‎ကျွန်တော့်အသိတစ်ယောက်ခမျာ ရည်းစားနဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲလာတယ်တဲ့။ တော်တော်နဲ့လည်း အိပ်မပျော်တော့ဘူး။ မနက်ခင်းဆိုရင် အစောကြီးနိုးနေတတ်ပြီး တစ်နေကုန် နေရထိုင်ရတာလည်း အားမရှိသလို၊ နုံးနေသလိုဖြစ်နေပြီး အလုပ်တွေပါ မလုပ်နိုင်မကိုင်နိုင်ဖြစ်လာတော့တာ ဆိုပါလား။ ကျောင်းစာတွေမှာလည်း သိပ်ပြီးတော့ အာရုံမစိုက်နိုင်တော့တဲ့အကြောင်းကို ကျွန်တော့်ဆီလာပြီး ရင်ဖွင့်ပြောပြပါတယ်။

‎ဒါနဲ့ စိတ်လေးနေလို့ အဆင်မပြေဘူးဆိုရင် ခံစားနေရတာတွေကို ရင်ဖွင့်ပြောပြလို့ရတဲ့ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းမှာ ပြသပြီး ဆွေးနွေးတိုင်ပင်ကြည့်ဖို့ ကျွန်တော်က လမ်းညွှန်လိုက်ပါတယ်။

‎သူဆေးခန်းပြပြီး သိပ်မကြာခင်မှာပဲ အရင်လို ပုံမှန်ပြန်ဖြစ်သွားပြီဆိုပြီး ကျွန်တော့်ကို လာပြောပြပါတယ်။ ဆေးတောင် သောက်ဖို့မလိုဘဲ ဖြစ်နေတဲ့ စိတ်ခံစားချက်လေးတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီး ဘဝရှေ့ရေးအတွက်လည်း အားအင်အသစ်တွေ ရနေပြီဖြစ်ကြောင်း အသိပေးတော့ ကျွန်တော်ပါရောပြီး ဝမ်းသာပီတိဖြစ်ရတာပေါ့ဗျာ။

‎သူပြန်သွားတော့မှ ကျွန်တော်လည်း ကျောင်းတက်တုန်းကသင်ရတဲ့ “ စိတ်ကိုပျော်ရွှင်စေတတ်တဲ့ ဟော်မုန်း‌တွေအကြောင်း” ကို ပြန်စဉ်းစားမိပြီး သိချင်တာတွေရှိလာတဲ့အတွက် စာတွေကို ပြန်ရှာဖတ်မိပါတော့တယ်။
‎…
‎…

‎စိတ်ခံစားချက်ဖြစ်‌ပေါ်ရာမှာ အကူအညီပေးတဲ့ ဟော်မုန်းတွေအကြောင်းကို သင်ရတုန်းက ဆရာမကြီးပြောတာကို အမှတ်ရမိပါတယ်။ “ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့စိတ်ခံစားချက် (emotions) တွေဆိုတာက ခံစားမှုသက်သက် (feelings‌) တွေချည်း မဟုတ်ပါဘူး” တဲ့။ သူတို့တွေကို အဆင်ပြေကောင်းမွန်စွာ ထိန်းချုပ်ပေးနေတဲ့ ဟော်မုန်းလေးတွေလည်း ရှိပါသေးတယ်တဲ့။

‎အဲဒီဟော်မုန်းလေးတွေက မညီမျှတဲ့အခါ ပျော်စရာတွေက ပျော်စရာမကောင်းတော့တာမျိုး ဖြစ်လာတတ်ပါတယ်။ ပူဆွေးဝမ်းနည်းစရာတွေကြုံလာရတဲ့အခါမှာလည်း အဲဒီခံစားချက်ကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတွေ ကျဆင်းလာပြီး မပြောသင့်တာတွေကို ပြောမိ၊ မလုပ်သင့်တာတွေကို လုပ်မိပြီး မဖြစ်သင့်တာတွေက ဖြစ်လာတတ်ပါတယ်တဲ့။ ဒါကြောင့်မလို့ ဘယ်လိုလောကဓံပဲကြုံကြုံ အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ဆိုတာက အဲဒီဟော်မုန်းလေးတွေက ခန္ဓာကိုယ်ထဲမှာ ညီညွတ်မျှတစွာ ရှိနေရမှာဖြစ်ပြီး သူတို့ရဲ့ လုပ်ဆောင်ရမယ့် အလုပ်တာဝန်အသီးသီးကို လုပ်ဆောင်နိုင်ပါမှ လူ့ဘဝက နေလို့ပျော်မှာပါတဲ့နော်။
‎.

