သီချင်းသံစဉ်တစ်ခုကို ကြားလိုက်ရတဲ့အခါ
ရနံ့တစ်ခုခုကို ရုတ်တရက် ရှူရှိုက်လိုက်မိတဲ့အခါ . . .

အတိတ်မှာ ကြုံခဲ့ဖူးတဲ့အဖြစ်အပျက် ဒါမှမဟုတ် အမှတ်တရတွေကို ပြန်ခံစားမိတာမျိုး၊ အဲဒီတုန်းကအချိန်ကို ပြန်ရောက်သွားသလို ခံစားချက်မျိုး ကြုံဖူးကြတယ်မို့လား။

ဟုတ်ပါတယ်။

သီချင်းသံ၊ အနံ့တစ်ခုခုကြောင့် အတိတ်က အမှတ်တရတွေ၊ စိတ်ခံစားချက်တွေ ပြန်လည် နိုးထလာတာကို စိတ်ပညာမှာတော့ “ အာရုံခံနိုင်မှုဆိုင်ရာ လှုံ့ဆော်မှုကြောင့် အမှတ်ရခြင်း” (Sensory-Evoked Memory) သို့ မှတ်ဉာဏ်၏ လှုံ့ဆော်မှု (Memory Triggers) လို့ အလွယ်ခေါ်လို့ရပါတယ်။

တချို့နေရာတွေမှာ အဲဒီခံစားချက် အဟောင်းတွေ ပြင်းထန်လွန်းရင်တော့ “ စိတ်ခံစားမှုဆိုင်ရာ လျှပ်တစ်ပြက် ပြန်ခံစားမှု” (Emotional Flashback) လို့လည်း ခေါ်ဆိုတတ်ပါတယ်။
.

🧠 ဘာကြောင့်ဖြစ်ရတာလဲ။

ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်မတို့ ဦးနှောက်ရဲ့ မှတ်ဉာဏ်စနစ်နဲ့ စိတ်ခံစားမှုစနစ် ချိတ်ဆက်ပုံကြောင့်ပါ။

လူတွေရဲ့ ဦးနှောက်မှာ Amygdala လို့ခေါ်တဲ့ ကျွန်မတို့ရဲ့ စိတ်ခံစားမှု (ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု) တွေကို စီမံခန့်ခွဲတဲ့ ဦးနှောက်အစိတ်အပိုင်းလေး ရှိပါတယ်။ Hippocampus လို့ ခေါ်တဲ့ အစိတ်အပိုင်းလေးကတော့ အမှတ်တရတွေကို သိမ်းဆည်းတဲ့အပိုင်းပေါ့။

ကျွန်မတို့က အဖြစ်အပျက်တစ်ခုကို ကြုံတွေ့တဲ့အခါ Amygdala က စိတ်ခံစားချက်ကိုယူပြီး Hippocampus က အဲဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ပါတယ်။ ဒီလိုနဲ့ မှတ်ဉာဏ်တစ်ခုစီတိုင်းမှာ စိတ်ခံစားမှုတွေပါ အတူတူတွဲပါသွားပါတယ်။

အာရုံခံစားမှု (Sensory Input) တွေက အဲဒီနေရာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့အတွက် အခုမှကြားဖူးတဲ့ သီချင်းသံ ဒါမှမဟုတ် အနံ့တစ်ခုခုက အတိတ်က မှတ်ဉာဏ်နဲ့တွဲနေတဲ့ Amygdala/Hippocampus ကို တန်းသွားပြီး လှုံ့ဆော်လိုက်တဲ့အခါ စိတ်ခံစားချက်အဟောင်းတွေက ပြန်ပေါ်လာရတာပါ။

အနံ့ရဲ့ထူးခြားချက် (The Power of Smell) ကလည်း တခြားအာရုံတွေ (အမြင်၊ အကြား၊ အထိအတွေ့) ထက်ပိုပြီး စိတ်ခံစားမှုပြင်းထန်တဲ့ အမှတ်တရတွေကို ဖော်ထုတ်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ အနံ့အာရုံခံအချက်ပြမှုဟာ မှတ်ဉာဏ်နဲ့ စိတ်ခံစားမှုဗဟို (Hippocampus နဲ့ Amygdala) ဆီကို တိုက်ရိုက် ရောက်သွားလို့ပါပဲ။ ဒါကြောင့် အနံ့ကနေ ပြန်ပေါ်လာတဲ့ အမှတ်တရတွေက ပိုပြီးပြတ်သား၊ ပိုပြီးစိတ်လှုပ်ရှားစရာ ဖြစ်နေတတ်တာပါ။
.

