Trypophobia ဆိုတာ အပေါက်တွေအများကြီး တစ်နေရာတည်းမှာ စုနေတဲ့ပုံစံတွေကို မြင်တဲ့အခါ စိတ်ထဲမှာ မအီမသာဖြစ်တာ၊ ကြောက်တာ၊ ရွံတာ၊ စိတ်တိုတာ၊ အသည်းယားတာမျိုး ဖြစ်တတ်တဲ့ စိတ်ဝေဒနာတစ်မျိုးပါ။
ဒါဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ ရောဂါတစ်ခုတော့ မဟုတ်သေးပေမယ့် လူတော်တော်များများမှာ ဖြစ်တတ်တာကိုတော့ သတိထားမိကြမှာပါ။
…
…
ရိုးရိုးရှင်းရှင်းပြောရရင် Trypophobia ဆိုတာ သေးငယ်တဲ့ အပေါက်တွေ၊ အဖုအပိမ့်တွေ အစုလိုက်အပြုံလိုက် ဖြစ်နေတဲ့ပုံစံတွေကိုမြင်ရင် စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်တာ၊ နေရထိုင်ရခက်တာမျိုးကို ဆိုလိုတာပါ။
ဥပမာ။ ပျားအုံ၊ ကြာစေ့ကြာခွက်၊ မြေကြီးထဲက အပေါက်လေးတွေ၊ ဒါမှမဟုတ် တချို့သော အရေပြားရောဂါတွေမှာ တွေ့ရတတ်တဲ့ အဖုအပိမ့်လေးတွေ၊ လှိုက်စားနေတဲ့ အနာပေါက်တွေလိုမျိုးပေါ့။
Trypophobia ရှိသူတွေဟာ အဲဒီလို အပေါက်ပုံစံတွေကို မြင်ရရင် အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
📌 စိတ်ထဲမှာ မအီမသာ ဖြစ်တာ/ ရွံတာ
ဒါတွေက အဓိက လက္ခဏာပါ။ တစ်ခုခုကို စိတ်တိုသလိုမျိုး ပေါက်ကွဲလိုက်ချင်တာ၊ မခံမရပ်နိုင်ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။
.
📌 ကြောက်ရွံ့ခြင်း
ကြောက်စိတ်ဝင်တာမျိုး၊ ထိတ်လန့်တာမျိုး ဖြစ်နိုင်ပါတယ်။
.
📌 အရေပြားယားယံခြင်း/ တွန့်ဆုတ်ခြင်း
ကိုယ်လက်တွေ ယားသလို၊ တွန့်သလို ဖြစ်တတ်ပါတယ်။
.
📌 ခေါင်းမူးတာ/ ပျို့တာ
တချို့ဆိုရင် ခေါင်းမူးတာ၊ ပျို့အန်တာမျိုးအထိ ဖြစ်တတ်ပါတယ်။
.
📌 ရင်တုန်တာ/ အသက်ရှူမြန်တာ
စိုးရိမ်စိတ်လွန်ကဲလာရင် ဖြစ်တတ်တဲ့ လက္ခဏာတွေပါ။
.
📌 မူးမေ့လဲကျချင်တာ
ပြင်းထန်ရင် သတိလစ်မတတ် ဖြစ်တာမျိုးအထိ ဖြစ်တတ်ပါတယ်။
.
ဒါပေမယ့်လည်း ဒီလိုအသည်းယားစရာ အပေါက်ငယ်အစုအဝေးတွေကို ကြောက်တိုင်း Trypophobia လို့ ခေါ်မှာလားဆိုတော့ အဲဒီလိုတော့ တရားသေ သတ်မှတ်လို့မရပါဘူး။
လူတိုင်းက အပေါက်ပုံစံတချို့ကိုမြင်ရင် အနည်းနဲ့အများတော့ ရွံတာ၊ မအီမသာဖြစ်တာ၊ ကြက်သီးထတာမျိုး ရှိတတ်ပါတယ်။
ဥပမာ။ ပိုးဟပ်အုံတို့၊ အရေပြားပေါ်က အနာဖေးတွေလိုမျိုးပေါ့။
ဒါပေမယ့် Trypophobia ရှိတဲ့သူတွေကျတော့ ပုံမှန်လူတွေ မကြောက်တဲ့၊ မရွံတဲ့ အပေါက်ပုံစံတွေကိုတောင် မြင်ရင် ပြင်းပြင်းထန်ထန် ခံစားရတာမျိုးပါ။
အဲဒီဝေဒနာဟာ သူတို့ရဲ့ နေ့စဉ်ဘဝကို ထိခိုက်တဲ့အထိ ဖြစ်လာမှ Trypophobia လို့ သတ်မှတ်နိုင်ပါတယ်။
…
…
ဒါဆို Trypophobia ဝေဒနာကို ကုသလို့ရော ရနိုင်လား။
Trypophobia ဟာ တိကျတဲ့ ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားခြင်း မရှိသေးပေမယ့် ကုသမှုခံယူလို့တော့ ရပါတယ်။ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကုထုံး (Psychotherapy) တွေနဲ့ ကုသလေ့ရှိပါတယ်။
✅ သိမြင်မှုဆိုင်ရာ အပြုအမူ ကုထုံး (Cognitive Behavioral Therapy – CBT)
ဒါက အသုံးအများဆုံး ကုထုံးပါ။ ကြောက်စိတ်ဖြစ်စေတဲ့ အမြင်တွေကို ဖြည်းဖြည်းချင်း ရင်ဆိုင်ရင်း စိတ်ထဲက မှားယွင်းတဲ့ အယူအဆတွေကို ပြင်ပေးတာမျိုးပါ။
.
