တစ်ချိန်က ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် ဖြစ်သည်။

ဆရာဝန်။ ဒေါ်ကြီး‌ရေ ဓာတ်မှန်နဲ့ သလိပ်စစ်ဆေးမှုတွေအရ ခင်ဗျားမှာ တီဘီရောဂါဖြစ်နေပြီ။ တီဘီဆေးသောက်ရမယ်။ အနည်းဆုံး ၆ လတော့ သောက်ရလိမ့်မယ်။ တီဘီတိုက်ဖျက်ရေးဌာနမှာ ဆေးသွားထုတ်ပါ။ စာရေးပေးလိုက်မယ်။ သူတို့ပြောတဲ့အတိုင်း ဆေးသောက်ပါ။ သလိပ်ပြန်စစ်ပါ။ ၂ လကြာရင် လာပြန်ပြနော်။

ဒေါ်…….။ တီဘီတိုက်ဖျက်ရေးဌာနဆိုတာ ဘယ်မှာလဲဆရာ။

ဆရာဝန်။ သိပ်မဝေးဘူး။ ဟိုဘက်လမ်းကူး။ မျက်စောင်းထိုးလောက်မှာရှိတယ်။ အချိန်မီသေးတယ် သွားနော်။ မြန်မြန်ဆေးသောက်ရင် မြန်မြန်ပျောက်မယ်။ သူများကိုလည်း မကူးတော့ဘူးလေ။ နှာခေါင်းပိတ်ကတော့ ဆက်တပ်ထားနော်။

ဆရာဝန်လည်း လူနာက တန်းစီနေ၍ သိပ်မရှင်းပြနိုင်။ ရေးစရာရှိတာရေးပြီး နောက်တစ်ယောက် ဆက်ကြည့်နေသည်။ နွမ်းနွမ်းပါးပါးနှင့် သည်အဒေါ်ကြီးတော့ ဆေးတော့ သွားထုတ်မှာပါလေ။ အပြင်မှာ ဆေးဝယ်လို့ရတယ်ဆိုပေမယ့် ဈေးကြီးသည် (အဲဒီအချိန်က အပြင်မှာ တီဘီဆေးတွေ ဝယ်လို့ရသေးသည်)။ သူဝယ်သောက်နိုင်မှာ မဟုတ်ဟု ထင်သည်။

……

နောက် ၂ လလောက်ကြာသွားသည်။

ထိုအဒေါ်ကြီး ပြန်လာပြသည်။ တော်တော်လေးကောင်းလာသည်။ ဝဖြိုးလာသည်ကို တွေ့ရသည်။

ဆရာဝန်။ ဒေါ်ကြီး တီဘီဆေးသောက်နေပြီပေါ့။တီဘီဌာနက ဆေးစာအုပ်ပြပါဦး။

ဒေါ်—–။ ဆေးကတော့ ဆရာပြောတဲ့အတိုင်းပဲ အပြင်မှာ ဝယ်သောက်တယ် ဆရာရေ။ လိုတာ ဆရာပဲ စစ်ပေးပါ။

ဆရာဝန်။ ဟင်… တီဘီဌာန မသွားဘူးလား။ ဆေးသွားမထုတ်တတ်ဘူးလား ဒေါ်ကြီး‌ရေ။

ဒေါ်—-။ သွားပါသ‌‌ကော ဆရာရေ။ မနက်စောစောတည်းက သွားလိုက်တာ ၁၀ နာရီထိုးမှ ဆေးခန်းက ဆရာဝန် ဆရာမတွေက လာတယ်။ တုံကင်ယူပြီး စောင့်လိုက်ရတာ။ သလိပ်ထပ်စစ်မယ်။ သလိပ်စစ်ပြီး အဖြေရဖို့ စောင့်ရမယ်။ ပြီးမှ ဆေးထုတ်ရမယ်တဲ့။ နေ့လယ် ၁၂ နာရီလည်းထိုးရော ထမင်းစားချိန် နားရော။ ၂ နာရီထိုးမှ ပြန်အလုပ်လုပ်ပေးတယ်လေ။ ဆေးကလည်း ၁ ပတ်စာပဲပေးပြီး ပြန်လာပြပြီး ဆေးပြန်လာထုတ်ပါတဲ့။ ဆေးက ၁ ပတ် ၁ ခါပဲ ပေးမယ်တဲ့။

