နှစ်သစ်ကူးကာလမှာ မေ့ပစ်ချင်တာတွေ များလို့ပဲဖြစ်ဖြစ်၊ ဘော်ဒါအပေါင်းအသင်းတွေ စုံလို့ပဲဖြစ်ဖြစ် နည်းနည်းပါးပါး သောက်ခဲ့ကြသူများ ရှိမှာပါ။
ဒီလိုနဲ့ သောက်အပြီး နောက်တစ်ရက်မှာ ခေါင်းမထူနိုင်ဖြစ်နေသူများလည်း ရှိကြမှာပါ။
ဒီလိုလူတွေ နှစ်သစ်မှာ အမြန်နာလန်ထူပြီး ခေါင်းကြည်ဖို့အပြင် နောင်တစ်ချိန် ကြုံလာခဲ့ရင်လည်း အားပြန်ရှိဖို့ စားသင့်တာလေးတွေ ဖော်ပြပေးသွားပါမယ်။
…
…
အရက်နာကျတယ်လို့ပဲ လွယ်လွယ်သုံးလိုက်တော့မယ်နော်။
တစ်ခါတစ်ရံလေး social drink မိပေမယ့်လည်း alcohol ဟာ အားယုတ်စေပါတယ်။
ဘာလို့လဲဆိုတော့ …..
အရက်ကို ချေဖျက်ဖို့ ခန္ဓာကိုယ်ထဲက ဗီတာမင် ဘီ အုပ်စုများကို အသုံးပြုလိုက်ရပါတယ်။ ဒီတော့ အားနည်းလွယ်စေပါတယ်။ နှုတ်ခမ်းမှာ အနာဖြစ်တာမျိုး၊ နှုတ်ခမ်းကွဲတာ၊ လျှာတွေ တစ်မျိုးကြီးဖြစ်တာ၊ ခံတွင်းထဲ အနာဖုလေးဖြစ်တာတွေဟာ ဘီအုပ်စု ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေပါ။ ဒါကြောင့် အရက်သောက်ပြီးရင် ဘီအုပ်စုအစုံပါတဲ့ အားဆေးပြန်သောက်ပေးဖို့လိုပါတယ်။
အရက်ဟာ ဆီးသွားများစေပါတယ်။ ရေဓာတ်ကို မစုပ်ယူတော့ဘဲ စွန့်ပစ်စေပါတယ်။ ဒါကြောင့် ဘီယာသောက်ပြီး ဆီးတွေ တအားသွားရတာပေါ့။
အကျိုးဆက်ကတော့ ရေဓတ်ခန်းခြောက်မှု ဖြစ်ပါတယ်။ ဒါ့အတွက်တော့ အရည်များများပြန်သောက်ပေးပါ။ စွပ်ပြုတ်လို ဆားဓာတ်ပါတာဆို ပိုကောင်းပါတယ်။ နောက်ပြီး အုန်းရည်သောက်ပေးတာ၊ juice လေးတွေ သောက်ပေးတာမျိုးဟာ အရက်ကြောင့်ဆုံးရှုံးရတဲ့ ပိုတက်စီယမ်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရာရောက်လို့ ကောင်းပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းပါတာမျိုးတွေကတော့ ရေဓာတ်ခမ်းခြောက်မှုကို ပိုဆိုးစေပါတယ်။ ခေါင်းကြည်ချင်လို့ဆိုပြီး မသောက်ပါနဲ့ဦးနော်။
အရက်ကို အမြည်းမပါဘဲ သောက်တာမျိုး၊ အများကြီး သောက်မိတာမျိုးဆို အစာအိမ်ရောင်စေပါတယ်။ ဒါကြောင့် အစာအိမ်အတွက် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အစာခြေလွယ်တဲ့ ငှက်ပျောသီးလိုမျိုး စားပေးတာ၊ ဖရဲသီးလိုမျိုးလေး စားတာ၊ ကန်စွန်းဥပြုတ်၊ နို့ဆန်ပြုတ်လို ပေါ့ပေါ့ပါးပါး ဝင်လွယ်တာမျိုးလေး စားပေးတာ အဆင်ပြေပါတယ်။ အပူအစပ်တွေကိုတော့ ရက်အနည်းငယ် ရပ်ထားသင့်ပါတယ်။
