ကျွန်မတို့ နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းမှာ တစ်ဖက်လူ စိတ်မကောင်းဖြစ်မှာစိုးလို့ ဒါမှမဟုတ် အားနာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ “ မျှော်လင့်ချက်အမှား (False Hope)” မျှော်လင့်ချက်ယောင်တွေ ပေးတတ်ကြပါတယ်။

တကယ်တော့ Motivation ပေးတာနဲ့ False Hope ပေးတာဟာ နီးစပ်သယောင်ရှိပေမယ့် ရလဒ်ကတော့ တအားကို ကွာခြားပါတယ်။

တွန်းအားပေးတယ်ဆိုတာ တစ်ဖက်လူရဲ့ ကြိုးစားချင်စိတ်ကို တိုးတက်အောင် အားပေးတာဖြစ်ပြီး၊ မျှော်လင့်ချက်အမှား ပေးတာကတော့ တကယ်မရှိတဲ့ အရာကို အဝေးကနေ လှမ်းပြပြီး လူတစ်ယောက်ကို စမ်းတဝါးဝါး လမ်းလျှောက်ခိုင်းတာနဲ့ တူပါတယ်။

ကျွန်မ ရှစ်နှစ်သမီးလောက်က အဖေခရီးသွားတိုင်း ငိုယိုပြီး လိုက်ချင်တယ်လို့ ပူဆာတတ်တယ်။ အဖေက “ အိမ်မှာ လိမ်လိမ်မာမာနေရင် စက်ဘီးဝယ်ပေးမယ်” လို့ ကတိပေးလေ့ရှိတယ်။

ကျွန်မက အဖေပြန်လာမယ့်ညနေတိုင်း မျှော်လင့်ချက်တွေနဲ့ စိတ်ကူးတွေနဲ့ အိမ်ရှေ့မှာ စောင့်ခဲ့တာ‌ပေါ့ ။ ဒါပေမဲ့ အဖေပြန်လာတဲ့အခါတိုင်း “ နောက်တစ်ခါကျမှ ဝယ်ပေးမယ်” ဆိုတဲ့စကားကိုပဲ ကြားခဲ့ရတယ်။

အကြိမ်ကြိမ်ဖြစ်လာတဲ့အခါ ကျွန်မစိတ်ထဲမှာ “ အဖေပြောတဲ့စကားတွေ အကောင်အထည် မပေါ်ပါလား” ဆိုတဲ့အသိ စွဲသွားခဲ့တယ်။

ဒါဟာ သာမန်ကြည့်ရင် ကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှု ပျက်စီးတာလို့ ထင်ရပေမယ့် တကယ်တော့ လူတစ်ယောက်အပေါ် ထားရှိတဲ့ “ ယုံကြည်မှု (Trust)” အုတ်မြစ် ပျက်သွားတာမျိုးပါ။

အဲဒီနောက်ပိုင်းမှာ ဘယ်သူက ဘယ်လိုကတိပဲပေးပေး ကျွန်မဟာ အလွယ်တကူ မယုံကြည်ရဲတော့ဘဲ အမြဲတမ်း သံသယနဲ့ ကြည့်တတ်တဲ့အကျင့် ပါလာခဲ့ပါတယ်။

ဒါက မြင်သာအောင် ဥပမာပေးတာပါ။

ဒီလိုပါပဲ Relationship တွေမှာလည်း

“ ငါတို့ ရှေ့လျှောက် အဆင်ပြေသွားမှာပါ”
“ ငါ တကယ် ပြောင်းလဲပါ့မယ်” ဆိုတဲ့ စကားတွေဟာလည်း တကယ်လုပ်နိုင်စွမ်းမရှိဘဲ ပြောနေမိခြင်းဟာ တစ်ဖက်လူကို ဒီသံသရာထဲမှာပဲ ချုပ်နှောင်ထားသလိုပါပဲ။

False hope ပေးခံရတဲ့သူဟာ အဲဒီမျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး သူ့ရဲ့အချိန်တွေ၊ ခံစားချက်တွေကို မြှုပ်နှံထားတတ်ကြပါတယ်။

တကယ်ဖြစ်မလာတဲ့အခါ ခံစားရတဲ့နာကျင်မှုက အမှန်တရားကို သိထားရတာထက် ပိုခံစားရဆိုးပါတယ်။

နိုင်ငံရေးမှာဖြစ်ဖြစ်၊ လူမှုရေးမှာဖြစ်ဖြစ် “ မဖြစ်နိုင်တာကို ဖြစ်နိုင်ပါတယ်” လို့ လှည့်ဖျားပြောဆိုတာဟာ ခဏတာ စိတ်သက်သာရာရစေပေမယ့် ရေရှည်မှာတော့ လူထုရဲ့ယုံကြည်မှုကို အသေသတ်လိုက်သလိုပါပဲ။

စိတ်ပညာအရကြည့်ရင်လည်း လူတစ်ယောက်ဟာ အမှန်တရားကို သိလိုက်ရလို့ ခံစားရတဲ့နာကျင်မှုကို ကုစားဖို့လွယ်ကူပေမယ့် ယုံကြည်ပြီးမှ လှည့်ဖျားခံလိုက်ရတဲ့ဒဏ်ရာကို ကုစားဖို့ကတော့ နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ဟာ တစ်စုံတစ်ယောက်ကို Motivation ပေးချင်တယ်ဆိုရင် “ မင်း ကြိုးစားရင် ဖြစ်နိုင်ခြေရှိတယ်” လို့သာ ပြောပေးပါ။

ဒါပေမဲ့ ကိုယ်တိုင်မသေချာတဲ့ ကတိတွေ၊ ကိုယ်တိုင်မဖြည့်ဆည်းပေးနိုင်တဲ့ မျှော်လင့်ချက်တွေကိုတော့ စေတနာအမှားနဲ့ မပေးမိဖို့ အင်မတန်အရေးကြီးပါတယ်။

ကလေးငယ်တွေကိုလည်း “ ကလေးပဲ မသိဘူး” လို့ မသတ်မှတ်ပါနဲ့။ သူတို့ဟာ ကတိကဝတ်ကို လူကြီးတွေထက် ပိုတန်ဖိုးထားတတ်ကြသူတွေပါ။

ကိုယ် မပေးနိုင်ရင် အစကတည်းက ငြင်းပါ။ ကတိပေးပြီးရင်တော့ တည်အောင်ကြိုးစားပါ။

False Hope က လူတစ်ယောက်ကို ခဏတာ စိတ်ကူးယဉ်အိပ်မက်ထဲ ပို့လိုက်သလိုနဲ့ ဆင်တူပြီး Motivation ကတော့ အိပ်မက်ထဲကနေ နိုးထပြီး လက်တွေ့လျှောက်လှမ်းနိုင်အောင် ဖေးမပေးတာမျိုး ဖြစ်ပါတယ်။

အမှန်တရားဟာ တစ်ခါတလေမှာ ခါးသီးနိုင်ပေမယ့် မျှော်လင့်ချက်အမှားလိုတော့ လူတစ်ယောက်ရဲ့ယုံကြည်မှုကို အပြီးသတ် မဖျက်ဆီးနိုင်ပါဘူး။

ဒါကြောင့် ကိုယ်တိုင်မဖြည့်ဆည်းပေးနိုင်တဲ့ မျှော်လင့်ချက်တွေကို စေတနာအမှားနဲ့ မပေးမိဖို့က ပိုအရေးကြီးပါတယ်…..။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here