“ သူနာပြုကျောင်းသူဘဝရဲ့ အမှတ်တရဇာတ်လမ်း”

ကျောင်းသူဘဝရဲ့ထုံးစံအတိုင်း Ward ထဲ စဆင်းရမယ့်အချိန်ပေါ့။ စာဆိုရင် စာကလေးခွေတောင် မကြိုက်တဲ့ကျွန်မ၊ ကျောင်းစာတွေမှာလည်း အပျင်းကြောထူတဲ့ကျွန်မ၊ လူနာ အယောက် ၄၀ ရအောင် case ယူရမယ်ဆိုတော့ မဗေဒါမြေလူးတဲ့အဖြစ်ထက် ကျွန်မအဖြစ်က ပိုဆိုးပါတယ်။

အဲဒီမှာ စပါပြီ။ ပထမဆုံး OG ward ထဲ အလှည့်ကျတယ်။ OG Ward ဆိုတာ သိတဲ့အတိုင်းလေ “ အား….အား အမေရေ ယောက်ျားရေ” ၊ “ မြန်မြန်ထွက်ပါတော့….ဒီကလေးလည်း” ၊ “ညှစ်ထား ညှစ်ထား ဒူးထောင်ထားဟ” ၊ “နင့်တင်ပါးကြီး အထက်ကိုကြွမထားနဲ့… အောက်ကို အောက်ချပါဟ” ဆိုတဲ့အသံတွေကြားရပြီးနောက် အဆောင်သူဘဝက အပြောကြီးခဲ့တဲ့ကျွန်မ လာရာလမ်းကနေတောင် လှည့်ပြန်ချင်စိတ်ပေါက်မိတယ်။

သူနာပြုသင်တန်းမတက်ခင်က ဆေးရုံနဲ့ပတ်သက်လို့ကြောက်တတ်သောကျွန်မ၊ ရွံတတ်သောကျွန်မအတွက် အတော့်ကို အားတင်းခဲ့ရတဲ့အချိန်ပေါ့။ ဒီလိုနဲ့ night duty ကျတဲ့တစ်နေ့… အဲဒီမှာ စတွေ့တာပဲ။

လူနာက ဗိုက်နာလို့ “ အယ်မလေး လာပါဦး။ အယ်မလေး ဆရာမလေးရေ” နဲ့ စက်သေနတ်ပစ်သလို ခေါ်နေတော့တာ။ နဂိုကမှ ဒီကကြောက်တတ် ရွံတတ်ပါတယ်ဆို အဲဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အောက်ပိုင်းကထွက်လာတဲ့ အနံ့က ဘာနံ့နဲ့တူလည်းဆိုရင် ဘဲဥပုတ်ကို ဒညင်းသီးစားရည်စိမ်နဲ့ ရောထားတဲ့အတိုင်းပဲ။ အဲဒီလောက်ဆိုရင် ကိုယ့်ဘာသာ တွေးကြည့်တော့။ ဘယ်လောက် မွှေးလိုက်လဲဆိုတာ။

(တကယ်တော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာဖြစ်ဖြစ်၊ မိန်းမကိုယ် ပိုးဝင်ပြီး အဖြူဆင်းတာကြောင့်ပဲဖြစ်ဖြစ် အနံ့ဆိုးထွက်တတ်ပါတယ်။ အဖြူဆင်း၊ အရည်ဆင်း၊ အနံ့ဆိုးထွက်တာတွေဟာ ဆရာဝန်နဲ့ သေချာကြိုတင် ကုသရမယ့် ကိစ္စတွေပါ။ ကလေးအတွက် အန္တရာယ်ရှိလို့ပါ။ အဲဒီအချိန်ကတော့ ပထမဆုံးအတွေ့အကြုံမို့ အဲဒါတွေ မတွေးနိုင်သေး)

ဒီအချိန်မှာပဲ

“ အား အား အယ်မလေး ထွက်ပါပြီ လုပ်ကြပါဦး” တဲ့။ ဒီတုန်းက ဆရာဝန်တွေက အကုန် ခွဲခန်းထဲမှာ။ အနားမှာဆို ကိုယ်ရယ်၊ သန့်ရှင်းရေးအန်တီကြီးရယ်၊ သူနာပြုဆရာမကြီးရယ်၊ သူနာပြုဆရာမ အစ်မတစ်ယောက်ရယ်ပဲ ရှိတာ။ ကျန်တဲ့ သူနာပြုသင်တန်းသူတွေကလည်း ခွဲခန်းထဲမှာ။ ကိုယ်မွေးပေးရမယ့်အလှည့် ဆိုပါတော့။

