ကျွန်မဦးလေးအရင်းခေါက်ခေါက် ဆုံးတော့ ကျွန်မဆေးကျောင်းဒုတိယနှစ် တက်နေတာထင်တယ်။
အမျိုးထဲမှာ ကျွန်မက သမီးဦး မြေးဦးလည်း ဖြစ်နေလို့ထင်တာပဲ ဦးလေးက ကျွန်မကို တော်တော်လေး ချစ်တယ်။ ကျွန်မကလည်း ချစ်ပါတယ် (ထုတ်တော့မပြဖြစ်ခဲ့ဘူးထင်တယ်)
ဦးလေးက ပရဟိတွေလည်း တအားလုပ်တာ။ လမ်းထဲ၊ ရပ်ကွက်ထဲ၊ အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲဆိုလည်း သူထိပ်ဆုံးကပဲ။ လွတ်လပ်ရေးနေ့ဆိုရင် မရှိရှိတာလေးတွေစုပြီး ကလေးတွေအတွက် အားကစားပြိုင်ပွဲလေးတွေလုပ်ပေးတယ်။ နိုင်တဲ့သူကို ဆုချတယ်။ တအားပျော်စရာကောင်းခဲ့တယ်။
ကျွန်မက သူ့ကို လေးလေးလို့ ခေါ်တယ်။ ကျွန်မ သိတတ်စအရွယ်တည်းက လေးလေးက အရက်တော့ အရမ်းသောက်တာ။ ဒါပေမယ့် အရက်သောက်ပြီး မူးရူးရမ်းကားနေတတ်သူတော့လည်း မဟုတ်ပြန်ဘူး။ သူဆုံးတော့လည်း ဒီအရက်ကြောင့်ပါပဲ။
လေးလေးဆုံးပြီးတည်းက သူ့အကြောင်းကို ကျွန်မနှုတ်ကနေ တစ်လုံးတစ်ပါဒမှ မပြောဖြစ်တော့ဘူး။ သူများပြောတာကြားရင်လည်း ကျွန်မ မကြားချင်ယောင်ဆောင်နေတယ်။ ကျွန်မက သူအချစ်ဆုံးတူမပေမယ့် သူ့အသုဘကိုတောင် မလိုက်ပို့ဖြစ်ခဲ့တဲ့ တူမဆိုလည်း ဟုတ်တယ်။
.
.
လေးလေးက အရက်အရမ်းသောက်တော့ ကြာလာတော့ အစာအိမ်ထိတယ်။ အသည်းလည်းခြောက်တာနဲ့ တဖြည်းဖြည်းချင်း သူ့မျက်လုံးလေးတွေ အသားလေးတွေ ဝါလာတာကို ကျွန်မမှတ်မိသေးတယ်။
သူ အရက်ဖြတ်ဖို့ကြိုးစားပေမယ့် မရပါဘူး။ နှစ်ရှည်လများသောက်လာတော့ တစ်ရက်တစ်မနက်နဲ့ ဖြတ်ဖို့ ဘယ်လွယ်ပါ့မလဲ။
အဲဒီလိုနဲ့ တစ်ရက်မှာ လေးလေး သွေးအန်တယ်။ ဆေးရုံတက်ရတယ်။ ဆေးရုံမှာရှိနေတုန်း သူသိပ်ဂုဏ်ယူရတဲ့ သူ့တူမ ဆေးကျောင်းသူက တစ်ရက်တောင် သွားမကြည့်ဖြစ်ပါဘူး။ ကျွန်မစိတ်ထဲလည်း လေးလေး ပြန်ကောင်းလာပြီး အရင်လိုစနောက်ပြီး ဟာသတွေပြောနေဦးမှာလို့ ကျွန်မထင်ခဲ့တာ။
သုံးလေးရက်ကြာတော့ လေးလေး ဆေးရုံကဆင်းလာတယ်။ မျက်နှာလေး နည်းနည်းလန်းနေတယ်။ ကျွန်မကိုပြောတယ်… လေးလေး ကြေးအိုးသောက်ချင်လို့ လေးလေးကို ဝယ်တိုက်ပါလားတဲ့။
အဲဒီအချိန်က ကျွန်မကလည်း မုန့်ဖိုးနည်းနည်းပဲ သုံးခွင့်ရတဲ့အရွယ်။ ဒါပေမယ့် ကျွန်မ လိုလိုချင်ချင်ပဲ ဝယ်ကျွေးဖြစ်ခဲ့တယ်။
အဲဒီ ကြေးအိုးတစ်ပွဲဟာ ကျွန်မ လေးလေးကိုကျွေးခဲ့တဲ့ နောက်ဆုံးကြေးအိုးပါပဲ။ အဲဒီညမှာပဲ လေးလေးက သွေးအန်ရင်းနဲ့ အသက်ပါ ပါသွားတယ်။
ကျွန်မ ဝမ်းနည်းတယ် ငိုချင်တယ်။ ဒါပေမယ့် အဲဒီနေ့က ကျွန်မ မငိုမိခဲ့ဘူးထင်တယ်။
ကျွန်မရဲ့ personality ကိုက အဲဒီလိုပါ။ လူကွယ်ရာမှာတော့ ကျွန်မ အခါခါငိုကြွေးဖြစ်တယ်။ ငိုချင်တာကို လူရှေ့မှာ ချုပ်တည်းရမှာစိုးတော့ လေးလေးရဲ့ အသုဘကို မပို့ဖြစ်ဘူး။
ကျွန်မရဲ့တကယ့်ပြဿနာက လေးလေးဆုံးပြီး နောက်တစ်နှစ်မှာ စတာပါ။
အရက်ကြောင့် အစာအိမ်သွေးကြောပေါက်ရင် သွေးအန်မယ်၊ သွေးဝမ်းတွေသွားမယ်၊ ဘယ်နှစ်ရက်အတွင်းတော့ လူနာကို အစာမာတာတွေ မကျွေးရဘူး အဖတ်တွေမကျွေးရဘူး၊ အရည်တစ်မျိုးပဲ တိုက်ရမယ် စတဲ့ရောဂါအကြောင်းကို သင်ရတဲ့နေ့မှာ လေးလေးမဆုံးခင် ကျွန်မကျွေးမိခဲ့တဲ့ ကြေးအိုးကို အမှတ်ရမိတော့တာပဲ။
