“ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သောရောဂါနှင့် တစ်နေ့တာကာလများ”

ရေးသားသူ – ကိုဂျွန်၊ အသက် ၄၀ နှစ်

ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်ဖြစ်တဲ့ အိမ်သာသွားရတာ ဟာ ကျွန်တော့်အတွက် စိတ်ဖိစီးစရာတစ်ခု ဖြစ်လိမ့်မယ်ဆိုတာ အရင်က မသိခဲ့ပါဘူး။ ဒီရောဂါပေါ်လာပြီးမှ စဖြစ်လာခဲ့တာပါ။

သုံးနှစ်လောက်တော့ ရှိနေပါပြီ။ ဗိုက်ခဏခဏနာတာ၊ ဝမ်းပျက်သလို မကြာခဏ ‌ဖြစ်တာတွေကို အစာမသန့်ဘဲ လမ်းဘေးစာ စားမိလို့လို့ပဲ ထင်မိခဲ့တယ်။ ဆရာဝန်ပြ ပိုးသတ်ဆေးပေးရင် သောက်နဲ့ပေါ့။

တဖြည်းဖြည်းနဲ့ ပိုဆိုးလာပါတယ်။

စာစားပြီးတိုင်း ဝမ်းသွားချင်လာတယ်။ မသွားရရင် ဗိုက်ကြီးဖောင်းပြီး နေလို့မကောင်း။ အိမ်သာသွားပြန်တော့လည်း ဖြောင့်ဖြောင့်သွားလို့ရလားဆိုတော့ အမြဲ မရ။ တစ်ခါတလေ သွားထိုင်ပြီး ဗိုက်နာတာပဲ အဖတ်တင်တယ်။ တစ်ခါနဲ့သွားလို့လည်း မပြီးဘူး။ မနက်ခင်း စားပြီးတင် ၂ ကြိမ် ၃ ကြိမ်။ ဆိုးတဲ့နေ့တွေဆို တစ်နေကုန် ၅-၆ ကြိမ် ကျော်တယ်။

တစ်ခါတလေတော့ သတိမထားခင်မှာဘဲ အိမ်သာ အမြန်ပြေးရတယ်။ အပြင်သွားရမယ့်နေ့ဆို ပိုဆိုးတယ်။ အိမ်သာပဲ ဝင်နေရ‌တော့တာပေါ့။ အပြင်မှာလည်း အိမ်သာရှာရတာ ပြဿနာတစ်ခု ဖြစ်လာတယ်။

ဝမ်းကတော့ ချွဲပါတစ်လှည့်၊ ပျော့တစ်လှည့်၊ ပျက်တစ်လှည့် မတည်ငြိမ်ဘဲ ဆက်တိုက်ပြောင်းနေတာ။ သွေးပါတာတော့ လုံးဝမရှိပါဘူး။

အိပ်ရေးပျက်တဲ့နေ့တွေဆို ပိုဆိုးတယ်။
စိတ်ညစ်စရာ သတင်းတွေရှိရင် လန့်ပြီး ဗိုက်ကနာ၊ ဝမ်းပြန်ပျက်တော့တာပဲ။

တစ်နေ့ တစ်နေ့ ကင်ဆာများ ဖြစ်နေပြီလား တွေးပြီး စိုးရိမ်မှုတွေ တိုးလာတော့တာ။

အဲဒါ ကြောက်ကြောက်နဲ့ အူလမ်းကြောင်းဆရာဝန် ပြတယ်။ ဝမ်းစစ်၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်တာတွေ လုပ်တယ်။

အားလုံး ကောင်းတယ် Normal လို့ပဲ ထွက်လာလို့ တော်တော်အံ့ဩရတယ်။ တကယ် ဗိုက်ထဲမှာ ရောဂါ တစ်ခုခုဖြစ်နေတာ ခံစားနေရပြီး ရောဂါရှာတော့ မတွေ့ရဘူးတဲ့။

စိတ်တွေ ပိုရှုပ်ထွေးသွားပါတယ်။

နောက်ဆုံးမှာတော့ အစာအိမ်အူလမ်း‌ကြောင်းရောဂါ အထူးကုဆရာဝန်က Irritable bowel syndrome (IBS) လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်ခြင်း ကြောင့် ဖြစ်တယ်လို့ ရှင်းပြပေးပါတယ်။

မျက်စိနဲ့ မမြင်နိုင်တဲ့၊ ဓာတ်ခွဲလည်းမပေါ်တဲ့ ဒါပေမယ့် တကယ်ရှိပြီး တကယ်နာကျင်ခံစားရတဲ့ ရောဂါတစ်ခုပါ။

