ကိုယ့်ရဲ့ အခန်းထောင့်တစ်နေရာမှာ အဝတ်ဗီဒိုတစ်ခုရှိတယ်ဆိုပါစို့။
ဒီဗီဒိုထဲကို အင်္ကျီတွေ၊ ဘောင်းဘီတွေ၊ ခြေအိတ်တွေ၊ ပဝါတွေ အားလုံးကို မခေါက်မသိမ်းဘဲ စုထည့်ပစ်မယ်။ ပြီးရင် တံခါးကို ပြန်စေ့ထားမယ်။
အဲလိုပဲ နောက်ရက်တွေလည်း လိုတာရှိရင် ထုတ်မယ်။ ဒီလိုပဲ ပြန်ထိုးထည့်ပြီး သိမ်းမယ်။ တံခါးကို ပြန်ပိတ်ထားမယ်။
ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ
တစ်ရက် ဗီဒိုကိုဖွင့်လိုက်တော့ အထဲမှာရှိသမျှ အားလုံးက အပြင်ကို လျှံကျလာတယ်။ သိမ်းလို့လည်း မနိုင်တော့သလို အားလုံးက ပွစာကြဲကုန်တယ်။
…
…
ကျွန်မတို့ရဲ့ စိတ်အတွင်းတစ်နေရာမှာလည်း အလားတူ ဗီဒိုလေးတစ်လုံး ရှိပါတယ်။
ငယ်စဉ်ကတည်းကရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ပျော်ရွှင်မှုတွေ၊ အထီးကျန်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ဝမ်းနည်းမှုတွေ၊ လက်ရှိ စိတ်ခံစားချက်တွေ၊ အဆင်မပြေတာတွေ၊ စိတ်ဖိစီးတာတွေကို တစ်ခါတည်း စုပြုံထည့်ထားမိတဲ့ ဗီဒိုလေးတစ်လုံးပေါ့။
ဒါတွေကို ကောင်းမွန်စွာ နေရာမချနိုင်တော့တဲ့အခါ၊ မကိုင်တွယ်နိုင်တော့တဲ့အခါ စိတ်ရဲ့ဗီဒိုလေးဟာလည်း အပြင်ကို လျှံထွက်လာပါတော့တယ်။
စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်မှုလွန်ကဲခြင်း၊ စိတ်ဒဏ်ရာရဲ့နောက်ဆက်တွဲဖိစီးမှု၊ ဒေါသကိုမထိန်းနိုင်ခြင်း စတဲ့ အမည်နာမမျိုးစုံနဲ့ပေါ့။
…
…
ဒီတော့ ကျွန်မတို့ဟာ ရှိသမျှအရာတိုင်းကို သေချာပြန်ခေါက်သိမ်းပြီး စီစီရီရီလေးထားဖို့ လိုပါတယ်။
ဗီဒိုလေးရဲ့ဘေးမှာ အမှိုက်ပုံးလေးတစ်ခုကိုပါ ထားမယ်။ မလိုတာတွေကို လွှင့်ပစ်မယ်။ လိုချင်တာလေးတွေကို စနစ်တကျသိမ်းထားမယ်။
သူ့နေရာနဲ့သူ.. သူ့အကန့်နဲ့သူ။
- ဗီဒိုလေးကို ဖွင့်လိုက်တာနဲ့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ မြင်သာအောင်
- ကိုယ်လိုချင်တဲ့အရာ ရှာနေတဲ့အရာရှိရင် အလွယ်တကူ ယူနိုင်အောင်
- နေ့စဉ် သိမ်းဆည်းဖို့ရော စွန့်ပစ်ဖို့ရော လိုအပ်ပါတယ်။
ပင်ပန်းခြင်းတွေများစွာ
မောဟိုက်မှုတွေများစွာ
အဆင်မပြေမှုများစွာနဲ့အတူ နေ့တစ်နေ့ကုန်ဆုံးသွားတဲ့အခါ
အမှိုက်ပုံးလေးထဲကို မလိုချင်တဲ့အရာတွေ ပစ်ထုတ်လိုက်မယ်။
တစ်နေ့တာပြီးဆုံးသွားချိန်မှာ
ချစ်ခြင်းမေတ္တာတွေ
အသိအမှတ်ပြုခံရမှုလေးတွေ
ကြည်နူးခြင်းပီတိ ကျေးဇူးတရား စတာတွေကိုတော့ ဗီဒိုလေးထဲ အမြတ်တနိုးသိမ်းဆည်းမယ်။
ဒါဆိုရင် ဗီဒိုလေးကို ဖွင့်လိုက်တိုင်းမှာ လိုအပ်တဲ့ အကြည်ဓာတ်စွမ်းအင်လေးတွေကို ရရှိမယ်။
နောက်တစ်နေ့အတွက် အားယူမယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မယ်။
နောက်ပြီး အိပ်မက်လှလှ မက်မယ်။
ပကတိလောကကြီးက ရိုးရိုးရှင်းရှင်းနဲ့ လှမြဲလှပနေလျက်သာ ဖြစ်ပါတယ်။
🤍🤍🤍🤍🤍🤍
သင်၏စိတ်ကလေးကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.