လူမှုအဖွဲ့အစည်းတစ်ခုမှာ လူနည်းစုတစ်ရပ်အနေနဲ့ ရှင်သန်နေထိုင်ရတဲ့အခါ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို Minority Stress လို့ ခေါ်ပါတယ်။ ကျွန်မကတော့ စိတ်ဖိစီးမှုထက် စိတ်ဒဏ်ရာလို့တောင် ဆိုချင်ပါတယ်။

အထူးသဖြင့် LGBT+ အသိုက်အဝန်း (Lesbian, Gay, Bisexual, Transgender,..) က လူတွေဟာ ဒီဖိစီးမှုကို အဓိက ခံစားရပါတယ်။

သူတို့ရဲ့ လိင်စိတ်ခံယူမှု ဒါမှမဟုတ် လိင်အသွင်အပြင် (gender identity) ဟာ လူအများစုနဲ့ မတူကွဲပြားနေတယ်၊ သဘာဝနဲ့မညီဘူး စတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကြားမှာ ကြီးပြင်းလာခဲ့ရပါတယ်။

အခုခေတ်မှာတော့ လူတွေရဲ့ အမြင်တွေက ပိုကျယ်ပြန့်လာတယ်လို့ ပြောလို့ရပေမယ့် ရိုးရာဓလေ့နဲ့ ဘာသာရေးအချို့မှာတော့ ဒီလိုခွဲခြားဆက်ဆံမှု၊ ဖိနှိပ်ချုပ်ခြယ်မှုတွေဟာ ခုထိရှိနေဆဲပါ။

ဒါကြောင့်ပဲ အလွန်အမင်း ဝေဖန်ခံရတာ၊ လှောင်ပြောင်ခံရတာ၊ အနိုင်ကျင့်ခံရတာမျိုးတွေ မကြာခဏ ကြုံတွေ့ရပါတယ်။

Minority stress ဘယ်လို ဖြစ်ပေါ်လာသလဲ။

ဒီစိတ်ဖိစီးမှုဟာ အဓိကအားဖြင့် ပတ်ဝန်ကျင်အသိုက်အဝန်းကလာတဲ့ ဖိအားတွေနဲ့ မိမိစိတ်အတွင်းကနေ ကိုယ်တိုင်ဖန်တီးလိုက်တဲ့ ဖိအားတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာမျိုးပါ။

(၁) ပြင်ပကပေးတဲ့ ဖိအား (External Stressors)

  • ခွဲခြားဆက်ဆံခံရခြင်း။ အလုပ်အကိုင်၊ ပညာရေး၊ နေထိုင်မှု စတဲ့နေရာတွေမှာ LGBT ဖြစ်နေတာကြောင့် ခွဲခြားဆက်ဆံခံရတာ • လက်ခံမှုမရှိခြင်း။ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေက သူတို့ရဲ့ လိင်စိတ်ခံယူမှုကို လက်မခံနိုင်တာ • အကြမ်းဖက်မှုနှင့် လှောင်ပြောင်မှုများ။ လမ်းပေါ်မှာ၊ ကျောင်းမှာ၊ လုပ်ငန်းခွင် စတာတွေမှာ ဝေဖန်‌လှောင်ပြောင် တိုက်ခိုက်ခံရတာ

ဒါတွေဟာ ပြင်ပကပေးတဲ့ ဖိစီးမှုဒဏ်တွေပါပဲ။
.

