⏳ စောင့်ရတာကို ဘာလို့ မုန်းတာလဲ
တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ကို၊ ဘာကိုမှ တစ်ခါမှ မစောင့်ဖူးတဲ့သူဆိုတာ တော်တော်ရှားပါးပါလိမ့်မယ်။
ဘတ်စ်ကား စောင့်ရတာ၊ ချိန်းထားတဲ့ သူငယ်ချင်းကို စောင့်ရတာ၊ အွန်လိုင်းက မှာထားတဲ့ ပစ္စည်းလေး ရောက်လာဖို့ စောင့်ရတာ… ဒါတွေဟယ ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ အမြဲကြုံနေရတဲ့ ကိစ္စတွေပါ။
အဲဒီလို စောင့်နေရတဲ့အခါ သည်းမခံနိုင်တာ၊ စိတ်တိုတာ၊ စောင့်ရတာကို လုံးဝမုန်းတယ်လို့ မကြာခဏ ပြောမိ၊ ခံစားမိတတ်ကြပါတယ်။
ဒီမှာ အရေးကြီးတာက ဒီအခြေအနေကို သေသေချာချာ ခွဲခြားကြည့်တတ်ဖို့ပါပဲ။
🔺စောင့်ရခြင်းရဲ့ အကြောင်းရင်း
ဘာကြောင့် ကိုယ်က စောင့်ဆိုင်းနေရတာလဲ (ပြင်ပအခြေအနေ)
🔹စိတ်မရှည်ရတဲ့ အကြောင်းရင်း
ဘာလို့ ဒီအလုပ်ကို သည်းညည်းမခံနိုင်အောင် စိတ်ထဲက ဖြစ်နေရတာလဲ (စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်း)
.
၁။ စောင့်ရတဲ့ အကြောင်းရင်းများ
(ဘယ်သူ့ကြောင့်၊ ဘာကြောင့် စောင့်နေရတာလဲ)
ကျွန်မတို့စောင့်ရတဲ့ ပြဿနာတွေက အမျိုးမျိုးရှိပါတယ်။ ဥပမာအားဖြင့်
- စနစ်ပိုင်းဆိုင်ရာ အားနည်းချက်လို့ဆိုရမယ့် လမ်းတွေ ပိတ်နေတာ၊ ရုံးတွေမှာ စနစ်မကျလို့ အချိန်ကြန့်ကြာနေတာ၊ ဆေးရုံမှာ လူနာတွေ တန်းစီစောင့်ရတာ။ ဒါတွေက ကိုယ်တစ်ယောက်တည်းကြောင့် မဟုတ်ဘဲ စနစ်ကြောင့် ဖြစ်ပါတယ်။
- စီမံခန့်ခွဲမှု လိုအပ်ချက်မှာဆိုရင် ဝန်ထမ်းလူအင်အား မလုံလောက်လို့၊ အလုပ်ကို အစီအစဉ် မချထားလို့ နောက်ကျနေတာမျိုး။
- လူမှုရေးပြဿနာတွေမှာ ကိုယ်ချိန်းထားတဲ့သူက အချိန်ကို တန်ဖိုးမထားဘဲ နောက်ကျနေတာမျိုး။
- ရှောင်လွှဲလို့မရတဲ့ အခြေအနေ ရာသီဥတုဆိုးလို့ လေယာဉ်နောက်ကျတာ၊ အသက်ကယ်ဖို့ အလှူရှင် စောင့်နေရတာမျိုး။
ဒါတွေဟာ ကိုယ်ထိန်းချုပ်လို့ ရနိုင်တာရှိသလို ကိုယ့်ထိန်းချုပ်မှုအောက်မှာ မရှိနေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
.
