လေးနှစ်ကျော်ခဲ့ပြီ…

လေးနှစ်ဆိုတဲ့ အချိန်ကာလဟာ လူတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ပြောင်းလဲစေနိုင်လောက်တဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။

ဒီလေးနှစ်ကျော်အတွင်းမှာ ကျွန်မတို့တွေဟာ မရေမတွက်နိုင်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဆုံးရှုံးမှုတွေကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရပါတယ်။ စစ်ဘေး၊ ကပ်ဘေးတွေရဲ့ ရိုက်ခတ်မှုကြောင့် ဘဝတွေဟာလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေလို့ပေါ့။

မကြာသေးခင်က ကြုံခဲ့ရတဲ့ ငလျင်ဘေးဟာလည်း ဒီလူတွေရဲ့ ရင်ထဲမှာ မေ့မရနိုင်တဲ့ အနာရွတ်တစ်ခုအဖြစ် ကျန်ရစ်‌နေဦးမှာ မလွဲမသွေပါ။

အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးသွားသူတွေ၊ မိဘမဲ့သွားတဲ့ ကလေးငယ်လေးတွေရဲ့ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ မြင်ကွင်းတွေဟာ တကယ်ပဲ ရင်ကိုကွဲ‌စေပါတယ်။

တစ်နိုင်ငံလုံးမှာ ဒုက္ခတွေ ဒီလောက်များနေတာကို ကြည့်ပြီး ငါ ဘာမှလုပ်မပေးနိုင်ဘူးလို့ ခံစားမိတော့ ရင်ထဲမှာ အားမလိုအားမရနဲ့ တကယ်ကို မွန်းကျပ်နေတာပါပဲ။

ကျွန်မကိုယ်တိုင် အဲဒီလို အားမလိုအားမရဖြစ်တဲ့စိတ်ကို ခံစားရတာ တော်တော်လေးကြာခဲ့ပါတယ်။

ဘာလုပ်လုပ် စိတ်မပါသလိုလို၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိတော့ဘူး။ လူက ဘာမှမလုပ်ရပါပဲ ပင်ပန်းနွမ်းနယ်နေသလိုပဲ။ တစ်ခါတလေ ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်းကိုတောင် ကိုယ်တိုင်မသိ၊ စဉ်းစားလို့မရတော့တဲ့အထိ အတွင်းစိတ်ထဲမှာ ရှုပ်ထွေးနေတတ်တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်မ စိတ်ဓာတ်ကျတဲ့ဘက်ကို ရောက်လာတယ်။

စိတ်ဖိစီးမှုဒဏ်ကြောင့် အရေးအကြောင်း တစ်ခုခုဆို ဆုံးဖြတ်ချက်ချဖို့ နှောင့်နှေးတာ၊ မဆုံးဖြတ်ရဲတာတွေ ဖြစ်လာတယ်။

အကောင်းမြင်စိတ်တွေနည်းလာပြီး အထီးကျန်တယ်လို့ ခံစားရတဲ့အထိပါပဲ။

နောက်တော့ ဒီစိတ်ခံစားချက်ဟာ မမှန်နေဘူးဆိုတာကို တဖြည်းဖြည်း အသိဝင်လာခဲ့တယ်။

ပြန်ကုစားဖို့ ကြိုးစားခဲ့တယ်။

အရင်ဆုံး ကျွန်မရဲ့စိတ်ကို ကျွန်မ လက်ခံလိုက်တယ်။ ဒါဟာ လူတိုင်းခံစားရနိုင်တဲ့ သဘာဝဖြစ်စဥ်တစ်ခုပဲလို့ပေါ့။

လုပ်ချင်တာတွေအရမ်းများလိုက်တာလို့ လောဘမကြီးတော့ဘူး။

တစ်ခါတည်းနဲ့ အများကြီးလုပ်ဖို့ မကြိုးစားပဲ သေးငယ်တဲ့အရာလေးတွေကနေ စကြည့်တယ်။

ကိုယ်ချင်းစာစိတ်လေးနဲ့ ကိုယ့်အနီးနားမှာ ရှိတဲ့သူတွေကစပြီး အကူအညီပေးကြည့်တယ်။ ကျေးဇူးတင်ရမယ့်သူတွေကို ကျေးဇူးတင်ကြောင်း နှုတ်ကပြောတယ်။ တစ်ဆက်တည်းမှာ ပြုံးပြလိုက်တယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်တယ်။ အပင်လေးတွေပြန်ပျိုးတယ်။ အချိန်မှန်မှန် ပြန်အိပ်ကြည့်တယ်။ မိတ်ဆွေအချို့နဲ့ ပြန်ဆက်သွယ်တယ်။

ဒီနောက် အတွေးတွေကို ပြောင်းလဲဖို့ စကြိုးစားကြည့်တယ်။

မကောင်းတဲ့အတွေးတွေ ဝင်လာတဲ့အခါ သတိထားမိတာနဲ့တစ်ပြိုင်နက် ကိုယ့်ကိုယ်ကို အသိလေးကပ်လိုက်တယ်။ ဒီအတွေးတွေဟာ အမြဲတမ်းမှန်နေမှာမှ မဟုတ်တာဆိုပြီး အပြုသဘောဆောင်တဲ့အတွေးတွေနဲ့ အစားထိုးကြည့်တယ်။

အနည်းဆုံးတော့ ငါအသက်ရှင်နေသေးတယ်၊ ငါလုပ်နိုင်တဲ့ သေးသေးလေးစပြီး လုပ်ကြည့်မယ်၊ ငါ့မှာ တန်ဖိုးထားရမယ့်အရာတွေ ရှိနေသေးတယ် ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်တည်ဆောက်ယူရပါတယ်။

ထင်သလောက်တော့ ဘယ်လွယ်ပါ့မလဲ။ စိတ်ဆိုတဲ့အရာကိုက တအားကို သိမ်မွေ့နက်နဲလွန်းတာကိုး။

စိတ်ရှည်ရတယ်၊ သည်းခံရတယ်၊ အချိန်ယူခဲ့ရပါတယ်။

ကျွန်မလို ခံစားနေရတဲ့သူတွေ ရှိတယ်ဆိုရင်လည်း…

အဲဒီစိတ်ကို ဖြေလျှော့နိုင်ဖို့ အရင်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးပါ။ ဂရုစိုက်ပေးပါ။ အားနည်းချက်တွေကိုလည်း လက်ခံပါ။

တစ်ချိန်တည်းမှာပဲ ကိုယ်လုပ်နိုင်တဲ့အရာလေးတွေကိုလည်း အသိအမှတ်ပြုပေးပါ။

တကယ်တော့ ဒီလိုအချိန်မျိုးမှာ အားလုံးရဲ့ စိတ်ဓာတ်ခွန်အားဟာ အရေးကြီးဆုံးပါ။ တစ်ယောက်လက် တစ်ယောက်တွဲပြီး ဖေးမကူညီကြဖို့၊ အခက်အခဲတွေကို အတူတူကျော်ဖြတ်ဖို့ လိုအပ်ပါတယ်။

မျှော်နေတဲ့ပန်းတိုင်ဟာ လက်တစ်ကမ်းအလိုမှာ မဟုတ်လား။

အဲဒီကို ရောက်တဲ့အထိ ကျွန်မတို့ဟာ ကျန်းမာနေရပါမယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း သန်မာနေရပါမယ်။

ဒါကပဲ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ကျွန်မရေးနေရခြင်းရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

🤍🤍🤍🤍🤍🤍🤍🤍🤍
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here