မေ့လျော့ခံ အိမ်ထောင်ရှင်မတို့ရဲ့ စိတ်ကျန်းမာရေး သို့မဟုတ် “ Empty nest syndrome”
ဒီဆောင်းပါးကို မဖတ်ခင်မှာ ဒီစာဟာ ခေတ်အဆက်ဆက်က ကျွန်မတို့အမျိုးသမီးတွေအပေါ် အိမ်မှုကိစ္စလုပ်ဖို့၊ သားသမီးမွေးဖို့နဲ့ ပြုစုဖို့ လူတစ်ဦးအနေနဲ့ပဲ သတ်မှတ်ရှုမြင်ခဲ့ကြတာကို မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ် ။
အခုခေတ်မှာတော့ အမျိုးသား၊ အမျိုးသမီးရယ်လို့ မခွဲခြားတော့ဘဲ အလုပ်ကိုယ်စီ၊ အိမ်မှုကိစ္စကိုယ်စီ ခွဲဝေယူလာကြပါပြီ။
ဆောင်းပါးကို ဆက်ရရင် မြန်မာနိုင်ငံက မိခင်အများစုဟာ မိသားစုကို ဗဟိုပြုပြီး ရှင်သန်ကြသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ သားသမီးတွေက အတောင်အလက်စုံလို့ အကြောင်းအမျိုးမျိုးကြောင့် အိမ်ခွဲသွားတဲ့အခါ၊ စိတ်ပိုင်းဆိုင်ရာအရ အထိခိုက်လွယ်ဆုံး အခြေအနေတစ်ခုကို ရောက်သွားတတ်ပါတယ်။ ဒါကို စိတ်ကျန်းမာရေးအရ Empty Nest Syndrome လို့ ခေါ်ပါတယ်။
…
…
ဒီနေရာမှာ မြန်မာ့ထုံးတမ်းဓလေ့တွေနဲ့ စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုကို အရင်ဆုံး ရှင်းပြချင်ပါတယ်။
ခေတ်အဆက်ဆက်ကြီးစိုးလာတဲ့ မြန်မာ့ထုံးတမ်းစဉ်လာအရ အမျိုးသမီးတစ်ယောက်ရဲ့ အောင်မြင်မှုကို “ သားသမီးကောင်း ရတနာ ထွန်းကားခြင်း” နဲ့ “ အိမ်ထောင်မှု နိုင်နင်းခြင်း” ပေါ်မှာပဲ အဓိက တိုင်းတာလေ့ရှိကြတယ် မဟုတ်လား။
ဆယ်စုနှစ်များစွာကို တစ်စုံတစ်ယောက်ရဲ့ “ ဇနီးမယား” ၊ တစ်စုံတစ်ယောက်ရဲ့ “ အမေ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တာဝန်တစ်ခုတည်းနဲ့ပဲ ဖြတ်သန်းခဲ့ရတာကြောင့် သားသမီးတွေ ခွဲခွာသွားလို့ အနားမှာမရှိတော့တဲ့အခါ မိမိကိုယ်ကိုယ် ဘာအတွက်အသုံးဝင်သလဲဆိုတာ ဝေခွဲမရဖြစ်ပြီး Identity Loss (မိမိကိုယ်ကိုယ် ပျောက်ဆုံးခြင်း) နဲ့အတူ ဘဝဟာ တန်ဖိုးမဲ့သလို ခံစားရတတ်ပါတယ်။
Cultural Pressure လို့ခေါ်တဲ့ ရိုးရာယဉ်ကျေးမှု ဖိအားတွေကြောင့် သားသမီးကို ငယ်စဉ်ကတည်းက ရင်အုပ်မကွာ စောင့်ရှောက်ရမယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲထားရာကလည်း သားသမီးအပေါ် စိတ်ပိုင်းဆိုင်ရာ မှီခိုမှု (Emotional Dependency) အရမ်းများနေတတ်ပါတယ်။
…
…
ထပ်ပြီးတော့ မေ့လျော့ခံ အိမ်ထောင်ရှင်မတို့ရဲ့ စိတ်ကျန်းမာရေး သို့မဟုတ် “ Empty nest syndrome” မှာ ခံစားရလေ့ရှိတဲ့ လက္ခဏာရပ်တွေကို လေ့လာကြည့်ရအောင်။
ဒါဟာ စိတ်ကျရောဂါ (Depression) နဲ့ ဆင်တူပေမယ့် အခြေအနေတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့သဘာဝအရ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေ ဖြစ်ပါတယ်။
ဒါတွေကတော့ . . .
