်ပြီး မြွေဆိပ်တက်သော လက္ခဏာများ မတွေ့ရလျှင် အဆိပ်ရှိမြွေ မဟုတ်ပါ။ သောက်ဆေးများ ပြောင်းပေးပြီး ဆေးရုံမှ ဆင်းပေးလိုက်ရုံပဗျာ။
မြွေပွေးဆိပ်တက်သော လက္ခဏာများ တွေ့ရှိပါက မြွေဆိပ်ဖြေဆေးကို ရှစ်လုံးမှ ဆယ့်ခြောက်လုံးအထိ လိုအပ်သလို ထိုးပေးရပါသည်။ မြွေဆိပ်ဖြေဆေးများသည် ဆေးနှင့် ဓာတ်မတည့်သောဖြစ်စဉ် အရပ်အခေါ် ဆေးမှားခြင်း၊ ဆေးရှော့ဖြစ်ခြင်း ပြဿနာတက်နိုင်ခြေ အလွန်များသည့်အတွက် ဖြေဆေးများကြိုတင်ထိုးထားခြင်း၊ အရံသင့်ဆောင်ထားခြင်းများ ပြုလုပ်ပြီးမှ ဖြည်းဖြည်းချင်း ထိုးထည့်ရပါသည်။
မြွေပွေးအဆိပ်တက်သော လူနာများသည် တောင်သုံးတောင်ကို ကျော်ရပါသည်။
၁။ အကိုက်ခံရသောနေရာတွင် သွားချေးပိုးဆိပ်တက် အသားဆွေးနာဖြစ်ပြီး ထိုမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပိုးဆိပ်ပျံ့ အသက်ဆုံးခြင်း (septicemia)
၂။ မြွေပွေးအဆိပ်က သွေးခဲခြင်းဖြစ်စဉ်ကို ပျက်စီးစေပြီး ဒွါရကိုးပေါက်မှ သွေးများယိုစီး (မျက်စိတွင်အများဆုံးတွေ့ပြီး မျက်စိနီ) ပြီး သွေးပေါင်ကျ သေဆုံးခြင်း (Disseminated Intravascular Coagulation)
၃။ အထက်ပါ နှစ်တောင်ကို ပိုးသတ်ဆေး၊ မြွေဆိပ်ဖြေဆေးတို့နှင့် ကျော်နိုင်ပြီးလျှင်တောင်မှ မြွေပွေးအဆိပ်သည် ကျောက်ကပ်ကို တစ်ပတ်ဆယ်ရက်ကြာ ပျက်စီးစေပြီး ဆီးလုံးဝမထွက်အောင် ဖြစ်စေနိုင်ပါသည်။ ထိုဆယ်ရက်အတွင်း ကျောက်ကပ် မဆေးနိုင်ပါက သေပါသည် (uraemia due to acute renal failure)
ကျောက်ကပ်ဆေးတယ်ဆိုတာက ကျွန်တော်မလုပ်တတ်ပါဘူး။ လုပ်စရာ စက်ပစ္စည်းကိရိယာလည်း မရှိပါဘူး။ ဒါကြောင့် အမြန်လာခဲ့ဖို့ ပြောတာပါ။ စောစောရောက် မြွေပွေးဆိပ်တွေ ကျောက်ကပ်မှာ သွားဒုက္ခမပေးမီ သွေးထဲမှာမျောနေတုန်း မြွေဆိပ်ဖြေဆေးထိုးနိုင်ခဲ့ရင် တတိယတောင်ကို ကျော်စရာမလိုတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
ပြည်သူလူထုကြီးတစ်ရပ်လုံး မြွေပွေးအန္တရာယ်မှ ကင်းဝေးကြပါစေ.....။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

