မီနူး

ဆေးလိပ်၊ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ခုံနဲ့ စစ်အာဏာရှင် အကျိုးဆက် Cigar, Smoking in Prison and the result of Military Regime (March, 2023)

ဆေးလိပ်၊ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ခုံနဲ့ စစ်အာဏာရှင် အကျိုးဆက်
======================

“ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်”

ဒီစာသားကို ကျွန်မတို့ နေရာတော်တော်များများမှာ ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးကြပါလိမ့်မယ်။ ဆေးလိပ်ဟာ လူ့ခန္ဓာကိုယ်ကို ဘယ်လောက် ဆိုးကျိုးဖြစ်စေနိုင်ကြောင်း ဖန်တရာတေတဲ့ အကြောင်းတွေပေါ့။ ဖန်တရာတေအောင် ဘာလို့များ ပြောနေကြတာပါလိမ့်။ လူတွေက လိုက်လည်း မလုပ်ကြပဲနဲ့နော်။ ဒီလောက် ဖန်တရာတေအောင် သတိပေးနေတာကိုလည်း ဘာလို့ လူတွေက နားမထောင်ကြတာပါလိမ့်။

ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ သတိပေးစာတွေကလွဲလို့ လူတွေ ဆေးလိပ်သောက်ခြင်းကို သိသာအောင် ပြုပြင်ပြောင်းလဲပေးနိုင်မယ့် မူဝါဒ (Policy) မျိုး ကောင်းကောင်း မရှိသေးလို့ပါပဲ။ ဒီတစ်ခါမှာတော့ ဒီဖန်တရာတေနေတဲ့ ဆေးလိပ်သောက်တာ မကောင်းတဲ့အကြောင်းကို တခြားအမြင်တစ်ခုကနေ တယ်လီကျန်းမာက တင်ဆက်ပေးပါရစေ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်းဟာ AAPP စာရင်းအရ အယောက် (၂၀,၄၄၀) ဦး ရှိနေပါပြီ (Assistance Association For Political Prisoners (Burma), 2023)။ ၁၉၅၈ ခုနှစ်ကတည်းက ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေကို တိုင်းရင်းသားပေါင်းစုံက နည်းလမ်းစုံနဲ့ တော်လှန်လာလိုက်တာ နိုင်ငံရေးအကျဉ်းသား မျိုးဆက်ပေါင်းများစွာ ထောင်သွင်းအကျဉ်းကျခံရတာဟာလည်း ဆယ်စုနှစ်ပေါင်းများစွာရှိနေပါပြီ။

စစ်တပ်ဟာ အဖမ်းဆီးခံ နိုင်ငံရေးသမားတွေကို ထောင်ထဲမှာ ဘယ်လောက် ယုတ်မာရက်စက်တယ်ဆိုတာကို ကျွန်မတို့တွေဟာ တဆင့်စကား တဆင့်နားကပဲဖြစ်ဖြစ်၊ လူမှုကွန်ယက်တွေကနေ တဆင့်ပဲဖြစ်ဖြစ် မြင်နေရကြားနေရပါတယ်။ ပြင်းပြင်းထန်ထန် ရိုက်နှက်မှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် နိုင်ငံရေးသမားတွေဟာ ထောင်ကထွက်လာတဲ့အခါ ကျန်းမာရေးဆိုးကျိုး‌ပေါင်းစုံကို ခံစားရပြီး တစ်သက်လုံး ဆေးကုနေရတဲ့သူတွေလည်း မနည်းပါဘူး။ ဒါဟာ စစ်တပ်ရဲ့ ထောင်သွင်း အကျဉ်းချမှုတွေကြောင့် ခံစားရတဲ့ ထင်သာမြင်သာတဲ့ အကျိုးဆက်တွေပါ။

