လူသားတစ်ဦး၏ စိတ်နေစရိုက် ဖွံ့ဖြိုးမှုတွင် ကလေးဘဝသည် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါသည်။ ထိုအုတ်မြစ်ကို ချစ်ခြင်းမေတ္တာ၊ နွေးထွေးနားလည်မှု၊ ဂရုစိုက်ကြင်နာမှုတို့ဖြင့် တည်ဆောက်ရမည်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် မိဘများ၏ “ အလိုလိုက်မှု လွန်ကဲခြင်း” နှင့် “ အကာအကွယ်ပေးမှု လွန်ကဲခြင်း” ကြောင့် ကလေး၏ ကိုယ်ပိုင်ရပ်တည် ရှင်သန်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေတတ်ပါသည်။
အရွယ်ရောက်ပြီးသော်လည်း မိဘ၊ မောင်ဘွား သို့မဟုတ် အနီးကပ်ဆုံးလူ၏ ဆုံးဖြတ်ချက်မပါဘဲ ဘာမှမလုပ်နိုင်ခြင်းသည် ပျော့ညံ့ခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါသည်။
…
…
🍀” တစ်ပါးသူအပေါ် မှီခိုလွန်းသောစရိုက်” ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများ🍀
မှီခိုလွန်းတတ်သည့်စရိုက်သည် မွေးရာပါမဟုတ်ဘဲ အတွေ့အကြုံနှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ အဓိကအားဖြင့် အောက်ပါအချက်များကြောင့် ဖြစ်ပွားတတ်ပါသည်။
1️⃣ အကာအကွယ်လွန်ကဲသော မိဘအုပ်ထိန်းမှု (Helicopter Parenting)
မိဘအချို့သည် သားသမီးကို ဒုက္ခမတွေ့စေလိုသောကြောင့် စေတနာဖြင့် အရာရာကို ကြိုတင်ရှင်းလင်းပေးတတ်ကြပါသည်။ ထို့အတွက်ကြောင့် ကလေးသည် အမှားလုပ်ခွင့်၊ ကျရှုံးခွင့်နှင့် ထိုအမှားမှ သင်ယူလေ့လာခွင့်များရရှိရန် အခွင့်အရေးနည်းပါးသွားတတ်ပါသည်။
အကျိုးဆက်အနေဖြင့် ကလေးကို “ ငါက လုပ်တတ်မှာမဟုတ်ဘူး” ၊ “ ငါ့မှာ အစွမ်းအစမရှိဘူး” ၊ “ ငါက အဖြစ်မရှိဘူး” ဆိုသည့် အခြေအနေများဆီသို့ ဦးတည်သွားစေနိုင်ပါသည်။
.
2️⃣ ကိုယ်ပိုင်ရပ်တည်ခွင့်ကို ဟန့်တားခြင်း (Interference with Autonomy)
ကလေးတစ်ယောက်၏ ဦးနှောက်ဖွံ့ဖြိုးမှုတွင် အသက် (၂) နှစ်မှ (၅) နှစ်အတွင်းသည် “ ကိုယ်ပိုင်ရပ်တည်ရှင်သန်လိုစိတ် (Autonomy)” စတင်ဖွံ့ဖြိုးသည့်အချိန် ဖြစ်ပါသည်။ ထိုအချိန်တွင် ကလေး၏ စူးစမ်းလိုစိတ်နှင့် ကိုယ်တိုင်လုပ်ဆောင်လိုစိတ်များကို တားဆီးပိတ်ပင်ခြင်း သို့မဟုတ် မိဘကသာ အမြဲတမ်းဝင်ရောက်လုပ်ဆောင်ပေးခြင်းကို ခံရသည့်အခါ ကလေးသည် မိမိ၏ဆုံးဖြတ်ချက်ကို မယုံကြည်တော့ဘဲ တစ်ပါးသူ သိုမဟုတ် မိမိအားကိုးယုံကြည်သူ၏ အတည်ပြုချက်ကိုသာ အမြဲစောင့်မျှော်တတ်သည့်အကျင့်ကို ရသွားစေပါသည်။
.