၂။ စောင့်ရတာကို ဘာလို့ စိတ်မရှည်တာလဲ (ကျွန်မတို့ရဲ့ စိတ်လိုအပ်ချက်)
စောင့်ရတာကို မုန်းတယ်ဆိုတာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်တွေ ပြည့်မီမှုအားနည်းနေလို့ပါ။
- အချိန်ဖြုန်းတယ်လို့ ခံစားရခြင်း
စောင့်နေတဲ့အချိန်ဟာ ဘာမှအကျိုးမရှိဘဲ အလကားကုန်သွားတယ်လို့ ထင်တဲ့အခါ စိတ်တိုပါတယ်။ (တကယ်လုပ်စရာရှိတာတွေ လုပ်ခွင့်ဆုံးရှုံးသွားတယ်လို့ ယူဆပါတယ်) - မသေချာမရေရာမှု
“ ဘယ်တော့မှ ပြီးမှာလဲ” ဆိုတဲ့ မေးခွန်းရဲ့အဖြေကို မသိရတဲ့အခါ ပိုပြီးစိတ်ဖိစီးပါတယ်။ ပြီးဆုံးမယ့်အချိန်ကို သိရရင်တော့ ပိုသည်းခံနိုင်ပါတယ်။ - ထိန်းချုပ်မှု ဆုံးရှုံးသွားခြင်း
ကိုယ့်ရဲ့အခြေအနေကို ကိုယ်တိုင် ပြောင်းလဲနိုင်စွမ်းမရှိတော့ဘူးလို့ ခံစားရတဲ့အခါ လူက စိတ်ကျဉ်းကျပ်ပါတယ်။ - မတရားဘူးလို့ ခံစားရခြင်း
တန်းစီနေချိန် လူကျော်တက်သွားတာ၊ ကိုယ်က အရင်ရောက်နေပေမယ့် နောက်မှရောက်တဲ့သူက အရင်ကိစ္စပြီးသွားတာမျိုးဟာ တရားမျှတမှုမရှိဘူးလို့ ခံစားရပြီး ဒေါသထွက်စေပါတယ်။
…
…
💡 ဘယ်လိုစိတ်ထားသင့်လဲ။
စောင့်ရတာကို မုန်းတဲ့စိတ်ဟာ ကိုယ့်အချိန်၊ ကိုယ့်လွတ်လပ်ခွင့်နဲ့ တန်းတူဆက်ဆံခံရရေး စတဲ့ စိတ်လိုအပ်ချက်တွေနဲ့ ပတ်သက်နေပါတယ်။
ဒီလိုစောင့်ဆိုင်းရတဲ့အခါမှာ စိတ်ထိန်းနိုင်ဖို့အတွက် “ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်တင်းတဲ့နည်း” လေးကို အလေ့အကျင့်လုပ်ကြည့်ပါ။
ကိုယ်က စနစ်ကြောင့် စောင့်နေရတာလား၊ လူကြောင့် စောင့်နေရတာလားဆိုတာ ခွဲခြားကြည့်ပါ။
ကိုယ်မပြောင်းလဲနိုင်တဲ့ အခြေအနေ (ဥပမာ- ယာဉ်ကြောပိတ်ဆို့မှု) အတွက်ဆို စိတ်တိုနေမယ့်အစား ကိုယ်ထိန်းချုပ်နိုင်တဲ့ အလုပ်တစ်ခု (ဥပမာ ဖုန်းထဲမှာ စာဖတ်တာ၊ မှတ်စုရေးတာ) ကို လုပ်လိုက်ပါ။
ဒါဟာ ကိုယ်ရဲ့ ထိန်းချုပ်နိုင်မှုလိုအပ်ချက် (Need for Control) ကို ဖြည့်တင်းလိုက်တာဖြစ်ပြီး စိတ်ကျေနပ်မှုကို ပေးနိုင်ပါတယ်။
လူကြောင့် စောင့်ရတဲ့အခါ မိမိကို လေးစားမှုမရှိဘူးလို့ ခံစားရစေတဲ့အတွက် ပိုပြီး စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါကိုဖြေရှင်းဖို့ဆိုရင် “ ကြိုတင်အသိပေးခြင်း” က အရေးကြီးဆုံးပါပဲ။
နောက်ကျမယ့်သူဘက်ကလည်း အချိန်စေ့မှ အကြောင်းကြားတာမျိုးမဟုတ်ဘဲ အနည်းဆုံး ၁၅ မိနစ်လောက် ကြိုပြောဖို့ လိုသလို၊ စောင့်ရသူဘက်ကလည်း မိမိအချိန်ကို တန်ဖိုးထားကြောင်း တစ်ဖက်လူသိအောင် ယဉ်ယဉ်ကျေးကျေး ပြောပြထားတာမျိုး လုပ်သင့်ပါတယ်။
.
ဆိုတော့… စောင့်ဆိုင်းခြင်းကို သည်းခံနိုင်ဖို့ဆိုတာ အခြေအနေကို လက်ခံနိုင်ပြီး၊ ကိုယ့်အချိန်တွေကို အကျိုးရှိရှိ ပြန်သုံးတတ်တဲ့ စိတ်နေစိတ်ထားကို လေ့ကျင့်ယူတာပဲ ဖြစ်ပါတယ်။
အကယ်၍ တစ်ခုခုကို ခဏတာစောင့်ရတာကိုတောင် မခံမရပ်နိုင်အောင် စိတ်တိုတာ ဒေါသထွက်တာ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရခက်လာတာမျိုး ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်ရှင်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