ဒီလို ချက်ချင်းလက်ငင်း ဆေးကုစရာမလိုဘဲ တခြားခံစားရတဲ့ နာတာရှည်ဝေဒနာတွေလည်း အများကြီးရှိပါတယ်။ ဒီအထဲမှာ ထောင်တွင်းဆေးလိပ်သောက်ခြင်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ထောင်ထဲမှာ ဆေးလိပ်သောက်တာဟာ မဆန်းပါဘူး။ ဘယ်လိုမဆန်းလဲဆိုတော့ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး၊ ဘယ်နိုင်ငံမှာ မဆို ထောင်ထဲမှာ ဆေးလိပ်သောက်ပါတယ်။ ထောင်ထဲမှာ ပျင်းတာ စိတ်ဖိစီးတာတွေကို ပြေပျောက်အောင် ဆေးလိပ်သောက်ကြပါတယ်။ နိုင်ငံပေါင်းစုံက သုတေသနတွေအရ ထောင်ထဲက ဆေးလိပ်သောက်နှုန်းဟာ လူထုထဲမှာထက် ၂ ဆ ကနေ ၆၃ ဆအထိ ပိုများပါတယ်။ ဆိုလိုချင်တာက လူထုထဲမှာ ဆယ်ယောက် တစ်ယောက် ဆေးလိပ်သောက်ရင်၊ ထောင်ထဲမှာက ဆယ်ယောက်ကို ၂ ယောက်ကနေ ၆ ယောက်အထိ ဆေးလိပ်သောက်ကြပါတယ် (Plugge & Leclerc, 2021; Spaulding et al., 2018)။

ဟင် .. ဒါဆို တယ်လီကျန်းမာက ဘာလို့ ဒါကို အထူးအဆန်းလုပ်ပြောနေတာတုန်း။

ထောင်ထဲမှာ ဆေးလိပ်သောက်တာဟာ တခြားနိုင်ငံတွေမှာ မဆန်းပါဘူး။ သူတို့တွေဆီမှာ ဒီလို ဆေးလိပ်သောက်နှုန်းတွေကို ကျအောင်လည်း အခုကြိုးစားလုပ်ဆောင်နေကြပါတယ်။ ဆန်းတာက မြန်မာပြည်က နိုင်ငံရေး အကျဉ်းသားတွေထားတဲ့ ထောင်တွေမှာ ဆေးလိပ်ဟာ ငွေကြေးဖြစ်ပါတယ်။ ဆေးလိပ်နဲ့ ပေါင်မုန့် လဲတယ်။ ဆေးလိပ်နဲ့ ဟင်းအမယ်တွေ လဲတယ် စသဖြင့်ပေါ့။

နိုင်ငံတကာ အကျဉ်းထောင်တွေမှာလည်း အရင်က ဆေးလိပ်ဟာ ငွေကြေးဖြစ်ပါတယ်။ အခုတော့ ခေါက်ဆွဲခြောက်နဲ့ တံဆိပ်ခေါင်း ဖြစ်သွားပါပြီ (Gibson-Light, 2016, August 20-23)။ ဆေးလိပ်ကို ငွေကြေးလို တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့နေရာမှာ ဆေးလိပ်သောက်နှုန်းတက်တာဟာ ကြိုတင်ခန့်မှန်းလို့တောင်ရတဲ့ ကိစ္စဖြစ်ပါတယ်။

နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားတွေဟာ မိသားစုနဲ့ ထောင်ဝင်စာတွေ့တဲ့အချိန်မှာ လွတ်လပ်စွာ ပြောဆိုဆက်ဆံခွင့် မရကြပါဘူး။ ဟိုဘက် ဒီဘက် သံဇကာနှစ်ထပ်ကာထားတဲ့ ထောင်ဝင်စာတွေ့ခန်းမှာ အသားချင်းထိဖို့မပြောနဲ့ စကားတောင် လွတ်လွတ်လပ်လပ်ပြောလို့မရပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာတွေတဲ့အချိန် ဘေးမှာ ထောင်ရဲတစ်ယောက်က စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းနဲ့ ရေးသမျှကို လိုက်မှတ်ပါတယ်။ မိသားစု သာရေးနာရေးကလွဲ ဘာမှအထွေးအထူးပြောမရတဲ့ အခြေအနေမျိုးမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ မိသားစုကို အရေးတကြီး မှာစရာရှိတဲ့အခါ၊ ထောင်ထဲမှာရေးထားတဲ့ ကဗျာတွေ စာတွေ အပြင်ကို ထုတ်ချင်တဲ့အခါ စာရွက်ပိုင်းထဲ ရေးမှတ်၊ ဆေးလိပ်သောက်ချင်ယောင် ဆောင်ပြီး ဆေးလိပ်ထဲ စာရွက်ပိုင်းညှပ်ထည့်၊ လူအလစ်မှာ ဆေးလိပ်တိုကို သံဇကာတစ်ဖက်ကို ပစ်ပေးခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားတစ်ဦးက ပြောဖူးပါတယ်။