3️⃣ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှု
ဦးနှောက်၏ ရှေ့ဆုံးပိုင်း (Prefrontal Cortex) သည် ဆုံးဖြတ်ချက်ချခြင်းနှင့် စီမံခန့်ခွဲခြင်းကို တာဝန်ယူရပါသည်။ ကလေးဘဝတွင် မိမိဘာသာ ဆုံးဖြတ်ချက်ချခွင့်ကို မရရှိသည့်အခါ ထိုဦးနှောက်အပိုင်း၏ လုပ်ဆောင်ချက်များသည် ကောင်းစွာမဖွံ့ဖြိုးတော့ဘဲ အားနည်းသွားတတ်ပါသည်။ ထို့ကြောင့် အရွယ်ရောက်သည့်တိုင် ပြဿနာတစ်ခုကို မည်သို့စတင်ဖြေရှင်းရမည်ကို မသိတော့ဘဲ စိုးရိမ်စိတ်ဖြင့်သာ အရာရာကို ရင်ဆိုင်လာရပါတော့သည်။
…
…
🍀မှီခိုလွန်းသောစရိုက်လက္ခဏာ ရှိ/မရှိကို မည်ကဲ့သို့ သိရှိနိုင်မည်နည်း🍀
အမှီအခိုသန်သောစရိုက် သို့မဟုတ် Dependent Personality Disorder (DPD) ရှိ/မရှိကို ဆန်းစစ်ရန်အတွက် စိတ်ကျန်းမာရေးပညာရှင်များက အောက်ပါအချက် (၈) ချက်နှင့် ဆန်းစစ်ရန် လေ့လာဖော်ထုတ်ထားပါသည်။
1️⃣ သေးငယ်သည့် ဆုံးဖြတ်ချက်များကိုပင် မချနိုင်၊ မပြုလုပ်နိုင်ခြင်း (Indecisiveness)
သာမန်လူများအတွက် လွယ်ကူသည့်ကိစ္စများ (ဥပမာ- ဘာဟင်းနဲ့ စားရမလဲ၊ ဘယ်လမ်းက သွားရမလဲ၊ ဘာအင်္ကျီဝတ်ရမလဲ) ကိုပင် တစ်ပါးသူ၏ အကြံပြုချက်နှင့် အတည်ပြုချက်ကို (Reassurance) အခါခါမရမချင်း မဆုံးဖြတ်ရဲခြင်း ဖြစ်ပါသည်။
.
2️⃣ မိမိဘဝ၏ အဓိကတာဝန်ယူရမည့် ကိစ္စများကို တစ်ပါးသူများအား ဆုံးဖြတ်ခိုင်းခြင်း (Passing Responsibility)
မိမိ၏ အနာဂတ်၊ အလုပ်အကိုင်၊ ငွေကြေးစီမံမှု၊ အချစ်ရေးနှင့် နေထိုင်မှုကဲ့သို့သော အရေးကြီးသည့် ဘဝကဏ္ဍများကို မိဘ သို့မဟုတ် အနီးကပ်ဆုံးလူကသာ စီမံခန့်ခွဲပေးရန် လိုလားခြင်း ဖြစ်ပါသည်။
.
3️⃣ သဘောထားကွဲလွဲခြင်းကို ကြောက်ရွံ့ခြင်း (Fear of Disagreement)
မိမိကို ကူညီဆုံးဖြတ်ပေးနေသူနှင့် သဘောထား မတိုက်ဆိုင်သည့်အခါ ထိုသူက မိမိကို စွန့်ပစ်သွားမည် သို့မဟုတ် မကူညီတော့မည်ကို ကြောက်သည့်အတွက်ကြောင့် မိမိဆန္ဒကို ဖိနှိပ်ကာ အမြဲတမ်းခေါင်းညိတ်နေတတ်ပြီး သူတစ်ပါးအကြိုက်ကိုသာ လိုက်လုပ်နေရသူတစ်ဦးအဖြစ် ဖြစ်လာစေပါသည်။
.