အူလမ်းကြောင်း မှန်ပြောင်းကြည့်လို့ အဖြေကပုံမှန်ပဲ ဘာမှမတွေ့ဘူးဆိုတာက အူမှာ ကြီးကြီးမားမားရောဂါတွေဖြစ်တဲ့ ကင်ဆာ၊ အနာ၊ အူရောင်ခြင်း လက္ခဏာတွေ မရှိတာဖြစ်ပြီး သေချာတာက ကင်ဆာလုံးဝ မဟုတ်ကြောင်း ရှင်းပြပါတယ်။

အဓိကအကြောင်းအရင်းက အူနဲ့ ဦးနှောက် အာရုံကြောတွေကြား ဆက်သွယ်မှု (gut-brain axis) မှာ ပြဿနာရှိတာကြောင့် ဖြစ်တယ်တဲ့။

စိတ်ဖိစီးမှု‌၊ အစားအစာ‌၊ ပိုးသတ်ဆေးတွေနဲ့ အခြားသောအရာတွေ အားလုံးပေါင်းစုံပြီး ကြွက်သားနဲ့ အာရုံကြောတွေ လှုပ်ရှားမှု ပြောင်းလဲတာ။ ဒါက အူလှုပ်ရှားမှုတွေကို သက်ရောက်စေပြီး ဒီဝေဒနာတွေကို ခံစားရတာပါ။

ဒီလို ရောဂါနာမည်တစ်ခုရတာက အနည်းငယ် စိတ်သက်သာမှုရတယ်။ မဟုတ်ရင် ငါ့ရောဂါ ဆရာဝန်တွေ ရှာမရတာလားဆိုပြီး ဒွိဟတွေ ဖြစ်နေရတာ။

ကင်ဆာမဟုတ်ဘူးဆိုမှပဲ စိတ်ချနိုင်တော့တယ်။

ဒါပေမယ့် ဆေးတစ်လုံးနဲ့ကုနိုင်တဲ့ ရောဂါမဟုတ်တာကတော့ စိတ်ပင်ပန်းစေပါတယ်။ သောက်ဆေးအပြင် အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေ ပြောင်းဖို့၊ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့နဲ့ စိတ်ဖိစီးမှုလျှော့ချဖို့ အစရှိသည် ဆရာဝန်က အများကြီး မှာလိုက်ပါတယ်။

အခုတော့ တစ်နှစ်လောက်ကြာလာပြီး IBS နဲ့အတူ အသက်ရှင်နေရတာကို အနည်းငယ် စတင်သဘောပေါက်စ ပြုလာပြီ။

ပထမဆုံး လုပ်ခဲ့တာကတော့ ရောဂါကို အရင်ဆုံး လက်ခံခဲ့တာပါပဲ။ ငါဖြစ်နေတာ ဒါပါလား ‌ဆိုပြီး။ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်တဲ့ရောဂါ (IBS) ပေါ့။

ပြီးတော့ ရောဂါအကြောင်း သဘောပေါက်အောင် လေ့လာပါတယ်။ ကိုယ့်ရဲ့ ဖြစ်တတ်တဲ့ ဝေဒနာပုံစံတွေကို နေ့စဉ်မှတ်တမ်းစာအုပ်နဲ့ မှတ်ထားတယ်။ ဘယ်နေ့မှာ ဗိုက်နာတယ်၊ ဝမ်းပျက်တယ်၊ ဝမ်းချုပ်တယ် စသဖြင့်။ စားမိတဲ့အစားအစာတွေ၊ အိပ်ချိန်၊ လုပ်မိတဲ့ အလုပ်တွေနဲ့ ကိုယ့်စိတ်အခြေအနေတွေကိုလည်း စာအုပ်ထဲ တစ်ခါတည်းတွဲမှတ်ထားပြီး ပြန်သုံးသပ်တယ်။

သိသိသာသာ ပိုဆိုးစေတဲ့ အစားအစာ (ဥပမာ – ကျွန်တော်ဆို နို့ထွက်ပစ္စည်း၊ ကော်ဖီ၊ ဆီများတဲ့ အကြော်တွေ) ရှောင်တယ်။

ဆရာဝန်တွေက မတည့်တဲ့ အစားအစာ list ကို အများကြီး ပေးပါလိမ့်မယ်။ ဒါပေမယ့် အစားအစာတိုင်းကို လူတိုင်းက မတည့်တာမဟုတ်ဘဲ ယေဘုယျ အချက်အလက်ဆိုတာ နားလည်ထားပြီး မိမိနဲ့မတည့်တာကို ကိုယ်တိုင် သတိထားလေ့လာကြည့်တာ ကောင်းတယ်။ မတည့်တာ ရှောင်နိုင်ရင် ဝေဒနာ သက်သာပါတယ်။