✅ ထိတွေ့မှု ကုထုံး (Exposure Therapy)
ကြောက်တဲ့အရာကို ဖြည်းဖြည်းချင်း မြင်ရဲအောင် လုပ်ပေးတာမျိုးပါ။
ဥပမာ။ အပေါက်ပုံတွေကို အဝေးကနေကြည့်တာ၊ ပြီးရင် တဖြည်းဖြည်းချင်း နီးနီးကပ်ကပ်ကြည့်တာမျိုးပေါ့။
.
✅ စိတ်ဖြေလျှော့နည်းများ (Relaxation Techniques)
အသက်ရှူ လေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေက စိုးရိမ်စိတ်ကို လျှော့ချရာမှာ အထောက်အကူပြုပါတယ်။
.
✅ လိုအပ်ရင် ဆေးဝါးဖြင့် ကုသခြင်း
စိုးရိမ်စိတ် အရမ်းများတာ၊ စိတ်ဓာတ်ကျတာ၊ နိစ္စဓူဝအလုပ်တွေကိုပါ မလုပ်နိုင်အောင် ပြင်းထန်လာရင်၊ အအိပ်ပျက် အစားပျက်တွေ ဖြစ်လာရင် ဆရာဝန်ညွှန်ကြားချက်နဲ့ ဆေးဝါးတွေ သုံးစွဲရနိုင်ပါတယ်။
…
…
✍🏻 ဆောင်ရန်/ ရှောင်ရန်တွေက ဘာတွေရှိမလဲ။
Trypophobia ရှိတယ်လို့ ထင်ရင် ဒီအချက်လေးတွေကို လိုက်နာကြည့်နိုင်ပါတယ်။
- ကြောက်ရွံ့မှုကို ဖြစ်စေတဲ့အရာတွေကို ရှောင်ပါ။
အလွယ်ဆုံးကတော့ ကိုယ်မကြည့်နိုင်တဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ရှောင်တာပါပဲ။ လူမှုကွန်ရက်ပေါ်မှာ ကြည့်မိရင်လည်း မြန်မြန်ကျော်လိုက်တာမျိုး လုပ်ပါ။
.
- စိတ်ဖိစီးမှု လျှော့ချပါ။
ပုံမှန်အချိန်တွေမှာလည်း စိတ်ဖိစီးမှုကို လျှော့ချပေးပါ။ Stress များရင် ကြောက်စိတ်တွေ ပိုဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာ၊ ဝါသနာပါရာ လုပ်တာ၊ အိပ်ရေးဝဝ အိပ်တာတွေက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
.
- အပေါင်းအသင်းနဲ့ စကားပြောပါ။
ကိုယ့်ခံစားချက်ကို ယုံကြည်ရတဲ့သူတွေနဲ့ ရင်ဖွင့်တာကလည်း စိတ်သက်သာရာရစေပါတယ်။
.
- လိုအပ်ရင် ဆရာဝန်/ စိတ်ပညာရှင်နဲ့ တိုင်ပင်ပါ။
ကိုယ့်ဘာသာ ထိန်းချုပ်ဖို့ ခက်ခဲလာပြီဆိုရင် ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူတာက အကောင်းဆုံးပါပဲ။ သူတို့က ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို လမ်းညွှန်ပေးနိုင်ပါတယ်။
…
…
ဆိုတော့ . . .
Trypophobia ဟာလည်း စိတ်ကျန်းမာရေး ပြဿနာတစ်ခုပဲဖြစ်လို့ ရှက်စရာမဟုတ်ပါဘူး။ သူများနဲ့ မတူကွဲပြားနေတယ်လို့လည်း ခံစားနေဖို့ မလိုပါဘူး။
လူတိုင်းမှာ အနည်းဆုံး ကိုယ်ပိုင်အကြောက်တရား တစ်ခုစီတော့ ရှိတတ်ကြပါတယ်။
ဒါကြောင့် ဒီလိုတွေ ခံစားနေရပြီဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြပြီး လိုအပ်တဲ့ အကူအညီတွေကို ရယူဖို့က အရေးကြီးပါတယ်…။
စိတ်ကလေးကိုလည်း ဂရုစိုက်ပါ 🤍
ကျန်းမာပါ 🤍
ပျော်ရွှင်ပါ 🤍
သင်၏စိတ်ကလေးကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.