4️⃣ အစီအစဉ်အသစ်များ စတင်ရန် ခက်ခဲခြင်း (Difficulty Initiating)
ပျင်းရိခြင်း သို့မဟုတ် စွမ်းဆောင်ရည်မရှိခြင်းကြောင့်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းကြောင့် တစ်ခုခုကို စတင်လုပ်ဆောင်ရန် အလွန်ဝန်လေးခြင်း ဖြစ်ပါသည်။ တစ်ပါးသူက ခိုင်းစေပါက လုပ်ဆောင်နိုင်သော်လည်း ကိုယ်တိုင်ဦးဆောင်ပြီးလုပ်ကိုင်ရန် မဝံ့မရဲ ဖြစ်နေတတ်ပါသည်။
5️⃣ ဂရုစိုက်မှုရရန် အလွန်အမင်း အနစ်နာခံခြင်း (Excessive Nurturance Seeking)
တစ်ပါးသူ၏ ဂရုစိုက်မှုကို ဆက်လက်ရရှိရန်အတွက် မိမိမနှစ်သက်သော အလုပ်များ၊ မိမိကို ထိခိုက်စေသော အပြုအမူကိစ္စရပ်များကိုပင် မငြင်းပယ်ရဲဘဲ အပြုံးမပျက် လုပ်ပေးတတ်ကြပါသည်။
.
6️⃣ တစ်ယောက်တည်း ရှိနေချိန်တွင် လုံခြုံမှုမရှိသလို ခံစားရခြင်း (Helplessness When Alone)
” မိမိကိုယ်မိမိ မစောင့်ရှောက်နိုင်ဘူး” ဟု စွဲမြဲစွာ ယုံကြည်ထားသည့်အတွက် တစ်ယောက်တည်း နေထိုင်ရမည့် အခြေအနေကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်တတ်ကြပါသည်။ ထို့ကြောင့် တစ်ယောက်တည်းနေရချိန်တွင် စိုးရိမ်စိတ် (Anxiety) သည် အမြင့်ဆုံးသို့ ရောက်ရှိသွားတတ်ပါသည်။
.
7️⃣ အားကိုးရမည့်သူသည် အနားမှာမရှိပါက နောက်တစ်ဦးကို ချက်ချင်းအစားထိုးခြင်း (Replacement Urgency)
အားကိုးရသူတစ်ဦးဦးနှင့် လမ်းခွဲရလျှင် သို့မဟုတ် ထိုသူက သေဆုံးသွားလျှင် မိမိကို ဂရုစိုက်မည့် အခြားတစ်ယောက်ကို မဆိုင်းမတွ၊ အသည်းအသန် ရှာဖွေတတ်ပါသည်။ ထိုသို့ရှာဖွေရာတွင် ရှာတွေ့သူသည် မိမိအတွက် သင့်တော်သူ ဟုတ်/မဟုတ်ထက် “ အားကိုးရဖို့” ကိုသာ အဓိကထားတတ်ကြပါသည်။
.
8️⃣ စွန့်ပစ်ခံရမည်ကို အမြဲတမ်း စိုးရိမ်ပူပန်နေခြင်း (Abandonment Fear)
” တစ်နေ့မှာ ငါ့မိဘတွေ မရှိတော့ရင် ငါဘယ်လိုလုပ်မလဲ” ၊ “ ငါချစ်တဲ့သူတွေ ငါ့အနားမှာမရှိတော့ရင် ဘယ်လိုရှင်သန်ရတော့မှာလဲ” ဆိုသည့် အတွေးမျိုးဖြင့် လက်တွေ့မကျသော စိုးရိမ်မှုများကို နေ့စဉ် ခံစားနေတတ်ပါသည်။
…
…
🍀စိတ်ပျော်ဟော်မုန်းများနှင့် မှီခိုလွန်းသော စရိုက်🍀
ကျွန်ုပ်တို့၏ စိတ်ခံစားချက်များ (Emotions) ဆိုသည်မှာ ခံစားမှုသက်သက်များ (Feelings) ချည်းမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိပါသည်။ “ အမှီအခိုသန်သော စရိုက်ရှိသူများ” တွင် စိတ်ခံစားချက်ကို ထိန်းညှိပေးသည့် ဆီရိုတိုနင် (Serotonin) သည် ညီညွတ်မျှတမှုမရှိခြင်းကြောင့် အောက်ပါပြဿနာများကို ကြုံတွေ့ရတတ်ပါသည်။
😰 စိုးရိမ်စိတ်မြင့်မားခြင်း
ဆီရိုတိုနင်နည်းပါးသည့်အခါ တစ်ယောက်တည်းရှိနေချိန် သို့မဟုတ် ဆုံးဖြတ်ချက်ချရချိန်တွင် Panic Attack ကဲ့သို့သော ရုတ်တရက်ကြောက်ရွံ့တုန်လှုပ်မှုများ ဖြစ်ပေါ်လာတတ်ပါသည်။
.