အစားကို အလောတကြီးမစားဘဲ ကြေညက်အောင် စားတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ စိတ်ဖိစီးမှုလျှော့ပေးတဲ့ လေ့ကျင့်ခန်းတွေ အချိန်ပေးပြီး မှန်မှန် လုပ်တယ်။

ပြောရရင် အာဏာသိမ်းပြီးနောက်ပိုင်း ရှင်သန်ရတာ အရင်လိုမဟုတ်ဘဲ စိတ်ပင်ပန်း လူပင်ပန်း တအားဖြစ်ရတာ၊ ကိုယ့်ရဲ့စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ် ထိခိုက်နေတဲ့ အနေအထားကို ပြန်သုံးသပ်မိတယ်။

Gym တွေဘာတွေ သွားချိန်မရတော့ လမ်းများများ လျှောက်တယ်။

ခရီးသွားစရာရှိရင်၊ အရေးတကြီး အပြင်သွားစရာရှိရင် ဘာဆေး ကြိုသောက်လို့ရမယ် (သို့) ဆောင်ရမယ် ဆိုတာ ဆရာဝန်ကို ကြိုမေးပြီး အသင့်ပြင်ထားတယ်။ ဗိုက်နာပျောက်ဆေး၊ ဝမ်းပိတ်ဆေးနဲ့ ဓာတ်ဆားထုပ်တွေကတော့ မပါမဖြစ်။

ကိုယ်က ဒီလိုကြိုတင်ပြင်ဆင်ထားခြင်းက ရောဂါ အပေါ် အသာစီးရသလို ခံစားရတယ်။ အပြင်သွားရမှာ သိပ်မကြောက်တော့ဘူး။ ဖြေရှင်းတတ်နေပြီ။

စိတ်ဖိစီးမှုကို လျှော့ချပြီး ရောဂါကို ပိုထိန်းနိုင်ဖို့ တစ်ယောက်ထဲ မလုပ်နိုင်ရင် သက်ဆိုင်ရာ စိတ်ကျန်းမာရေး ဆွေးနွေးသူတွေ အကူအညီယူပြီး အပြုအမူဆိုင်ရာကုထုံး (Cognitive behavioral therapy) တွေ ယူလို့ရကြောင်းလည်း ကြားသိခဲ့ရပါတယ်။

ဘယ်လိုလက္ခဏာတွေ ဖြစ်လာရင် မပေါ့ဘဲ ရောဂါထပ်ရှာရမယ်ဆိုတာ မှတ်ထားတယ်။ (ဥပမာ ပိုပိုပိန်လာတာ၊ ဝမ်းထဲ သွေးပါ၊ အလုံးပေါ်လာတာ၊ အစားပျက်တာ၊ ဖျားတာမျိုး)

ရောဂါအကြောင်း နားလည်လာတဲ့အခါ ဘယ်လို ယှဥ်တွဲနေထိုင်ရမယ်ဆိုတာ သိလာတယ်။

ဆရာဝန်က ပျောက်ကင်းနိုင်ပါတယ် ပြောပေမယ့် ဝေဒနာတွေတော့ ခုထိ လာလိုက်ပျောက်လိုက်ပါ။ ဒါပေမယ့် ရောဂါနဲ့ပတ်သက်ပြီး ပူပန်မှုနည်းလာတယ်။ အဲဒီအတွက် ဝေဒနာခံစားရတဲ့ နေ့တွေက အရင်လောက် မပင်ပန်းတော့သလိုပဲ။

နေမကောင်းတဲ့ နေ့တွေမှာ ကိုယ့်ကိုယ်ကိုယ် နားလည်ပေးတယ်။ အိမ်နဲ့ အလုပ်ကိုလည်း ရောဂါအကြောင်း ရှင်းပြထားတယ်။

နေကောင်းတဲ့နေ့တွေမှာ ပိုပြီးအဆင်ပြေအောင် နေတယ်။

တကယ်လို့ စာဖတ်တဲ့သူတွေထဲ အူလမ်းကြောင်း လှုပ်ရှားမှု ပုံမမှန်တဲ့ရောဂါနဲ့ ယှဥ်တွဲနေထိုင်နေသူတွေရှိရင်လည်း အတူတူ အားတင်းထားကြမယ်နော်။

ခက်ခဲပေမယ့် ကျော်ဖြတ်ကြမယ်။ အားလုံး လုပ်နိုင်တယ်နော်။

ဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်…။

Disclaimer –
This is not a real patient. This is a simulated article written from a patient’s perspective.

အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်သောရောဂါအကြောင်း ပိုမိုသိရှိလိုလျှင် ပြန်လည်ဖတ်ရှုရန် >>> click here

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here