ဘာအတွေ့ကြုံမှမရှိတဲ့ ကျွန်မနဲ့မှ စတွေ့တာပဲ။ မိခင် မွေးလမ်းကြောင်းထဲကနေ ကလေးက ခေါင်းထွက်တော့မယ်။ ဆံစလေးတွေနဲ့အတူ ရေမြွှာအိတ်ကြီးက မြင်နေရပြီ။ ရေမြွှာက မပေါက်သေး။ အဲဒီအချိန် sister ကြီးကလည်း အနားမရှိ။ ကျန်လူတွေကလည်း မအားကြဘူး။

တကယ်က ဒီမိခင်က ဒုတိယမြောက်ကိုယ်ဝန်ပါ။ သူ့ကို ခွဲမွေးဖို့ လုပ်််််ထားတာပါ။ အဲဒီအချိန် ဘဝမှာပထမဆုံးအတွေ့ကြုံဆိုတော့ မလုပ်တတ်မကိုင်တတ်နဲ့ မွေးလမ်းကြောင်းထဲ ပြူးကြောင်ကြောင်ကြည့်ရင်း ကျောင်းစာတွေကို ပြန်တွေးနေမိရဲ့။ မပေါက်သေးတဲ့ ရေမြွှာအိတ်အတွက် ရေမြွှာအရောင်ခွဲတဲ့စာတွေ ပြန်တွေးတုန်းရှိသေး…ဘာပြောကောင်းမလဲ ကိုယ့်လူတို့ရေ မီးသတ်ပိုက်နဲ့ ထိုးပက်လိုက်သလိုပဲ “ ဗွမ်း” ခနဲဆို ရေမြွှာရည်တွေ ကိုယ့်မျက်နှာတစ်ခွင်နဲ့ ပါးစပ်ထဲ တန်းဝင်တာ။ ငိုချင်တာဆိုတာလေ၊ သူများခန္ဓာကိုယ်က အညစ်အကြေးတွေ ပါးစပ်ထဲဝင်သွားတာကြောင့် ရွံလိုက်တာဆိုတာရော။

အဲဒီအချိန် ကလေးက ခေါင်းကထွက်။ အမေကလည်း အော်။ ဆရာမလေး ဆရာမလေး လုပ်ပါ လုပ်ပါနဲ့။ ကိုယ်ကလည်း ဘာလုပ်ရမှန်းမသိ။ ဒါနဲ့ ကျောင်းမှာ ကြည့်ဖူးတဲ့ မွေးဖွားခြင်းဖြစ်စဉ် video ထဲက မွေးပေးတာကို ပြန်သတိရပြီး၊ ကလေးခေါင်းကို သေချာလှည့်ထုတ်ပေးပြီး မွေးပေးရင်း ကလေးက ချက်ကြိုးတန်းလန်းနဲ့။ ကိုယ့်ပါးစပ်ကလည်း စစ်စတာရေ၊ အန်တီရေ ခေါ်။ သူတို့တွေက လုပ်လက်စတွေထားခဲ့ပြီး လာ။ စစ်စတာကြီးနဲ့ အမ staff တွေကလည်း တော်ရှာပါတယ်။ သမီး ချက်ကြိုးဘယ်လိုဖြတ်ကအစ သင်ပေးတယ်။

အယ်… မွေးဖွားခြင်းဖြစ်စဉ် ပြီးဆုံးပြီးနောက် အကွဲတွေအပြဲတွေကို ပပဝတီ လုပ်ပေးရမယ့်အပိုင်းပေါ့။ ပြန်ချုပ်ရမယ်လေ။ ဒါမှ သူ့မွေးလမ်းကြောင်းလေး သပ်သပ်ရပ်ရပ် ဖြစ်နေမှာပေါ့။ စချုပ်ဖို့ ထုံဆေးထိုးနည်းကအစ သင်ပေးကြပါတယ်။ ကိုယ့်မှာ အပ်ကိုင်တာနဲ့ လက်ကတုန်နေပြီ။ ကလေးအမေရဲ့ ရေမြွှာနံ့ကလည်း ပြင်းလိုက်တာဆိုတာ။ စချုပ်ခါစကတော့ ဟုတ်နေတာ။ ချုပ်ရင်း အပေါ်ဆုံး အရေပြားအလွှာလည်းရောက်ရော သူက စအော်ပါပြီ။ “ အယ်မလေး တော်ပြီ၊ ဆရာမလေး တော်ပြီ၊ မလုပ်နဲ့တော့ မလုပ်နဲ့တော့” တဲ့။ ပေါင်တွေလည်း တဆတ်ဆတ်တုန်နေတာဆိုတာ။ ကိုယ့်မှာက ချုပ်နေရင်း ဘာဆက်လုပ်ရမလဲ မသိ။