😓 စိတ်ဓာတ်ကျခြင်း
” မိမိကိုယ်ကိုယ် တန်ဖိုးမဲ့သည်” ဟု ယူဆခြင်းနှင့် တစ်ပါးသူအပေါ် မှီခိုနေရခြင်းတို့ကြောင့် စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေသည်လည်း မြင့်မားပါသည်။
.
😴 အိပ်စက်မှုပြဿနာ
အမြဲတမ်း ပူပန်သောကရောက်နေရသည့်အတွက် ညဘက်တွင် ကောင်းစွာအိပ်မပျော်ဘဲ ကြက်အိပ်ကြက်နိုး ဖြစ်နေတတ်ပါသည်။
…
…
🍀မိမိကိုယ်ကိုယ်တန်ဖိုးထားမှု၊ ကိုယ့်စည်း၊ ကိုယ့်ဘောင်နှင့် လွတ်မြောက်ရှင်သန်ခြင်း🍀
ဤကဲ့သို့စရိုက်ရှိသူများသည် မိမိကိုယ်ကိုယ် “ နာကျင်ခံစားနေရသူ (Victim)” အဖြစ် မသိစိတ်က သတ်မှတ်ထားတတ်ပါသည်။ တစ်ပါးသူ၏ လှည့်စားမှုကို ခဏခဏခံရခြင်းများသည် မိမိ၏ “ ကံ” ကြောင့်မဟုတ်ဘဲ မိမိ၏ “ စည်း (Boundaries)” များကို ခိုင်မာစွာ ချမှတ်မထားခြင်းကြောင့်သာ ဖြစ်ပါသည်။
1️⃣ စိတ်ထားကောင်းခြင်းနှင့် အသုံးချခံရခြင်း
စိတ်ထားကောင်းခြင်းသည် အပြစ်မဟုတ်သော်လည်း ခိုင်မာသော “ စည်း” မရှိသောအခါ ထိုစိတ်ထားကောင်းခြင်းသည် လှည့်ဖြားသူများအတွက် အခွင့်ကောင်းယူစရာ ဖြစ်သွားပါသည်။ ကိုယ်မလုပ်နိုင်သည့်ကိစ္စကို “ မလုပ်နိုင်ဘူး (No)” ဟု မပြောရဲခြင်းသည် တစ်ပါးသူကိုချစ်ခြင်းထက် မိမိကိုယ်ကိုယ် မချစ်ခြင်းသာ ဖြစ်ပါသည်။
.
2️⃣ နာကျင်မှုမှ လွတ်မြောက်အောင် ကြိုးစားနေထိုင်ခြင်း
” နာကျင်ခံစားနေရသူ (Victim)” အဖြစ်မှ “ လွတ်မြောက်ရှင်သန်သူ (Survivor)” ဖြစ်လာရန်အတွက် အရေးကြီးဆုံးမှာ မိမိ၏အတွေးအခေါ် (Mindset) ကို ပြောင်းလဲခြင်း ဖြစ်ပါသည်။ “ ငါက ကံဆိုးလို့ ဒီလိုလူတွေနဲ့ တွေ့ရတာ” ဟူသည့် အတွေးကို စွန့်လွှတ်ပြီး “ ငါ့ရဲ့တန်ဖိုးနဲ့ မကိုက်ညီတဲ့သူကို ငါ့ဘဝထဲကနေ ဖယ်ထုတ်ပိုင်ခွင့်ဟာ ငါ့မှာ အပြည့်အဝရှိတယ်” ဟု တွေးကြည့်ရန် အမှန်တကယ် လိုအပ်ပါသည်။
.