ကျွန်မကြောင့် ဖြစ်ရတာ
ကျွန်မကြောင့် လေးလေးဆုံးရတာ
ကျွန်မရဲ့ ပေါ့ဆမှု
ကျွန်မရဲ့ မသိမှု
ကျွန်မရဲ့ …ကျွန်မရဲ့ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ် အပြစ်တင်စိတ်တွေက ကျွန်မကို ပြိုလဲသွားစေတယ်။
ဆယ်နှစ်ကျော်ကြာတဲ့အထိ ဒီအကြောင်းကို ကျွန်မ ဘယ်သူ့ကိုမှ ထုတ်မပြောဖြစ်ခဲ့ဘူး။ ကျွန်မ ဒီခံစားချက်ကို ရှောင်လွှဲချင်တယ်။ မေ့လိုက်ချင်တယ်။
ဆရာဝန်ဖြစ်ပြီးတဲ့နောက်လည်း ရောဂါနဲ့ပတ်သက်တဲ့ အသိတွေတိုးလာပေမယ့် ကျွန်မရဲ့ အပြစ်ရှိစိတ်ကတော့ လျော့မသွားခဲ့ဘူး။ ပြန်စဉ်းစားမိတိုင်းလည်း ကျွန်မ ယူကြုံးမရဖြစ်ရတယ်။ ငိုရတယ်။ အခု စာရေးနေရင်းလည်း မျက်ရည်ကျမိတုန်းပဲ။
အဲဒီလိုနဲ့ အခြား စိတ်ပင်ပန်းစရာကာလတွေပါ စုပေါင်းလာတဲ့အခါ ကျွန်မစိတ်က ခံနိုင်ရည်မရှိတော့ဘူး ထင်ပါရဲ့… Suicidal thought တွေပါ ဝင်လာတယ်။
အဲဒီတော့မှ ကျွန်မသတိထားမိတယ်…
ကျွန်မတော့ အကူအညီလိုအပ်နေပြီ ဆိုတာကိုပေါ့။
…
…
ပထမဆုံးအကြိမ်အဖြစ် ကျွန်မ ဒီအကြောင်းကို တစ်စုံတစ်ယောက်ကို ပြောပြဖြစ်တယ်။ အကြာကြီး ငိုလိုက်တယ်။
သူကမေးတယ် ကျွန်မသာ အဲဒီနေ့က လေးလေးကို သူစားချင်တာ မကျွေးဖြစ်ဘဲ လေးလေးဆုံးသွားခဲ့ရင်ရော အခုလိုပဲ ခံစားနေရမယ်ထင်လားတဲ့။
ဟုတ်ပါတယ်။ လေးလေးဆုံးတာ ကျွန်မကြောင့်ပဲ မဟုတ်နိုင်ဘူးဆိုတာကို သိနေပေမယ့် ကျွန်မကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ ရာခိုင်နှုန်းနည်းနည်းလေးက ကျွန်မရဲ့စိတ်ကို ပင်ပန်းစေခဲ့တာ။ ကျွန်မကိုယ်ကျွန်မ ညှင်းဆဲထားခဲ့တာ။
ကျွန်မလိုပဲ “ ကိုယ့်ကြောင့်” ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ ရှင်သန်နေထိုင်နေရသူတွေလည်း အများကြီး ရှိနေမှာပါ။ ကိုယ်ချစ်ခင်ရတဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ သူရှိစဉ်က ကိုယ်လုပ်ပေးဖြစ်ခဲ့တဲ့ အရာတွေထက် ကိုယ်ပျက်ကွက်မိခဲ့တဲ့ အရာတွေ၊ မလုပ်ပေးနိုင်ခဲ့တာတွေ၊ မလုပ်ပေးဖြစ်ခဲ့တာတွေကိုသာ သတိရနေတတ်တာလေ။
ဒီတော့ ကျွန်မကိုယ်တွေ့နဲ့ရင်းပြီး အသိပေးချင်တာက အပြစ်ရှိစိတ်ကိုလည်း ခံစားပါ လက်ခံပါ။ ကိုယ်လုပ်ပေးနိုင်ခဲ့တာတွေကိုလည်း ပြန်တွေးကြည့်ပါ။ ဒါတွေကိုလည်း လက်ခံပါ။ ခံစားချက်တွေကို ပေါက်ထွက်ခွင့်ပြုပါ။ တစ်ယောက်ယောက်ကို ပြောပြတာ သို့မဟုတ်
ခုလို စာနဲ့ရေးချလိုက်တာမျိုး ဖြစ်ဖြစ်ပေါ့။ ပြီးရင် မောဟိုက်သွားတဲ့အထိ ငိုပါ။ နောက်နေ့တွေအတွက် ငိုစရာ မျက်ရည် မကျန်တော့လောက်တဲ့အထိပေါ့။
ကျွန်မတို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ညှာတာဖို့လိုနေတဲ့ ခုလိုကာလမျိုးမှာ ဒီထက်ပိုပြီးနောက်မကျခင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်ပါ။
ကျွန်မလည်း ခုထိတော့ ကြိုးစားနေဆဲပါပဲ…။
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.