သောက်အပြီး ဥဩဆွဲရတယ်ဆို အားလည်းပြတ်၊ လူလည်းပင်ပန်း၊ ဆားဓာတ်တွေလည်း ဆုံးရှုံးရပါတယ်။ အအန်ပျောက်ဆေး နဲ့ အစာအိမ်ဆေး တွဲသောက်ပြီး ဓာတ်ဆားလေးဖျော်သောက်ပေးပါ။
စားလို့မကောင်းဘူး ခံတွင်းပျက်နေရင်တော့ အချဉ်လေး ဘာလေးထည့်စားပါ။ ဥပမာ ရှမ်းချဉ်တို့၊ မုန်လာချဉ်တို့လိုမျိုးကို ဆန်ပြုတ်တို့ ထမင်းတို့ထဲ ထည့်စားတာမျိုးပါ။ ကင်ချီဟင်းရည် လုပ်စားတာမျိုးပေါ့။
တချို့တွေက သောက်မိတဲ့ ယာမကာအမျိုးအစားနဲ့ မိမိအူလမ်းကြောင်း မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ခဏခဏ ဝမ်းသွားရတာမျိုးပေါ့။ ဒါဆိုရင်တော့ နို့ထွက်ပစ္စည်းပါတာတွေ ခဏရပ်ထားပြီး ဒိန်ချဉ်လိုဟာမျိုး ပြန်စားပေးပါ။ ဒိန်ချဉ်က lactose ပါဝင်မှုနည်းပြီး အူလမ်းကြောင်းအကျိုးပြုပိုးလေးတွေ ပါတဲ့အတွက် အူရောင်တာ မြန်မြန်သက်သာစေပါတယ်။
ကြက်ဥစားပေးတာလည်း အားအမြန်ပြည့်စေပါတယ်။ လွယ်လွယ်ကူကူ စွပ်ပြုတ်ထဲ ကြက်ဥဖောက်ထည့်လိုက်ရင်တောင် ရတာမို့ ကြက်ဥစားဖို့လည်း မမေ့ပါနဲ့နော်။
…
…
ဒါဆိုရင် အရက်နာကျနေရင် စားသင့်တဲ့ နမူနာပုံစံလေးက …
မနက်စောစော နိုးလာတယ်။ အိပ်ရာထတာတော့မဟုတ်ဘူးပေါ့။ နိုးလာတယ်ဆိုရင်ကို ဆီးလေးထသွားပြီးရင် ဓာတ်ဆားလေးတစ်ထုပ် ဖျော်သောက်ပြီး ပြန်နားပေးပါ။ ခေါင်းတော်တော်မူးနေရင်တော့ ဂျင်းနဲ့ ပျားရည်ကို ရေနွေးလေးနဲ့ဖျော်ပြီး သောက်ပါ။ ပြီးရင်နားပါ။
နားပြီးလို့ ထပြီဆိုရင်တော့ အဖတ်စားနိုင်တဲ့သူက ပေါင်မုန့်ကင်နဲ့ ကြက်ဥကြော်၊ ဥဩဆွဲထားရင်တော့ ဆန်ပြုတ်လေး ကြက်ဥဖောက်ထည့်တာမျိုး သောက်ပါ။ ကော်ဖီ၊ အချိုရည်တွေ မသောက်ပါနဲ့။ ပြီးရင် ဘီအုပ်စုပါ အားဆေးလေးသောက်။
နေ့လယ်စာကိုတော့ မစားနိုင်သေးရင် ထမင်းတွေဟင်းတွေ စားတာမျိုး မလုပ်ပါနဲ့။ လွယ်လွယ်ကူကူ စွပ်ပြုတ်လေးတစ်ခုခုသောက်။ အဖတ်စားနိုင်ရင် အသီးလေးဘာလေး ငှက်ပျောသီးလေးစား။
ညနေလောက်ကျ အိုးလေးဒိန်ချဉ်လို ဒိန်ချဉ်နဲ့ ထန်းလျက်ရည်လေးရောစား။ အုန်းရည်ဝယ်လို့ရရင်လည်း ဝယ်သောက်ပေးပါ။
ညလောက်ဆိုရင်တော့ တော်တော်လန်းလာပါပြီ။ ဒါဆိုရင်တော့ အဆီမများတာ အပူအစပ်မများတာမျိုး ပုံမှန်အစားအစာ ကြိုက်နှစ်သက်ရာ ပြန်စားနိုင်ပါပြီ။
အားလုံးပဲ ကျန်းမာရွှင်လန်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်ရပါစေ…။
အာဟာရဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


