“ စိတ်ကျန်းမာရေးနှင့် Stigma”
✅ Stigma ဆိုတာဘာလဲ။
Stigma ဆိုတာ “ စိတ်ရောဂါ ဝေဒနာခံစားနေရသူ၊ စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို အားနည်းသူ၊ အန္တရာယ်ရှိသူ၊ ပြဿနာရှာသူ” အဖြစ် အထင်မှားပြီး ရှောင်ကြဉ်တာ၊ ကဲ့ရဲ့တာ၊ နှိမ့်ချတာ၊ ခွဲခြားဆက်ဆံတာ စတဲ့ အပြုအမူတွေလုပ်ခြင်းကို ဆိုလိုပါတယ်။
ဥပမာ . . .
- “ စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်ဓာတ်ပျော့ညံ့လို့
- “ ဒီလိုလူမျိုးနဲ့ မပေါင်းနဲ့၊ “ စိတ်ပေါင်းကိုယ်ခွာနေ”
- “ စိတ်ရောဂါဆိုတာ ကူးတတ်တယ်”
- “ စိတ်ရောဂါသည်ဆိုတာ အချိန်မရွေး အန္တရာယ်ရှိတယ်” စသဖြင့် အမှတ်မှားကာ ဖယ်ကြဉ်ကြတာမျိုးပါ။
တချို့စိတ်ရောဂါတွေဟာ မျိုးရိုးလိုက်တတ်တာမျိုးရှိပေမယ့် ကူးစက်တတ်တဲ့ရောဂါတော့ မဟုတ်ပါဘူး ။
တကယ်တော့ စိတ်ဝေဒနာ ခံစားရသူတွေဟာ ရောဂါအပြင် ဒီလို လူမှုရေးအထင်လွဲမှု (Stigma) ကြောင့် ပိုပြီး စိတ်ထိခိုက်ခံစားရတတ်ပါတယ်။
ဒီ stigma ဟာ မိသားစု၊ ကျောင်းနဲ့ လုပ်ငန်းခွင်တွေမှာပါ ကြုံလာရင်တော့ စိတ်ဒဏ်ရာတွေပါ ရလာနိုင်တာပေါ့။
…
…
✅ Stigma ရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။
- အကူအညီ မယူရဲတော့တာ
စိတ်ကျန်းမာရေး ပြဿနာရှိတဲ့သူတွေဟာ လူတွေက သူတို့ကို အထင်သေးမှာ၊ ရှောင်ဖယ်ကြမှာ စိုးရိမ်တဲ့အတွက် ကုသမှုခံယူဖို့၊ အကူအညီတောင်းခံဖို့ တွန့်ဆုတ်လာတတ်ကြပါတယ်။
.
- အထီးကျန်တာ
Stigma ကြောင့် လူမှုပတ်ဝန်းကျင်ကနေ ခွဲခြားဆက်ဆံခံရပြီး အထီးကျန်ဆန်လာနိုင်ပါတယ်။
.
- မိမိကိုယ်ကိုယ် တန်ဖိုးထားမှုတွေ လျော့ကျလာတာ
အမြဲတမ်း ခွဲခြားဆက်ဆံခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းလာခြင်းနဲ့အတူ မိမိကိုယ်ကိုယ် တန်ဖိုးမထားတော့ဘဲ စိတ်ဓာတ်ကျလာနိုင်ပါတယ်။
.
- မိသားစုနဲ့ ဆက်ဆံရေးတွေ ထိခိုက်လာတာ
မိသားစုဝင်တွေကပါ Stigma ရဲ့ သက်ရောက်မှုကြောင့် ရှက်ရွံ့ခြင်း၊ အချင်းချင်း နားလည်မှုလွဲမှားခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
.
- ကျောင်းနဲ့ လုပ်ငန်းခွင်တွေမှာပါ ခက်ခဲလာတာ
Stigma ကြောင့်ပဲ ကျောင်းတက်ဖို့၊ အလုပ်ရှာဖို့၊ အလုပ်လုပ်ဖို့ ခက်ခဲစေပြီး ဒီလူ့အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်ဖို့ အခက်အခဲတွေ ပူပန်မှုတွေ ရှိလာနိုင်ပါတယ်။
…
…
ဆိုတော့
✅ Stigma ကို ဘယ်လို လျှော့ချမလဲ။
Stigma ကို လျှော့ချဖို့ဆိုတာ တစ်ဦးချင်းစီကစပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။
(၁) ကိုယ်တိုင်က စတင်ပြောင်းလဲပါ။
စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိထားရင် အယူမှားမှုတွေ နည်းလာပါလိမ့်မယ်။ ဒါကြောင့် စာဖတ်ပါ။ စိတ်ကျန်းမာရေး အသိပညာပေးဆောင်းပါးတွေ ဖတ်ပါ။
ဥပမာ။ စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်မှုလွန်ကဲတွေဟာ လူတိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ အရာတွေဖြစ်ပြီး စိတ်ပေါ့သွပ်ခြင်း မဟုတ်ဘူးဆိုတာကို နားလည်လာနိုင်မှာ ဖြစ်ပါတယ်။
စကားလုံး ရွေးချယ်တဲ့အခါမှာလည်း “ စိတ်မနှံ့တဲ့သူ” ဆိုတာမျိုး မသုံးဘဲ “ စိတ်ကျန်းမာရေး အခက်အခဲရှိသူ” လို့ သုံးသင့်ပါတယ်။
ဒါမှ သူတို့ကိုယ်တိုင် ခံစားနေရတဲ့ stigma ကိုလည်း လျှော့ချနိုင်မှာပါ။
.