ကျွန်မနေတဲ့နေရာက ဒေသန္တရဆေးခန်းမရှိတော့ ဒီပဲ လာရမယ်တဲ့။ အဲဒီတော့ ဆရာရယ် ကျွန်မနဲ့ အဆင်မပြေပါဘူး။ သူတို့ ဆေးခန်းဖွင့်တဲ့ ၁၀ နာရီမှဆို ကျွန်မအလုပ်နဲ့ မကိုက်ဘူး။ အဲဒါကြောင့် ကျွန်မ ကိုယ့်ဘာသာပဲ ဝယ်သောက်လိုက်တယ်။ ခု ဆရာပြန်ချိန်းတာ လစေ့တော့ လာပြတာ။ ဒီမှာက စောစောတန်းစီရင် စောစောပြပြီး အလုပ်မီသလောက် ပြန်သွားလို့ရတယ် ။ ၂ လမှ တစ်ခါလာလို့ရတော့ ကျွန်မအတွက် ကိုက်တယ်။

ဆရာဝန်။ ဆေးတွေက ဈေးကြီးတော့ ဒေါ်ကြီးမဝယ်နိုင်မှာ စိတ်ပူလို့ပါ။

ဒေါ်—–။ ဆရာကလည်း ဆေးက တစ်နေ့စာဝယ်သောက်ရင် ၁ ထောင်ဆိုတော့ ကျွန်မတတ်နိုင်ပါတယ်။ ဝယ်သောက်တာ အဆင်ပြေတယ်။

ဆရာဝန်။ အယ်… ဒေါ်ကြီးက သူဌေးပဲ။ တစ်နေ့ ဘယ်လောက်တောင်ရလို့လဲ။ (မဝံ့မရဲ မေးမိသည်။ သူရတဲ့ လစာက တစ်လ ၈၀,၀၀၀ ကျပ်ဆိုတော့ တစ်ရက်ကို ၂,၆၀၀ ကျပ်ခန့်သာရသည်)

‌ဒေါ်—–။ တစ်ခါတလေ ၈,၀၀၀၊ တစ်ခါတလေ ၁၀,၀၀၀ လောက်ပေါ့ ဆရာရယ်။

ဆရာဝန်။ ဗုဒ္ဓေါ… ဒေါ်ကြီးအလုပ်က ဝင်ငွေကောင်းလှချည်လား။ ဘာအလုပ်မို့လို့လဲ။ ကျွန်တော်တောင် လုပ်ချင်လာပြီနော။

ဒေါ်—-။ ဆရာ မလုပ်နိုင်ပါဘူး။ ကျွန်မတို့က စောစောသွားလုပ်ရတယ်။ မနက်ဆို ၇ နာရီလောက်သွားမှ နောက်ဆို သူများရသွားရော။ ခုတောင် ၈ နာရီခွဲဆိုတော့ ပြီးရင်မီသလောက်သွားဦးမယ်။

ဆရာဝန်။ ဪ အဲဒါကြောင့် ဆေးခန်းကို ၁၀ နာရီ မသွားနိုင်တာကိုး။ ဘာအလုပ်များလဲ။

ဒေါ်—–။ အမှိုက်ကောက်တဲ့ အလုပ်ပါ ဆရာရေ။ ရပ်ကွက်ထဲ ကိုယ်အရင်သွားမှ ရမှာလေ။ နောက်ဆို သူများစီ ပါသွားမှာပေါ့။ အမှိုက်တွေ.. အမှိုက်တွေကနေ ပြန်ရွေးထုတ်ရင်း ပြန်ရောင်းရတာတွေ များများပါလာရင် ကိုယ့်အတွက် အမြတ်ကြီးပဲလေ။

တစ်ထောင်နဲ့ တစ်သောင်း မလဲနိုင်ပါဘူးတော်။

အဲဒီအချိန်တုန်းက အခမဲ့ရသည့် တီဘီဆေးကိုတောင် ရနိုင်ဖို့ အလှမ်းဝေးခဲ့ဖူးသည်။ တဖြည်းဖြည်းနှင့် ထိုလိုအပ်ချက်များကို ဝိုင်းဖြည့်နိုင်ခဲ့ကြသည်။ ဆေးယဉ်ပါးတီဘီတွေတောင် ကုပေးနိုင်ခဲ့ကြသည်။ စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်အောင်၊ ရည်မှန်းချက်တွေ ပြည့်မီအောင် ကြိုးစားကြသည်ပေါ့။

ခုတော့ တီဘီဆေးက အပြင်မှာ ဝယ်သောက်၍ မလွယ်ကူတော့ပေ။ အရည်အသွေးပြည့် ဆေးဝါးများကို နိုင်ငံတော်မှ အခမဲ့ ကုပေးနေသည် ဆိုသော်လည်း စေတနာနှင့် ကုပေးနိုင်သည့်၊ ပြည်သူများ လွယ်ကူစွာ ဆေးကုသမှု ရနိုင်သည့် ဝန်ဆောင်မှုများ ဘယ်လိုဖြစ်နေပြီလဲ မသိတော့ပြီ….။

ထူးသထက်ထူးတဲ့
ပြည်သူ့ကျန်းမာရေး ဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here