ဒီရက်ပိုင်းအတွင်း ခေါင်းကိုက်ပြီး နေလို့ထိုင်လို့မကောင်းလို့ ဆေးခန်းလာပြကြတဲ့ လူနာတွေထဲမှာ ဟုတ်တိပတ်တိ အခြား လဏ္ခဏာတွေလည်း မရှိပါဘဲနဲ့ လူကမလန်း၊ နေလို့မကောင်း ဖြစ်နေကြတာမျိုးကို တွေ့ခဲ့ရပါတယ်။
တခြားဘာရောဂါမှလည်း မရှိကြပါဘူး။ ပါရာစီတမောသောက်လည်း မသက်သာကြဘူးရယ်။ နေတဲ့နေရာကို မေးကြည့်တော့ လက်ရှိက ဘန်ကောက်မှာပါတဲ့။ ဒါနဲ့ “ လေထုညစ်ညမ်း” လို့များလားဆိုပြီး သံသယရှိလာတဲ့အတွက် ဘန်ကောက်ရဲ့ လတ်တလော လေထုအရည်အသွေး (Air quality index) ကို ရိုက်ရှာကြည့်တော့ “ လေထုမသန့်ဘူး၊ မကောင်းဘူး၊ သတိထားရမယ့် အခြေအနေပါ” တဲ့။
…
…
ကြုံလို့ တစ်ဆက်ထဲပြောရရင်တော့ မိမိနေထိုင်ရာအရပ်မှာရော လေထုသန့်ရဲ့လား သိချင်ရင် Air quality index ဆိုပီး Google မှာ ရိုက်ရှာနိုင်ပါတယ်။
0-50 ဆို အလွန်ကောင်းတယ်။
51-100 ဆို သင့်တင့်တယ်။
101-150 ဆို ကျန်းမာရေးထိခိုက်နိုင်တယ်။ ( အထူးသဖြင့် ရောဂါအခံရှိသူ၊ အားနည်းသူ)
151-200 ဆို ကျန်းမာရေးထိခိုက်နိုင်တယ်။
201-300 ဆို အလွန်အမင်း ကျန်းမာရေးထိခိုက်စေနိုင်တယ် လို့ သတ်မှတ်လို့ရပြီး
301 အထက်ဆိုရင်တော့ ဘေးအန္တရာယ်လို့တောင် ပြောလို့ရနေပါပြီ။
.
လက်ရှိမှာတော့ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံးမြို့ကတော့ ပါကစ္စတန်နိုင်ငံရဲ့ Lahore မြို့ပါ။ နောက်ပြီး india က မြို့တွေပေါ့။
ရန်ကုန်ဟာဆိုရင် လေထုညစ်ညမ်းတဲ့နေရာမှာ နံပါတ် ၃၆ လောက်မှာပါ။ အညွှန်းကိန်း ၈၈ ဆိုတော့ လေထုအခြေအနေက အသင့်အတင့်တော့ ရှိပါသေးရဲ့။ ရာသီအလိုက်၊ အချိန်အလိုက်တော့ လေထုညစ်ညမ်းမှုနှုန်းတွေက ပြောင်းလဲတတ်ပါသေးတယ်။ ဘန်ကောက်ဆိုရင် လက်ရှိအချိန်မှာ အညွှန်းကိန်း ၁၀၀ နဲ့အထက်မှာပါ။ ဒါကြောင့် ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။
…
…
လေထုက ပတ်ဝန်းကျင်ကျန်းမာရေးကဏ္ဍမှာဆိုရင်တော့ ရေတိုအနေနဲ့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေမယ်၊ ရောင်ရမ်းစေပါမယ်။ ရေရှည်မှာတော့ အဆုတ်အားနည်းတာ၊ နာတာရှည်လေပြွန်ကျဉ်းတာ၊ အဆုတ်ခြောက်တာအပြင် အဆုတ်ကင်ဆာလိုမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
” အဆုတ်တစ်ခုပဲ ထိတာလား” ဆိုတော့ မဟုတ်ပါဘူး။
ရှူသွင်းလိုက်တဲ့ အရာဖြစ်လို့ အသက်ရှူလမ်းကြောင်းအကုန်လုံးတင်မက သွေးထဲရောက်မှာဖြစ်လို့ နှလုံးနဲ့သွေးကြောအကုန်လုံးကိုပါ ထိခိုက်စေမှာပါ။ ပြီးတော့ ဦးနှောက်က သွေးနဲ့အောက်ဆီဂျင်ကို လိုအပ်တာမို့ ခေါင်းကိုက်တာ၊ ခေါင်းမကြည်တာ၊ အရင်လို ကောင်းစွာမလန်းဆန်းနေတာအပြင် တစ်ကိုယ်လုံးက ကလီစာတွေပါ မသန့်ရှင်းတဲ့လေကြောင့် ထိခိုက်နိုင်ပါတယ်။
.
