ပြီးခဲ့တဲ့အပတ်က သကြားဖြတ်တဲ့အကြောင်းဆောင်းပါးမှာ ထန်းလျက်အကြောင်း အမေးများလို့ ပြောပြပါရစေ။

ထန်းလျက်ဆိုတဲ့ မြန်မာချောကလက်ဟာဖြင့် တို့မြန်မာတွေ မကြိုက်တဲ့သူ မရှိလောက်ပါနော်။

အာဟာရရှုထောင့်အရ စောင်းငဲ့ကြည့်မယ်ဆိုရင်တော့ ထန်းလျက်ဟာ သကြားဓာတ်ပါ။ ဘာတွေ ပါဝင်လဲဆိုရင် glucose နဲ့ အခြားသကြားဓာတ်တွေ ပါပါတယ်။

ဒါဖြင့်ရင် ထမင်းစားအပြီး ထန်းလျက်ခဲလေး စားလိုက်တယ်ဆို ရင်ချောင်သွားတယ်၊ အစာကြေသွားတယ်လို့ ခံစားရတာကရော။ သကြားစားရင် ဒီလိုမဖြစ်ဘူးလေနော်။ ထန်းလျက်မှာ အခြားသောသတ္တုဓာတ် (magnesium, potassium, calcium) တို့ အနည်းငယ် ပါဝင်ပါတယ်။ သကြားမှာတော့ ဒီလိုမပါဝင်ပါဘူး။

ဒါပေမယ့် ကယ်လိုရီအရဆိုရင်တော့ ထန်းလျက်တစ်ခဲနဲ့ သကြားတစ်ဇွန်းက အတူတူပါပဲ။ ဆီးချိုတက်နှုန်းလည်း ခပ်ဆင်ဆင်ပါပဲ။ ပါဝင်တဲ့ သကြားဓာတ်ပမာဏလည်း အတူတူပါပဲ။

ဒီအတွက်ကြောင့် သကြားအစားထိုးချင်လို့ ထန်းလျက်ပြောင်းစားဖို့ရာ မသင့်တော်ပါဘူး။ ဘယ်သကြားဓာတ်ဖြစ်ဖြစ် လျှော့နိုင်တာက ကောင်းပါတယ်။ (free sugar ပါ)

ထန်းလျက်က သကြားလောက် စက်ရုံထဲ အဆင့်ဆင့် ပြုပြင်ပြောင်းလဲခြင်းကို မလုပ်ရဘဲ ထန်းရည်ကို ကျိုရုံဖြင့်ရနိုင်လို့ သကြားထက် နည်းနည်းသာတယ်လို့တော့ ပြောလို့ရပါတယ်။ 

ယနေ့ခေတ်မှာ ထန်းတက်တဲ့ အရွယ်ကောင်းအမျိုးသားများဟာ စစ်မှုထမ်းရှောင်တာ၊ ပေါ်တာဆွဲရှောင်တာ၊ တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်တာ စသဖြင့်နဲ့ အလွန်ရှားသွားပါပြီ။ ဒါကြောင့် ထန်းလျက်စစ်ဖို့ရာ ခဲယဉ်းပါတယ်။ စျေးကွက်ထဲက ထန်းလျက်တွေမှာလည်း ထန်းရည်နည်းနည်း သကြားများများ ရောထားတာလည်း ဖြစ်နိုင်ပါတယ်။

တစ်ခါ ထန်းလျက်ရဲ့အရသာ လေးလေးပင်ပင်လေးရယ်၊ အရောင်အနံ့ ပြည့်စုံမှုရယ်ကြောင့် အခြားသော အစားအသောက်များ ပြင်ဆင်ရာမှာ အသုံးပြုကြပါတယ်။ ဥပမာ မုန့်လက်ကောက်စားမယ်ဆို ထန်းလျက်ရည်နဲ့ တို့စားတာမျိုး။ ပဲပြုတ်လေးပြုတ်ရင် သကြားအစား ထန်းလျက်ခဲလေးတွေ ထည့်တာမျိုးက အရောင်လည်းလှ အရသာလည်းကောင်းစေလို့ လုပ်ကြပါတယ်။

ပဲပြုတ်တစ်အိုးကိုမှ ထန်းလျက်တစ်ခဲထည့်တာဆို ပဲပြုတ်မှာပါဝင်တဲ့ ထန်းလျက်အချိုးအစားက နည်းတဲ့အတွက် သင့်တော်ပါတယ်။ မုန့်လုံးရေပေါ်ထဲ ထန်းလျက်ထည့်လုံးပြီး မုန့်လုံးရေပေါ် ၄~၅ လုံးလောက် စားတာနဲ့တော့ သွေးတွင်းဓာတ်တွေ ဘာမှထွေထူးမပြောင်းလဲသွားပါ။

ကျန်းမာရေးရှုထောင့်အရတော့ ထန်းလျက်ကို ချက်ပြုတ်ပြင်ဆင်ရာမှာ နည်းနည်းပဲသုံးမယ်ဆို ဆိုးကျိုးနည်းပါတယ်။

ဒီတော့ ထန်းလျက်ကို စားသင့်/မသင့်ဆိုတာ ပမာဏနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ 

ထန်းလျက်တစ်ခဲလုံး ထမင်းစားပြီးတိုင်း စားနေမိတယ်ဆိုရင်တော့ တစ်နေ့ ၂ နပ်စားရင် ၂ ခဲ။ ဒီတော့ သကြားဓာတ်က ၂ ဇွန်းကျော်ဖြစ်နေပြီမို့ WHO က တစ်နေ့တာ ခွင့်ပြုထားတဲ့ ပမာဏထက် ကျော်လွန်နေပါပြီ။

ဒါပေမယ့် ထမင်းစားပြီးလို့ ပြန်ဖြည်ဖို့ ထန်းလျက်ခဲကို တစ်ကိုက်လေးကိုက် ရေနွေးလေးနဲ့ သောက်တာဆို ပမာဏမများတဲ့အတွက် ရပါတယ်။ 

တစ်ခဲအစား တစ်ကိုက်လေး အရသာခံတာမျိုး လုပ်ပါ။

ဒီတော့ မြန်မာ့မုန့်ပဲသရေစာနဲ့ ဟင်းလျာတွေမှာ ထန်းလျက်ကို အသုံးပြုတဲ့အခါမှာရော၊ ထန်းလျက်စားသုံးတဲ့အခါမှာရော ပမာဏအနေနဲ့သာ ချင့်ချိန်ပါလို့ အကြံပေးချင်ပါတယ်….။

အာဟာရဆရာဝန်တစ်ဦး

LEAVE A REPLY

Please enter your comment!
Please enter your name here