* ရည်မှန်းချက် ပျောက်ဆုံးခြင်း
ဥပမာ။ အရင်က မနက် ၅ နာရီထ၊ သားသမီးတွေအတွက် ထမင်းချိုင့်ပြင်၊ ကျောင်းပို့နဲ့ အလုပ်ရှုပ်နေတဲ့ မိခင်တစ်ဦးဟာ သားသမီးတွေ အိမ်ခွဲသွားတဲ့အခါ မနက်စာကို ဘာချက်ရမလဲဆိုတဲ့ အသေးအဖွဲကိစ္စကအစ ဆုံးဖြတ်ရခက်လာပြီး တစ်နေကုန် ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ အချိန်တွေကုန်ဆုံးသွားတတ်ပါတယ်။
* ထိန်းချုပ်လိုစိတ် များလာခြင်း
ဥပမာ။ သားသမီးတွေဆီ တစ်နေ့ကို ၅ ကြိမ်ထက်မနည်း ဖုန်းဆက်ပြီး ဘာစားလဲ၊ ဘယ်သူနဲ့ရှိလဲဆိုတာကို အသေးစိတ် လိုက်မေးနေမိတာမျိုးပါ။ ဒါဟာ သားသမီးကို မယုံကြည်လို့မဟုတ်ဘဲ မိမိရဲ့ “ ဂရုစိုက်ရမယ်” ဆိုတဲ့ အလေ့အထဟောင်းကို မစွန့်လွှတ်နိုင်သေးတာကြောင့်ပဲ ဖြစ်ပါတယ်။
* အထီးကျန်ခြင်း
ဒီအိမ်ကြီးထဲမှာ ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက် နှစ်ဦးတည်း ကျန်ခဲ့တဲ့အခါ စကားပြောဖော်မဲ့သလို ခံစားတတ်ကြပါတယ်။
* ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ
ဥပမာ။ အိမ်မှာ နှစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ စိတ်လေပြီး အလိုလိုနေရင်း ရင်တုန်တာ၊ ဇက်ကြောတက်တာ ဒါမှမဟုတ် တစ်ကိုယ်လုံး ကိုက်ခဲနေတာမျိုးကို ခံစားရတတ်ပါတယ်။ ဒါကို စိတ်ပညာမှာ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာ (Somatization) လို့လည်း ခေါ်ပါတယ်။
* စိုးရိမ်စိတ်လွန်ကဲခြင်း
သားသမီးတွေဆီက ဖုန်းမလာရင် ဒါမှမဟုတ် ဖုန်းမကိုင်ရင် တစ်ခုခုဖြစ်နေပြီလားဆိုပြီး အတွေးလွန်ကာ အလွန်အမင်း စိတ်ပူတတ်ပါတယ်။
.
လက်တွေ့ ဥပမာတစ်ခုကို ကြည့်ကြပါစို့။
အသက် ၅၀ အရွယ် ဒေါ်သီတာ (အမည်လွှဲ) ဟာ သားနှစ်ယောက်ကို ငယ်စဉ်ကတည်းက ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သူ မိခင်တစ်ဦးပါ။ သားကြီးက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေပြီဖြစ်သလို သားငယ်က အိမ်ထောင်ကျပြီး အိမ်ခွဲသွားတဲ့အခါ ဒေါ်သီတာတစ်ယောက်တည်း အိမ်မှာကျန်ခဲ့ပါတော့တယ်။
အရင်ကဆို သားတွေကြိုက်တဲ့ ဟင်းတွေချက်ရတာဟာ ပျော်စရာပါ။ အခုတော့ ဟင်းချက်ဖို့တောင် စိတ်မပါတော့ဘဲ တစ်နေကုန် တီဗီကြည့်ရင်း ဒါမှမဟုတ် ဖုန်းသုံးရင်း အချိန်ကုန်နေပါတယ်။ စိတ်တိုလွယ်လာပြီး ခင်ပွန်းသည်နဲ့လည်း မကြာခဏ စကားများလာပါတယ်။ ဒါဟာ “ ငါ့ဘဝရဲ့ အဓိပ္ပာယ်က သားသမီးတွေပဲ၊ အခု သူတို့မရှိတော့ ငါ့ဘဝက ဘာမှမဟုတ်တော့ဘူး” ဆိုတဲ့ ခံစားချက်ကြောင့် ပါပဲ။