လေထုညစ်ညမ်းတဲ့အကြောင်းကို ဆက်ရရင်တော့ ရှည်သွားမှာမို့ ဒီဆောင်းပါးမှာတော့ “ မိမိတစ်ကိုယ်စာအနေနဲ့ လတ်တလော ကျန်းမာရေး မထိခိုက်အောင်” ဆိုတဲ့ ရှုထောင့်ကနေ ဖော်ပြပေးသွားပါမယ်။
မိမိက အပြင်ထွက်ပြီး သွားလာနေရတယ်၊ မသွားလို့မဖြစ်ဘူးဆိုရင် “ လေထုအညစ်ညမ်းဆုံး အချိန်တွေမှာ မထွက်ရင်ကော ဖြစ်နိုင်လား” ဆိုတာကို ချိန်ဆ ကြည့်ပါ။ အထူးသဖြင့် ရုံးချိန် (Office hour) ၊ ယာဉ်ကြောပိတ်ဆို့ချိန် (traffic jam) ဖြစ်နိုင်မယ့်အချိန်တွေမှာ သွားမှဖြစ်မှာဆိုရင် ဖြစ်နိုင်ရင် ကားနဲ့သွားပါ။ ကားအဲကွန်းဖွင့်တဲ့အခါ လေကို ကားအတွင်းမှာဘဲ လှည့်အောင််ချိန်ပါ။ မှန်အလုံပိတ်ပါ။
ကားနဲ့မဟုတ်ဘူး၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ်၊ လမ်းလျှောက်ရတာဖြစ်ဖြစ်မျိုးဆိုရင်လည်း သေချာကာကွယ်ပေးနိုင်တဲ့ နှာခေါင်းစည်းအကာအကွယ် (N95 mask) လိုမျိုးကို ဝတ်ပြီး သွားပါ။ လေထုညစ်ညမ်းနေတုန်းမှာ အပြင်ထွက်ပြီး အားကစားလုပ်တာ၊ လေတဝကြီးရှူတာမျိုးကို မလုပ်သင့်ပါဘူး။ အခန်းတွင်းလှုပ်ရှားလေ့ကျင့်တာ (indoor activity) ပဲ လုပ်ပါနော်။
.
ကဲ… အပြင်သွားပြီးလို့ အိမ်ပြန်ရောက်ပြီဆိုရင် ညစ်ညမ်းတဲ့ လေထုနဲ့တွေ့ထားတဲ့နေရာတွေကို သန့်စင်ဖို့ ရေမိုးချိုးလိုက်ပါ။ အခန်းတွင်းကိုလည်း ပြတင်းပေါက်တွေကို ပိတ်ထားပြီး HEPA filter ပါတဲ့ လေသန့်စက်လိုမျိုးကို ဖွင့်ထားပြီးနေသင့်ပါတယ်။
ပြီးရင်တော့ ထိခိုက်သွားတဲ့ ကိုယ်ခံအားစနစ်ကိုဖြည့်တင်းဖို့ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဗီတာမင် “ ဘီနဲ့ စီ” ကြွယ်ဝတာတွေကို စားပါ။ လိမ္မော်သီး၊ စပျစ်သီး၊ ပန်းသီး၊ စတော်ဘယ်ရီ စသဖြင့် ရာသီပေါ်ရနိုင်တာတွေပေါ့။
အသီးအရွက်တွေမှာလည်း မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း စသဖြင့် အရောင်စုံအောင် စားပေးပါ။ ကြက်ဥ၊ ပဲ စတာတွေကိုလည်း မျှတအောင်စားပေးရပါမယ်နော်။ နောက်ပြီး နေကြာစေ့တို့လို အစေ့အဆန်တွေကိုလည်း မမေ့ထားသင့်ပါဘူး။
.
နောက်တစ်ခုက ရေများများသောက်ပါ။အာခြောက်မှာဖြစ်လို့ ရေများများသောက်ပေးဖို့လိုပါတယ်နော်။
အိမ်ထဲမှာ မလိုအပ်တဲ့ မီးညှိတာမျိုးတွေကို မလုပ်ပါနဲ့။ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ တခြားမီးရှို့တာမျိုး စသဖြင့်ပေါ့။
ဖြစ်နိုင်ရင် ခြံဝင်းထဲမှာ သရက်ပင်တို့၊ ပိန္နဲပင်တို့လို အပင်ကြီးမျိုးတွေ၊ နှစ်ရှည်ပင်တွေကို စိုက်ထားပါ။ အခန်းတွင်းစိုက်ပျိုးရှင်သန်နိုင်တဲ့အပင် (indoor plant) လေးတွေ ထားပေးပါ။
…
…
အဆုံးသတ်အနေနဲ့ သတိတရမှာချင်တာကတော့ မလိုအပ်ဘဲ ဆေးဝါးတွေကို မသောက်ပါနဲ့။ အထူးသဖြင့် နှာစေး၊ ချောင်းဆိုးတယ်ဆိုပြီး မလိုအပ်တဲ့ ပိုးသတ်ဆေးတွေကို မိမိဘာသာ သောက်မိတော့ ပိုပြီး နုံးတတ်ပါတယ်။ ဖြည့်စွက်စာနဲ့ အားဆေးတွေကို သောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှသောက်သုံးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။
အာဟာရဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

