သတင်းတစ်ခုမှာ ကျောင်းသားလူငယ်တွေ ဘိန်းစာရွက်ကို အသုံးများလာကြတာရယ်၊ ရောင်းတဲ့ဆိုင်တွေလည်း တိုးလာကြတယ်ဆိုတာ ဖတ်ရတော့ . . .

ဘိန်းစာရွက် (Kratom) နဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေအကြောင်း ရေးချင်စိတ်လေး ဖြစ်လာပါတယ်။

___

🍃 ဘိန်းစာရွက်လို့ခေါ်ကြတဲ့ (Kratom) ဟာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပြီး၊ သိပ္ပံနာမည် ခရေတမ် (Kratom) လို့ လူသိများပါတယ်။

အရင်ကတော့ အချို့ဒေသတွေမှာ ရိုးရာဆေးဝါးအဖြစ် သုံးစွဲခဲ့ကြတာမျိုးရှိတယ်လို့ စာတွေမှာ ဖတ်ရပါတယ်။

အဓိကအားဖြင့် ကာယအားကို များစွာအသုံးပြုပြီး အလုပ်လုပ်ရတဲ့သူတွေ ကြွက်သားနာကျင်ကိုက်ခဲတာ သက်သာဖို့နဲ့ အပင်ပန်းခံနိုင်ဖို့အတွက် ရည်ရွယ်ပြီး အချင်းချင်း လက်ဆင့်ကမ်း အသုံးပြုကြတယ်လို့ ဆိုပါတယ်။

တချို့က ကျိုချက်ပြီး ဖျော်ရည်ပုံစံနဲ့ သောက်သုံးတာမျိုး၊ ဒါမှမဟုတ် ချောင်းဆိုးပျောက်ဆေးရည် ဒါမှမဟုတ် တခြားတိုင်းရင်းဆေးဝါးတွေနဲ့ ရောစပ်ပြီး သုံးစွဲနေတာမျိုးလည်း ရှိကြပါတယ်။ အခုခေတ်မှာတော့ အားဖြည့်အချိုရည်တွေနဲ့ ရောစပ်ပြီး သောက်သုံးကြတာမျိုးလည်း တွေ့လာရပါတယ်။

🍃 ဘိန်းစာရွက်ထဲမှာ ဘာတွေပါလဲ။

ဘိန်းစာရွက်ထဲမှာ အဓိကအားဖြင့် alkaloids လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဲဒီထဲကမှ Mitragynine နဲ့ 7-Hydroxymitragynine တို့က အဓိကပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီဓာတ်ကြောင့်ပဲ ဘိန်းစာရွက်ဟာ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုတွေ ရှိလာတာပါ။

နားလည်လွယ်အောင် ပြောရရင် ဒီဓာတ်ပစ္စည်းတွေဟာ ဦးနှောက်ရဲ့အာရုံကြောဆဲလ်တွေက ထွက်တဲ့ opioids ဓာတ်နဲ့ ဆင်တူတဲ့အာနိသင်တွေ ရှိပါတယ်။

နာကျင်မှုကို လျော့စေတာ၊ စိတ်ကို တည်ငြိမ်စေတာ၊ အိပ်ပျော်စေတာ စတဲ့အာနိသင်မျိုးကို ပေးနိုင်ပါတယ်။

ဒီနိုင်ငံမှာ‌တော့ ဘိန်းစာပင် စိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ အသုံးပြုခြင်းဟာ တရားမဝင်ပါဘူး။ ဒါကြောင့် ဘိန်းစာရွက်ကို တိုင်းရင်းဆေးအဖြစ် ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာတွေဟာ ဥပဒေအရ တားမြစ်ထားတဲ့အရာဖြစ်ပါတယ်။

သို့ပေမယ့် ဒေသအချို့မှာတော့ ရိုးရာဓလေ့အရဖြစ်စေ၊ ကာယအားကို များစွာအသုံးပြုပြီး အလုပ်လုပ်တဲ့သူတွေ ကြွက်သားကိုက်ခဲတာ သက်သာဖို့၊ အားအင်တက်ကြွဖို့ ရည်ရွယ်ပြီး အချင်းချင်း လက်ဆင့်ကမ်း အသုံးပြုနေတာတွေ ရှိနေဆဲပါ။

တချို့က ကျိုချက်ပြီး ဖျော်ရည်ပုံစံနဲ့ သောက်သုံးတာမျိုး၊ ဒါမှမဟုတ် ချောင်းဆိုးပျောက်ဆေးရည် ဒါမှမဟုတ် တခြားတိုင်းရင်းဆေးဝါးတွေနဲ့ ရောစပ်ပြီး သုံးစွဲနေတာမျိုးလည်း ရှိနေကြတုန်းပါပဲ။

🍃 စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ။

ဘိန်းစာရွက်ကို အသုံးပြုတာဟာ စိတ်ကျန်းမာရေးအတွက် သိသာတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

✍🏻 စွဲလမ်းခြင်း

ဘိန်းစာရွက်ဟာ ဘိန်းလိုပဲ စွဲလမ်းစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ အချိန်ကြာကြာ သုံးစွဲမိရင် စွဲလမ်းသွားပြီး ရပ်လိုက်တဲ့အခါ စိတ်တိုတာ၊ ဂနာမငြိမ်ဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်တာ စတဲ့ (withdrawal symptoms) တွေ ခံစားရနိုင်ပါတယ်။
.