တစ်ခါတစ်ရံ မိမိကိုယ်ကိုယ် ပျောက်ဆုံးခြင်းဟာ “ ကိုယ်ဘာကြိုက်ခဲ့သလဲ၊ ဘာအစားအစာကို နှစ်ခြိုက်ခဲ့သလဲ၊ ဘယ်အရောင်ကို အကြိုက်ဆုံးလဲ” ဆိုတာမျိုးကိုပါ မစဉ်းစား၊ မဝေခွဲတတ်တော့လောက်အောင်ကို ခံစားချက်တွေဟာ ရှုပ်ထွေးနေတတ်ပါတယ်။ ဒါဟာလည်း သားသမီးတွေရဲ့အကြိုက်၊ ခင်ပွန်းသည်ရဲ့အကြိုက်ကိုသာ အမြဲတမ်းဦးစားပေးပြီး ကိုယ့်ကိုယ်ကို လစ်လျူရှုထားမိတာတွေရဲ့ နောက်ဆက်တွဲပါပဲ။
…
…
ဒါပေမယ့် မပူပါနဲ့။ စိတ်ကျန်းမာရေးရှုထောင့်ကနေ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကိုလည်း ပြောပြပေးမှာပါ။
💗 ကိုယ်တိုင်အတွက်ဆိုရင်
✅ ပထမဆုံး တာဝန်နှင့် ဝါသနာကို ခွဲခြားပါ။
” အမေ” ဆိုတာ တာဝန်တစ်ခုသာဖြစ်ပြီး ကိုယ်ဟာ သီးခြားလွတ်လပ်တဲ့ လူသားတစ်ဦးဖြစ်ကြောင်း ပြန်လည်သတိပြုပါ။ အမေရယ်လို့ မဖြစ်ခင်က မိမိဟာ ဘယ်သူလဲ ဆိုတာကို ပြန်ရှာဖွေကြည့်ပါ။
အရင်က မိသားစုကြောင့် မလုပ်ဖြစ်ခဲ့တဲ့ ဝါသနာ (ဥပမာ။ ယောဂကျင့်တာ၊ အပ်ချုပ်တာ၊ စာဖတ်တာ) အတွက် တစ်နေ့ ၁ နာရီလောက်ဖြစ်ဖြစ် သီးသန့်အချိန်ပေးပါ။
✅ လူမှုအသိုက်အဝန်းသစ်ကို ရှာဖွေပါ။
ဘာသာရေးအသင်းအဖွဲ့ ဒါမှမဟုတ် ဝါသနာတူအဖွဲ့အစည်းတွေမှာ ပါဝင်တာက မိမိကိုယ်ကိုယ် အသုံးဝင်နေသေးတယ်ဆိုတဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ပေးနိုင်ပါတယ်။
✅ ဆက်သွယ်မှုပုံစံကို ပြောင်းပါ။
သားသမီးတွေဆီကို ၂၄ နာရီ ဖုန်းဆက်နေတာမျိုးထက် သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပေးပါ။ သူတို့နဲ့ စကားပြောတဲ့အခါ မိမိရဲ့ အထီးကျန်မှုကို အပြစ်တင်သလိုမျိုး (ဥပမာ “ ငါ့ကိုတော့ မေ့နေကြပြီ” ) လို့ ပြောမယ့်အစား မိမိရဲ့ဝါသနာအသစ်တွေအကြောင်းကို ဝေမျှပါ။ ငယ်သူငယ်ချင်း မိတ်ဆွေတွေနဲ့လည်း မကြာခဏ တွေ့ဆုံပေးပါ။
✅ အိမ်ထောင်ဖက်နဲ့ ပြန်လည်နီးစပ်အောင် ကြိုးစားပါ။
အနားမှာ ကလေးတွေရှိတုန်းက ဇနီးမောင်နှံနှစ်ဦးကြားမှာ ကလေးတွေက တံတိုင်းတစ်ခုလို ရှိနေခဲ့တာပါ။ အခုတော့ အချိန်ပိုရလာပြီဖြစ်တဲ့အတွက် အတူတူလမ်းလျှောက်တာ၊ ခရီးသွားတာမျိုးတွေလုပ်ပြီး ခင်ပွန်းသည်နဲ့ သူငယ်ချင်းလို ပြန်လည်ရင်းနှီးအောင် ကြိုးစားပါ။
.