ဆေးလိပ်မသောက်တတ်တဲ့လူတောင် ဒီလိုသောက်ချင်ယောင် ဆောင်ရင်းကနေ ဆေးလိပ်သောက်ဖြစ်သွားနိုင်ပါတယ်။ လူ့အခွင့်အရေးကို ပိတ်ပင်ထားခံရတဲ့ အကျိုးဆက်ဟာ ကျန်းမာရေးအပေါ်မှာ ဘယ်လောက်တောင် အကျိုးသက်ရောက်မှု ဖြစ်သွားလဲဆိုတဲ့ သက်သေပါ။

ထောင်ထဲမှာ အများစုဟာ ဆေးပေါ့လိပ်ကို အဓိကထား သောက်ကြပါတယ်။ မန္တလေးထောင်မှာတော့ ငွေနဂါး၊ နေခြည်ပေါ့။ ပဲခူးထောင်မှာတော့ ဂျိုးသိန်းလို့ ဆိုကြပါတယ်။ စစ်အစိုးရဟာ ၂၀၁၀ နောက်ပိုင်းကျမှ စီးကရက်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို အခွန်စကောက်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခွန်မှာ ဆေးပေါ့လိပ်ဟာ အခွန်အနည်းဆုံးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် တုန်းကဆို စီးကရက်အခွန်က ၇၅% ပေးရချိန်မှာ ဆေးပေါ့လိပ် အခွန်က ၁၀% ပဲရှိပါတယ် (World Bank Group, 2019)။ ဆေးပေါ့လိပ်ဟာ အခွန်ပေးရနည်းလို့ ဈေးသက်သာတယ်။ ထောင်တွေထဲမှာ ပေါပေါပဲပဲ ရတယ်။ ဆေးပေါ့လိပ်လုပ်ငန်းရှင်တွေဟာလည်း ထောင်ထဲမှာက ဈေးကွက်ရှိတော့ ထောင်ထဲကို များများပို့တယ်။ ဆေးရွက်ကြီးအပြင် ဆေးစပ်တွေရောလာကြလို့ ကျန်းမာရေးပိုထိခိုက်ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါတွေအားလုံးရဲ့ အကျိုးဆက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်က ထွက်လာတဲ့အခါ ထောင်တွင်းဆေးလိပ်သောက်ခြင်းရဲ့ ဒဏ်ကို အလူးအလဲခံရတော့တာပါပဲ။ စစချင်းမှာ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးသွေးကြောရောဂါမျိုးတွေ စဖြစ်တယ်။ အထဲကနေ တီဘီကူးလာတာမျိုးတွေလည်း ရှိတတ်တယ်။ နောက်ဆုံးမှာတော့ အဆိုးဆုံးဖြစ်တဲ့ အဆုတ်ကင်ဆာဝေဒနာကို ခံစားပြီး ဘဝနေဝင်ချိန်တွေကို ဖြတ်သန်းသွားရတတ်ပါတယ်။ ဒါတွေအတွက် လတ်တလောမှာ စာရင်းအင်းအတိအကျ မရှိသေးမယ့်လည်း နောင်တစ်ချိန်မှာ ကောက်ယူလို့ရနိုင်တဲ့ စစ်တမ်းတွေဖြစ်ပါတယ်။

“ရန်သူက သေစေချင်တဲ့အခါ မသေအောင်နေပေးရတာကလည်း တိုက်ပွဲတစ်ခုပဲ” လို့ ဗန်းမော်တင်အောင်က ပြောဖူးပါတယ်။ စစ်အာဏာရှင်လက်ထက်မှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်မှုဥပဒေ ဆိုတာမျိုးက ကောင်းကောင်းကန်းကန်း ပေါ်ထွက်လာဖို့ မမြင်ပါဘူး။ ပေါ်ထွက်လာခဲ့ရင်တောင်မှ ဖမ်းချင်လို့ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်တွင်းဆေးလိပ်ဖြတ်ဖို့ အစီအစဉ် (Programme) တွေ ဖြစ်လာဖို့လည်း အခွင့်အလမ်း အင်မတန်မှ နည်းပါတယ်။ ဒီတော့ ကျွန်မတို့ ပြည်သူလူထုက သေစေချင်တဲ့ ရန်သူရှိနေတဲ့အခါ မသေအောင် ဂရုစိုက်ရပါမယ်။ ဆေးလိပ်သောက်တာ သေတတ်ပါတယ်။ ရန်သူကို တိုက်ဖို့ ရဲဘော်တွေ လိုနေတုန်းမှာ ဆေးလိပ်ကြောင့် ရဲဘော်တွေ လျော့ကုန်တာ မဖြစ်စေလိုပါ။ ထောင်ထဲမှာရော ထောင်ပြင်ပမှာရော လူတွေ ဆေးလိပ်သောက်တာလျော့အောင် ဘယ်လိုလုပ်ရမလဲဆိုတာက ကျွန်မတို့ ပြည်သူ့ကျန်းမာရေးပညာရှင်တွေ ဆက်လက်ဆွေးနွေးရဦးမယ့် ခေါင်းစဉ်တစ်ခုပါ။

အားလုံးပဲ ဆေးလိပ်ကနေ တတ်နိုင်သမျှဝေးဝေးနေနိုင်ကြပါစေ။
.