✍🏻 စိတ်ကျန်းမာရေး ပြဿနာများ

တချို့လူတွေမှာ စိတ်ပူပန်မှုတွေ ပိုများလာတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်စေနိုင်ပါတယ်။

အချိန်ကြာလာရင် စိတ်ပိုင်းဆိုင်ရာအရ ဒီအရာ‌ပေါ် မှီခိုမှုတွေ ဖြစ်လာပြီး စိတ်ဖိစီးမှုတွေကို ဘိန်းစာရွက်နဲ့ ဖြေရှင်းဖို့ ကြိုးစားလာတတ်ပါတယ်။
.

✍🏻 အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ထိခိုက်ခြင်း

အချို့အသုံးပြုသူတွေမှာ အာရုံစိုက်ရခက်ခဲတာ၊ မှတ်ဉာဏ်အားနည်းတာမျိုးတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
.

✍🏻 စိတ်အခြေအနေ မတည်ငြိမ်ခြင်း

ရုတ်တရက် စိတ်ခံစားချက် အတက်အကျ မြန်တာ၊ စိတ်ဆတ်တာမျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

🍃 ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှု

စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာမှာလည်း ဘိန်းစာရွက်က သက်ရောက်မှုတွေ ရှိပါတယ်။

✍🏻 အိပ်မပျော်ခြင်း

အသုံးပြုသူတွေရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းမှု သွေးသားတည်‌ဆောက်မှုအပေါ်မူတည်ပြီး အချို့က အိပ်ပျော်တာ၊ အချို့မှာ အိပ်မပျော်တာ ဒါမှမဟုတ် အိပ်စက်မှုပုံစံ မမှန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
.

✍🏻 ဝမ်းချုပ်ခြင်း

အူလမ်းကြောင်း လှုပ်ရှားမှုကို ထိခိုက်စေပြီး ဝမ်းချုပ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
.

✍🏻 ပျို့အန်ခြင်းနှင့် ခေါင်းမူးခြင်း

စတင်အသုံးပြုချိန်မှာ ဒါမှမဟုတ် ပမာဏများများ သုံးစွဲတဲ့အခါ ပျို့အန်တာ၊ ခေါင်းမူးတာ၊ နှလုံးခုန်မြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
.

✍🏻 ကိုယ်အလေးချိန်ကျခြင်း

အချို့သုံးစွဲသူတွေမှာ အစားစားချင်စိတ် လျော့နည်းလာတတ်တဲ့အတွက် ကိုယ်အလေးချိန်ကျခြင်း ဖြစ်တတ်ပါတယ်။
.

✍🏻 ကျောက်ကပ်နှင့် အူလမ်းကြောင်းထိခိုက်ခြင်း

မသင့်လျော်တဲ့ ထုတ်လုပ်မှုတွေနဲ့ အလွန်အကျွံသုံးစွဲမှုတွေကြောင့် ကျောက်ကပ်နဲ့ အူလမ်းကြောင်းတွေကို ထိခိုက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

နိဂုံးချုပ်အနေနဲ့

တချို့နိုင်ငံတွေ (ဥပမာ- ထိုင်းနိုင်ငံ) ကတော့ ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ပြီး တရားဝင်ခွင့်ပြုထားပေမယ့် မြန်မာနိုင်ငံမှာတော့ အသုံးပြုခွင့်ကို တားမြစ်ထားဆဲပဲ ဖြစ်ပါတယ်။ တစ်ချိန်က ရိုးရာဆေးဝါးအဖြစ် သုံးစွဲခဲ့ကြပေမယ့် သူ့မှာ စွဲလမ်းစေနိုင်တဲ့ အန္တရာယ်ရှိတာကိုလည်း မေ့ထားလို့မရပါဘူး။

ရုပ်ပိုင်းဆိုင်ရာသာမက အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ အများကြီး ဖြစ်စေနိုင်တာကြောင့် ပိုပြီး သတိပြုရှောင်ရှားသင့်ပါကြောင်း တိုက်တွန်းရင်း …..။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here