💗 သားသမီးတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။
✅ တန်ဖိုးရှိတဲ့ အချိန်ခဏလေးတွေ ဖြစ်ပါစေ။
သားသမီးတွေအနေနဲ့ အမေနဲ့ ဖုန်းပြောတဲ့အခါ “ အမေ၊ ဒီနေ့ ဘာလုပ်လဲ” ဆိုတဲ့ မေးခွန်းထက် “ အမေ့ဆီက ဒီဟင်းချက်နည်းလေး မေးချင်လို့” ဆိုတဲ့ အမေရဲ့ အရေးပါမှုကို ပြသတဲ့ စကားမျိုး ပြောပေးပါ။
✅ အချိန်ဖဲ့ပေးပါ။
” အမေတို့၊ အဖေတို့ကတော့ လူကြီးပဲ။ နားလည်မှာပါ” ဆိုပြီး ပစ်မထားပါနဲ့။ ငွေကြေးထောက်ပံ့ကန်တော့တာ၊ တစ်ပတ်တစ်ခါ ဖုန်းဆက်ရုံတင်သာမကဘဲ သူတို့ရဲ့ ဝါသနာတွေကိုလည်း အဖော်လုပ်ပေးသင့်ပါတယ်။
.
💗 ခင်ပွန်းသည်ရဲ့ အခန်းကဏ္ဍကလည်း မပါမဖြစ်ပါပဲ။
✅ အဖော်လုပ်ပေးပါ။
ဇနီးဖြစ်သူက ဝမ်းနည်းမှိုင်တွေနေတဲ့အခါ “ မင်းကလည်း ကလေးတွေက ကြီးကုန်ပြီပဲ။ အဲလောက် ဖြစ်စရာလား” လို့ အပြစ်တင်မယ့်အစား “ ငါတို့နှစ်ယောက်တည်းရှိတုန်း အရင်က မလုပ်ဖြစ်ခဲ့တာလေးတွေ၊ မသွားဖြစ်ခဲ့တာလေးတွေ လုပ်ကြည့်ရအောင်၊ သွားကြရအောင်” လို့ အဖော်ညှိပေးပါ။
✅ နားထောင်ပေးပါ။
တစ်ဖက်လူက စိတ်တိုနေရင် ပြန်ရန်မတွေ့ဘဲ “ အိမ်ရဲ့အသိုက်အမြုံ အပြောင်းအလဲကြီးမှာ သူ တအားပင်ပန်းနေရှာတာပဲ” လို့ စာနာပေးပါ။
…
…
တကယ်လို့ မေ့လျော့ခံ အိမ်ထောင်ရှင်မတို့ရဲ့ စိတ်ကျန်းမာရေး သို့မဟုတ် “ Empty nest syndrome” အတွက် အပေါ်က ပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့တင် ကုစားပေးနေပေမယ့် အဆင်မပြေတော့ဘူးဆိုရင်ရော ဘယ်အချိန်မှာ ပညာရှင်နဲ့ တိုင်ပင်မလဲ။
အထီးကျန်တဲ့ ခံစားချက်က နှစ်ပတ်ထက်ကျော်လွန်ပြီး အောက်မှာပြောပြထားတဲ့ အခြေအနေတွေဖြစ်လာရင် ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
* အစားအသောက် လုံးဝပျက်သွားခြင်း
* ဘာကိုမှ စိတ်မဝင်စားတော့ခြင်း
* ညဘက် အိပ်မပျော်ဘဲ အတွေးလွန်နေခြင်း
* ဘဝကို အဓိပ္ပာယ်မရှိတော့ဘူးလို့ ယူဆပြီး အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာခြင်း စတာတွေ ခံစားလာရရင်တော့ လိုအပ်တဲ့ကုသမှုကို ချက်ချင်းခံယူသင့်ပါတယ်။
…
…
ဆိုတော့…
Empty Nest Syndrome ဆိုတာ ဘဝရဲ့ အဆုံးသတ်မဟုတ်ဘဲ မိမိကိုယ်တိုင်အတွက် အချိန်ပြန်ပေးရမယ့် “ ဘဝဒုတိယပိုင်းရဲ့ အစ” သာ ဖြစ်ပါတယ်။
ကိုယ်တိုင်ရဲ့ လက်ခံနိုင်စွမ်းလည်း လိုအပ်သလို မိသားစုဝင်တွေရဲ့ နားလည်မှုနဲ့ ဖေးမမှုကလည်း အလွန် အရေးကြီးတာမို့ အထီးကျန်မေမေတို့ကို ပေါ့ပေါ့တန်တန် သဘောမထားမိကြဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေရှင်…..။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