အောက်တိုဘာမှိုင်းလွင်
.

ကိုးကား

1) Assistance Association For Political Prisoners (Burma). (2023). Daily Briefing since Coup. Retrieved March 18 from https://aappb. org/?cat=109

2) Gibson-Light, M. (2016, August 20-23). Must work for food: The politics of nutrition and informal economy in an American prison [Paper Presentation] 111th ASA Annual Meeting: Rethinking Social Movements: Can Changing the Conversation Change the World?, Seattle, Washington. https://www. asanet. org/wp-content/uploads/am2016_annual_meeting_program.pdf

3) Plugge, E., & Leclerc, E. (2021). Smoking bans in prisons. The Lancet Public Health, 6. https://doi. org/10.1016/S2468-2667(21)00182-1

4) Spaulding, A. C., Eldridge, G. D., Chico, C. E., Morisseau, N., Drobeniuc, A., Fils-Aime, R., Day, C., Hopkins, R., Jin, X., Chen, J., & Dolan, K. A. (2018). Smoking in Correctional Settings Worldwide: Prevalence, Bans, and Interventions. Epidemiologic Reviews, 40(1), 82-95. https://doi. org/10.1093/epirev/mxy005

5) World Bank Group. (2019). Myanmar : Overview of Tobacco Use, Tobacco Control Legislation, and Taxation. https://openknowledge. worldbank. org/entities/publication/48cb3801-7a6a-58f5-aa14-1ef9246fd8ee

Ministry of Health,

National Unity Government.

Published on: 22 March 2023
Last Updated: 22 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့

"စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်" တဲ့။ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။ ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက်...

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ (စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်)

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ နားထဲတွင် အဆက်မပြတ် အသံမြည်နေခြင်း အပြန်အလှန် စကားပြောနိုင်ရန် အလျင်မီအောင် ရုန်းကန်နေရခြင်း အမြင့်သံများကို ကြားရန် ခက်ခဲခြင်း ထပ်ခါထပ်ခါ ပြောပေးရန် အခြားသူများကို တောင်းဆိုနေရခြင်း အနိမ့်သံ (သာမန်အားဖြင့် တိုးလွန်းသော အသံ) များကို ကြားနေခြင်း မီဒီယာစက်များကို ပုံမှန်ထက် အသံကျယ်ကျယ် မြှင့်ပြီး အမြဲနားထောင်နေရခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World...

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) နှင့် ကျန်းမာရေး

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရပြီးရင် ရောဂါပိုးအမြဲရှိနေနိုင်လား။ ဗိုင်းရပ်ပိုးက (၂) နှစ်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ တဝဲလည်လည်နဲ့ ရှိနေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ရောဂါပိုးဖြစ်ပြီး ရောဂါစတင်သိရှိပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲ၊ ကျန်းမာရေးထိခိုက်နိုင်လား၊ ပျောက်ကင်းနိုင်လား အစရှိတဲ့ မေးခွန်းပေါင်းများစွာ...

ကျွန်မနှင့် ကြုံရဆုံရ ဆရာဝန်ဘဝ ✍️

ဆရာဝန် စဖြစ်ကတည်းက “ရောဂါရာဇဝင် မေးမြန်းခြင်း (History taking)” ဆိုတဲ့ အနုပညာကို တတ်မြောက်အောင် သင်ကြားခဲ့ရပါတယ်။ သူက တကယ်လည်း အနုပညာဆန်ပါတယ်။ မေးတတ်မှပါ။ မမေးတတ်ရင် လိုရာမရောက်ဘဲ လမ်းချော်သွားရော။ ဒီအထဲကမှ ကျွန်မ ဆရာဝန်ပေါက်စဘဝ စကားပြော မကျွမ်းကျင်လို့ လွဲခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်လည်မျှဝေပေးချင်တာပါ။ အခုကတော့ လူနာတွေကလည်း...