အဲဒီအချိန် ကူပေးနေတဲ့ သန့်ရှင်းရေးအစ်မက လူနာကိုပြောတယ် “ အစ်မရယ် နင် အဲဒီလိုအနာမခံရင် နင့်ယောက်ျား နင့်ကိုမချစ်ဘဲ နေလိမ့်မယ်တဲ့ (ကိုယ်စတွေးပြီလေ အပ်ကိုင်ရင်း…. ချစ်တာနဲ့ ငါချုပ်တာနဲ့ ဘယ်လိုပတ်သက်လဲပေါ့) ဒါနဲ့ ရင်ထဲမအောင့်နိုင်တာနဲ့ အန်တီ သူ့ယောကျာ်း ဘာလို့ သူ့မချစ်မှာလဲလို့ မေးတော့ “ ဪကလေးရယ် နင်ယောကျာ်းယူပြီး ကလေးမွေးရင် သိလိမ့်မယ်တဲ့” ။ အဲဒီစကားကို ခုထိ နားကိုမလည်သလို မသိသေးဘူး။ ပြောချင်တာက ကိုယ်က ခုထိ single ဖြစ်နေတယ်ဆိုတဲ့အကြောင်း။

အချုပ်အလုပ် ပပဝတီ ဇာတ်လမ်းတွေပြီးတော့ ချီးမွမ်းခြင်းတွေတော့ ခံရတာပေါ့။ ဆရာမလေး တော်တော်သတ္တိကောင်းပြီး တော်တယ်ဆိုပဲ (ကိုယ့်ရင်ထဲဝယ် ဒူးရင်းသီးသီးပြီး ကြောက်ဒူးတုန်နေတာ လူမသိ)။ “ အားလုံးပြီးဆုံးသွားတော့ ရင်တစ်ခုလုံး ကြေမွသွား” ဆိုတဲ့သီချင်းထဲကလို အခုကတော့ “ အားလုံးပြီးဆုံးသွားတော့ မျက်နှာတစ်ခုလုံး ရေမြွှာများ” ပေါ့။ ရေမြွှာရည်အရသာကတော့ ရှယ်ပဲအေ။

အဲဒီနေ့က case တစ်ခုရလိုက်လို့တော့ ပျော်မိသား။ ဘဝရဲ့ ပထမဦးဆုံးအမှတ်တရနဲ့ ဟာသတစ်ခုဆိုပေမယ့် မိခင်နဲ့ကလေးရဲ့အသက်ကို ကယ်ခွင့်ရလိုက်လို့ တအားပျော်ရတယ်။ အခုထိ အမှတ်ရနေဆဲပါ။

အခုဆိုရင်ကျွန်မ မွေးပေးခဲ့တဲ့ ကလေးလေးလည်း အသက် ၈ နှစ်နီးပါးလောက် ရှိပြီပေါ့။ သူ့မိဘတွေက ကျွန်မကိုကျေးဇူးတင်တဲ့အနေနဲ့ ဆေးရုံဆင်းခါနီး လက်အုပ်ချီပြီးကန်တော့လို့ ကိုယ့်မှာ ပတ်ပြေးခဲ့ရသေးတယ် (သူတို့က ကိုယ့်ထက် အသက်အားဖြင့် ၂၀ လောက်ကြီးတယ်လေ)။ ကလေးကိုတောင် ဆရာမလေး နာမည်ပါအောင် ပေးလိုက်တယ်တဲ့။ အမှတ်တရပါပဲ။

ဒါနဲ့
ရေမြွှာရည် ဘာအရသာလဲ သိကြလား စာဖတ်သူတို့…။

CDM သူနာပြုတစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here