(၂) မိသားစုအတွင်းက stigma ကိုဖြေရှင်းဖို့ဆိုရင် . . .
အရင်ဆုံးက အပြစ်မတင်ပါနဲ့ ။
စိတ်မကျန်းမမာဖြစ်နေတဲ့ မိသားစုဝင်ကို “ မင်းဘာလို့ အဲဒီလိုဖြစ်နေတာလဲ။ ဒါက မင်းစိတ်ဓာတ်ပျော့ညံ့လို့” စသဖြင့် အပြစ်မတင်ပါနဲ့။
“ စိတ်ဓာတ်ကျတာ အပြစ်တစ်ခုမဟုတ်ပါဘူး။ ငါတို့ အတူတူ ရင်ဆိုင်ဖြေရှင်းကြမယ်”
“ မင်းခံစားရတာ မလွယ်ပါဘူးဆိုတာ ငါနားလည်ပါတယ်” စသဖြင့် အားပေးပါ။
.
(၃) အကူအညီတောင်းဖို့ အားပေးပါ။
ဥပမာ။ အလုပ်မှာ ဝန်ထမ်းတစ်ယောက်က စိတ်ဖိစီးမှုကြောင့် အလုပ်တာဝန်ပျက်ကွက်တဲ့အခါ “ နားနားနေနေ နေပါ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြနော်။ တစ်ယောက်တည်း မခံစားပါနဲ့” လို့ ပြောပါ။ ဒါဟာ အားပေးမှုတစ်မျိုးပါပဲ။
ခွဲခြားမဆက်ဆံပါနဲ့
စိတ်ကျန်းမာရေးပြဿနာကို ကိုယ်ခန္ဓာရောဂါလိုပဲ သဘောထားပါ။
ဥပမာ။ ခြေ/လက်ကျိုးသွားတဲ့သူကို ခွဲခြားမဆက်ဆံသလိုပဲ စိတ်ကျန်းမာရေး ချို့တဲ့သူကိုလည်း မခွဲခြား မနှိမ့်ချဘဲ ပုံမှန်အတိုင်း ပေါင်းသင်းပါ။
.
(၄) ဆိုရှယ်မီဒီယာနဲ့ လူမှုကွန်ရက်မှာ သတင်းအချက်အလက်အမှန်ကို မျှဝေပါ။
ဥပမာ။ “ စိတ်ရောဂါသည်တွေဟာ ရိုင်းတယ်/အန္တရာယ်ရှိတယ်” ဆိုတဲ့ အယူအဆမှားတွေ တွေ့ခဲ့ရင် မှန်ကန်တဲ့ အချက်အလက်တွေနဲ့ ပြန်လည်ရှင်းပြပေးပါ။
.
အရေးအကြီးဆုံးကတော့ ပုံမှန်လူလိုပဲ ဆက်ဆံပါ။
စိတ်ဝေဒနာဟာ လူတစ်ယောက်ရဲ့ ဘဝတွေ ဖြစ်တည်မှုတွေကို မဆုံးဖြတ်ပေးနိုင်ပါဘူး။
သူတို့မှာလည်း ကျန်းမာတဲ့သူတွေလိုပဲ ခံစားချက်တွေ၊ အိပ်မက်တွေ ရှိပါတယ်။ တစ်ခါတလေ သူတို့လိုအပ်တာက အကြံဉာဏ်မဟုတ်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ နားထောင်ပေးဖို့ပဲဆိုတာကို သတိရပါ။
…
…
သတိထားရမယ့်အချက်များ
❌ စိတ်ရောဂါကို နာမည်တပ်ပြီး ရှုတ်ချတာ၊ ဟာသလုပ်တာမျိုး လုံးဝမလုပ်ပါနဲ့။
✅ ကိုယ်ချင်းစာပြီး နားလည်မှုပေးတာ၊ ကျွမ်းကျင်သူ (စိတ်ပညာရှင်၊ စိတ်ရောဂါကုဆရာဝန်) နဲ့ ကုသဖို့ အားပေးတာတွေ လုပ်ပေးပါ။
“ စိတ်မကျန်းမာဖြစ်တယ်ဆိုတာ ဘယ်သူမဆို အချိန်မရွေး ဖြစ်နိုင်တယ်၊ ကုသလို့ရတယ်” ဆိုတာကို နားလည်အောင် ပြောပြပေးပါ။
စိတ်ကျန်းမာရေးကို အားနည်းချက်တစ်ခုအနေနဲ့မဟုတ်ဘဲ လူသားတိုင်းကြုံနိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် မြင်ပေးနိုင်ဖို့ ကြိုးစားကြရပါမယ်။
စိတ်ဝေဒနာကို ခံစားနေရသူဟာ ရုပ်ပိုင်းဆိုင်ရာအနာတရ ရနေသူလိုပဲ “ ဂရုစိုက်ဖို့” “ ကုသဖို့” လိုပါတယ်။
မတူတာကတော့ သူတို့ရဲ့ဒဏ်ရာက မျက်စိနဲ့ မမြင်ရတာပါပဲ…။
.
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.