❓ဒါဟာ ရောဂါတစ်ခုလား။

ဒီလို ခံစားချက်တွေ ပေါ်လာတာဟာ လုံးဝ ပုံမှန်ပါပဲ။ စိတ်ကျန်းမာရေး တစ်ခုခုဖြစ်နေလို့ မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့လူသားတွေရဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တစ်ခုပါပဲ။

ဆိုတော့

✅ ဒါကို တွေ့ကြုံခံစားရတယ်ဆိုရင်

၁။ ပေါ်လာတဲ့ ခံစားချက်ကို အသိအမှတ်ပြုပါ။
“ ငါ အခု ဝမ်းနည်းနေတာ/ပျော်နေတာ/ကြောက်နေတာ။ ဒီခံစားချက်က အတိတ်က (ဥပမာ ၅ နှစ်သားအရွယ်က၊ ကျောင်းသားဘဝက) အဖြစ်အပျက်တစ်ခုနဲ့ ဆက်စပ်နေတယ်” လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

ခံစားချက်ကို တွန်းမထုတ်ပါနဲ့။ ခဏလေး နေခွင့်ပေးလိုက်ပါ။ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ တင်းကျပ်မှု၊ လေးလံမှု စတဲ့ခံစားချက်တွေကို စိတ်အေးအေးထားပြီး ခံစားကြည့်ပါ။
.

၂။ လက်ရှိ အခြေအနေကို ပြန်လာပါ (Grounding)။
အထူးသဖြင့် နာကျင်စရာ၊ ကြောက်ရွံ့စရာ ခံစားချက်တွေ ပြန်ခံစားနေရရင် အခုလက်ရှိအချိန်၊ နေရာကို ပြန်ရောက်ဖို့ လိုပါတယ်။ ဒါကို Grounding Technique လို့ ခေါ်ပါတယ်။

  • ပတ်ဝန်းကျင်က အရာ ၅ ခုကို ကြည့်ပါ။
    အဖြူရောင် နံရံ၊ စားပွဲပေါ်က ခွက်၊ စာအုပ်၊ ဖုန်း၊ ပြတင်းပေါက်…
  • ပတ်ဝန်းကျင်က အသံ ၄ ခုကို နားထောင်ပါ။
    ပန်ကာသံ၊ ကားသံ၊ ငှက်သံ၊ ကိုယ့်အသက်ရှူသံ
  • ပတ်ဝန်းကျင်က အထိအတွေ့ ၃ ခုကို ခံစားပါ။
    ထိုင်‌နေတဲ့ကြမ်းရဲ့ မာကျောမှု၊ လက်ထဲက ဖုန်းရဲ့ အေးစက်မှု၊ လေတိုက်တာ
  • ပတ်ဝန်းကျင်က အနံ့ ၂ ခုကို သတိထားပြီးရှူပါ။
    ကော်ဖီနံ့၊ ဆပ်ပြာနံ့
  • အရသာ ၁ ခုကို မြည်းစမ်းပါ။
    ပါးစပ်ထဲက အရသာကို အာရုံခံတာ။

ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်အာရုံကို အတိတ်ကနေ ဆွဲထုတ်ပြီး လက်ရှိကို ပြန်ရောက်စေပါတယ်။
.

၃။ သင်ခန်းစာအဖြစ် မှတ်ယူပါ (Reflection)

  • အဆိုးတွေကို ပြန်ခံစားရတယ်ဆိုရင်
    ဒါဟာ အဲဒီအဖြစ်အပျက်ကို ကိုယ်တိုင် ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကို ပြတာပါပဲ။ ဒီခံစားချက်က အတိတ်ကဖြစ်ခဲ့တာ၊ အခုချိန်မှာတော့ မဟုတ်တော့ဘူး ဆိုတာလေးကို သတိပြုပါ။ နာကျင်ခဲ့တဲ့ ကိုယ့်အတိတ်ကို သနားကြင်နာစိတ် (Self-Compassion) ထားပါ။
  • အကောင်းတွေကို ပြန်ခံစားရတယ်ဆိုရင် ဒါကတော့ “ လွမ်းမောဖွယ် အမှတ်တရ (Nostalgia)” ပါပဲ။
    အဲဒီအချိန်က ပျော်ရွှင်မှုကို ခဏတာ ပြန်ခံစားခွင့်ရတာကို ကျေးဇူးတင်ပါ။ တစ်ခါတစ်ရံ ဒီခံစားမှုဟာ မျှော်လင့်ချက်ကိုလည်း ပေးနိုင်ပါတယ်။

အနှစ်ချုပ်ရရင်တော့ ဒီလိုခံစားချက်တွေ ပေါ်လာတာဟာ “ ငါ့ရဲ့ မှတ်ဉာဏ်တွေ အလုပ်လုပ်နေတာပဲ” လို့ ရိုးရိုးရှင်းရှင်း မှတ်ယူလိုက်ပါ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ခဏလေး အချိန်ပေးပြီး လက်ခံလိုက်တာဟာ စိတ်ကျန်းမာရေးအတွက် ထားရှိသင့်တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here