3️⃣ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးချစ်ခြင်း
တခြားသူက လာချစ်ပေးမှ၊ တစ်ယောက်ယောက်က လာပြီးအသိအမှတ်ပြုပေးမှ ကျွန်ုပ်တို့က တန်ဖိုးရှိလာခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့မွေးဖွားလာကတည်းက ကိုယ့်တန်ဖိုးနှင့်ကိုယ် တန်ဖိုးရှိနှင့်ပြီးသား လူသားများသာ ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာလျှင် အခြားမည်သို့သောသူ၏ လှည့်စားမှုကိုမှ အောက်ကျို့ခံပြီး လက်ခံနေတော့မည် မဟုတ်ပါ။
…
…
🍀ပြန်လည်ကုစားနိုင်သည့် နည်းလမ်းများ🍀
” မှီခိုလွန်းသော စရိုက်” သည် ပြုပြင်၍ရသည့် စရိုက်တစ်ခုသာ ဖြစ်ပါသည်။ အဓိကအားဖြင့် အောက်ပါနည်းလမ်းများဖြင့် ကုစားနိုင်ပါသည်။
1️⃣ သေးငယ်သည့် ဆုံးဖြတ်ချက်များဖြင့် စတင်လေ့ကျင့်ခြင်း
နေ့စဉ်ကိစ္စလေးများကို တစ်ပါးသူအားမမေးဘဲ ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါ။ ထိုသို့ဆုံးဖြတ်ခြင်းဖြင့် ရရှိလာသည့် အောင်မြင်မှုသေးသေးလေးများသည် မိမိကိုယ်ကိုယ် ယုံကြည်မှု၊ မိမိကိုယ်ကိုယ် လေးစားမှုတို့ကို တဖြည်းဖြည်း တည်ဆောက်ပေးပါလိမ့်မည်။
.
2️⃣ သဘာဝအတိုင်း စိတ်ကိုမြှင့်တင်ခြင်း
မနက်ခင်းတွင် နေပူစာလှုံခြင်း၊ အာဟာရပြည့်ဝသည့် အစားအသောက်များ (ကြက်သား၊ ဥအမျိုးမျိုး၊ ငါးကြီးဆီ) ကို စားသုံးခြင်းနှင့် ချွေးစို့စေသည့် လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းတို့သည် “ ဆီရိုတိုနင်” ထုတ်လုပ်မှုကို အားပေးပြီး စိုးရိမ်စိတ်ကို လျော့ကျစေပါသည်။
.
3️⃣ နားလည်တတ်ကျွမ်းသည့် ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်း
” ချင့်ချိန်တွေးတောလုပ်ဆောင်ခြင်း ကုထုံး Cognitive Behavioral Therapy (CBT)” သည် “ ငါမလုပ်နိုင်ဘူး” ဆိုသည့် အတွေးအစား “ ငါ ဒီတစ်ခုကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ကြည့်မယ်” ၊ “ ငါ ဒါကို လုပ်နိုင်ပါတယ်” ဆိုသည့် အတွေးများအဖြစ် ပြောင်းလဲရာတွင် လွန်စွာထိရောက်ပါသည်။
.
4️⃣ စည်းဘောင်များကို သတ်မှတ်ခြင်း
မိမိကို လေးစားမှုမရှိသည့် ဆက်ဆံရေးများတွင် “ No” ဟု ပြတ်ပြတ်သားသား ပြောဆိုတတ်အောင် လေ့ကျင့်ပါ။ မိမိကို ဒုက္ခပေးသည့်သူများနှင့် ဝေးဝေးနေပါ။
…
…
နိဂုံးချုပ်အနေဖြင့် ကလေးဘဝက အရာရာ တင်းကြပ်စွာ ထိန်းချုပ်ခံခဲ့ရခြင်းကြောင့် အရွယ်ရောက်သည့်တိုင် ကိုယ်တိုင်မစွမ်းဆောင်နိုင်ခြင်းသည် သင်၏ အပြစ်မဟုတ်ပါ။ သို့သော် ထိုအခြေအနေမှ ရုန်းထွက်ပြီး မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန်မှာ သင်၏ တာဝန်သာ ဖြစ်ပါသည်။ မိသားစုနှင့် ပတ်ဝန်းကျင်အနေဖြင့်လည်း ဤစရိုက်ရှိသူများကို လှောင်ပြောင်ခြင်း၊ စနောက်ခြင်း လုံးဝမပြုလုပ်ဘဲ စိတ်ရှည်လက်ရှည် ဖေးမကူညီပေးရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့အားလုံးသည် နာကျင်ခံစားရန် မွေးဖွားလာကြသူများ မဟုတ်ပါ။ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း၊ ခိုင်မာသော စည်းများ သတ်မှတ်ခြင်းနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ဖြင့် ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုကို တည်ဆောက်နိုင်ကြပါစေ….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.
.