(၂) အတွင်းစိတ် ဖိအား (Internal Stressors):

  • အတွင်းစိတ်ရဲ့ ခွဲခြားဆက်ဆံမှု (Internalized Homophobia/Transphobia)။ တစ်ခါတရံမှာ လူ့အဖွဲ့အစည်းရဲ့ အမြင်တွေကို ကိုယ်တိုင်က လက်ခံလိုက်ပြီး မိမိကိုယ်ကိုယ် မုန်းတီးလာတာ၊ ရှက်ရွံ့လာတာ

ဥပမာ “ ငါဒီလိုဖြစ်နေတာ မမှန်ကန်ဘူး၊ သူတို့ပြောသလို ငါက ကွဲထွက်နေတာ” လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာတာ

  • ကြိုတင်မျှော်လင့်ထားတဲ့ ဖိအား (Anticipated Stress)။ အပြင်လူတွေက ကိုယ့်အပေါ် ဘယ်လို ဆက်ဆံမလဲဆိုတာကို ကြိုတင် စိုးရိမ်နေတာ

ဒါကြောင့် ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို ဖုံးကွယ်ထားပြီး ပွင့်ပွင့်လင်းလင်း မပြောရဲတာ၊ မနေရဲတာမျိုး။

ဒီလို အဘက်ဘက်က ဖိစီးမှုတွေကြောင့် အချိန်ကြာလာတဲ့အခါ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ကဲမှု၊ အိပ်မပျော်တာ၊ မိမိကိုယ်ကိုယ် ထိခိုက်စေတာ၊ အဆုံးစီရင်ချင်တဲ့စိတ်တွေ ပိုဖြစ်လာတာ… ဒါတွေဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ဒီဖိအားတွေကို တစ်ခဏတာ ရှောင်ရှားဖို့အတွက် အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာ စတဲ့ အပြုအမူမျိုးတွေဆီလည်း ဦးတည်သွားနိုင်ပါတယ်။

ဒါတွေကို ဖြေရှင်းဖို့ဆိုရင် ကာယကံရှင်တွေအနေနဲ့ မိမိကိုယ်ကိုယ် လက်ခံခြင်းဆိုတဲ့ ကိုယ့်ရဲ့လိင်စိတ်ခံယူမှုကို ဂုဏ်ယူစွာ လက်ခံနိုင်ဖို့ ကြိုးစားဖို့လိုသလို ပတ်ဝန်းကျင်အနေနဲ့လည်း လုပ်လို့ရတာတွေ ရှိပါတယ်။

🔹ပညာပေးခြင်း။ လူ့အဖွဲ့အစည်းကို LGBT နဲ့ပတ်သက်တဲ့ မှန်ကန်တဲ့ အသိပညာပေးပါ။ မှားယွင်းတဲ့ အမြင်တွေကို ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားပါ။

🔹ပံ့ပိုးမှုအဖွဲ့အစည်းများ။ LGBT အသိုင်အဝန်းကို ပံ့ပိုးကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီတွေနဲ့ အခြားလိုအပ်တဲ့ အကူအညီ အခွင့်အလမ်းတွေ ရယူပါ။

🔹ပွင့်ပွင့်လင်းလင်းနေထိုင်ခြင်း။ ကိုယ်တိုင်အနေနဲ့လည်း မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေနဲ့ ပွင့်လင်းစွာ စကားပြောခြင်းဖြင့် နားလည်မှုနဲ့ ပံ့ပိုးမှုတွေ ရနိုင်ပါတယ်။ ဒါပေမယ့် ဒါက လူတိုင်းအတွက် အဆင်မပြေနိုင်တဲ့အတွက် ကိုယ့်အတွက် ဘေးကင်းပြီး စိတ်ချရတဲ့ အခြေအနေဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

လူသားအားလုံးဟာ တန်းတူအခွင့်အရေးနဲ့ လွတ်လပ်ခွင့် ရှိသင့်ပါတယ်။

LGBT သာမကဘဲ အခြား လူနည်းစုတွေကိုပါ နားလည်ပေးခြင်း၊ လေးစားပေးခြင်းနဲ့ လက်ခံပေးခြင်းအားဖြင့် ကျွန်မတို့ လူ့အဖွဲ့အစည်းကို ပိုပြီး လုံခြုံ၊ တိုးတက်၊ လှပလာစေဖို့ အတူတူ ဖန်တီးကြရအောင်ပါ…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here