‎စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းလေးတွေကတော့ အများသိပြီးဖြစ်တဲ့အတိုင်းပါပဲ။

‎1️⃣ ဆီရိုတိုနင် (Serotonin)
‎2️⃣ ဒိုပါမင်း (Dopamine)
‎3️⃣ အောက်စီတိုဆင် (Oxytocin)
‎4️⃣ အန်ဒေါ်ဖင် (Endorphins) ဆိုတဲ့ဟော်မုန်းတွေပဲ ဖြစ်ကြပါတယ်။

‎ဒီဟော်မုန်းလေး‌တွေက ညီညွတ်မျှတနေရင် စိတ်ကလေးက နေလို့ကောင်းမယ်။ မညီညွတ်တော့ရင်၊ တစ်ခုခုနည်းနေရင် စိတ်မပျော်မရွင်ဖြစ်လာမယ်။ နေရထိုင်ရတာက သက်တောင့်သက်သာမရှိတော့သလိုမျိုး ခံစားလာရပါမယ်။
‎.

‎ဒီဟော်မုန်းတွေကို နည်းစေတဲ့ အကြောင်းအရင်းတွေကို ခြုံငုံပြီး ပြောပြပါမယ်။

‎😞 ရက်ရှည်လများ စိတ်ဖိစီးမှုနဲ့ ရှင်သန်နေထိုင်ရတာ (အခုလို အာဏာသိမ်းထားတဲ့ ကာလမျိုးပေါ့)
‎🤸🏾 ကိုယ်လက်လှုပ်ရှားမှု မလုပ်ဖြစ်တာ
‎🫩 အိပ်ချိန်မမှန်တာ၊ အိပ်စက်ချိန် လုံလောက်မှုမရှိတာ
‎🥗🍛 အာဟာရပြည့်ဝတဲ့ အစား‌အသောက်တွေကို မစားမိတာ
‎😮‍💨 မပြီးပြတ်တဲ့အလုပ်တွေကြောင့် ခြေကုန်လက်ပန်းကျနေတာ
‎🧑🏾‍🦽 နှစ်ရှည်လများ နေမကောင်းဖြစ်တာ (လေဖြတ်လို့ လမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲပဲ လဲနေရတော့တာ)
‎💊 ဆီးချို‌ဆေး၊ သွေးတိုးကျဆေး၊ စတီးရွိုက်ဆေးတွေကို အကြာကြီးစွဲသောက်နေရတာ
‎💉 စိတ်ကို ခဏတာအဆင်ပြေစေတဲ့ မူးယစ်ဆေးတွေကို သုံးစွဲမိတာ စတာတွေပဲ ဖြစ်ပါတယ်။

အဲဒါတွေအပြင် တစ်ယောက်တည်း အကြာကြီးနေထိုင်နေရတာ၊ ချစ်သူ၊ သမီးရည်းစား စတဲ့ဆက်ဆံရေး (relationship) တွေအပေါ်မှာ အစွဲအလမ်းကြီးတာ၊ အားကိုးယုံကြည်လွန်းတာ၊ ကိုယ်စိတ်ပျော်ရာ/ ဝါသနာပါတာလေးတွေကို လုပ်ဖို့အချိန်မရတာ၊ အပြာကား (Porn) တွေကို အလွန်အကျွံကြည့်မိနေတာ၊ လောင်းကစား စွဲလမ်းနေတာ၊ ဆိုရှယ်မီဒီယာ (social media) တွေသုံးနေတာကို မရပ်တန့်နိုင်တာ စတာတွေမှာလည်း ဟော်မုန်းတွေ မညီမညွတ်ဖြစ်တတ်ပါတယ်။ ပြီးတော့ မွေးရာပါရောဂါတစ်ချို့မှာလည်း စိတ်ပျော်ဟော်မုန်း နည်းနေတတ်ပါတယ်နော်။
‎…
‎…

‎🍀 အခုဆက်ပြီး ဆီရိုတိုနင် (Serotonin) အကြောင်းကို ပြောပြပါမယ်။

ဆီရိုတိုနင်ဆိုတာက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို ချိန်ညှိပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အပျော်မလွန်အောင်၊ ဝမ်းနည်းစရာကြုံလာရင်လည်း ရင်ကွဲပက်လက် မဖြစ်အောင် ထိန်းညှိပေးပါတယ်။ အူမြူးပြီး ရယ်နေတာကို မထိန်းနိုင်တဲ့လူနာတွေ၊ ငိုနေတာကို ရပ်လို့မရတဲ့ လူနာတွေကို တွေ့ဖူးပါတယ်။


‎ဆီရိုတိုနင်အများစု (၉၀%) ကို အူလမ်းကြောင်းကနေ ထုတ်ပေးပါတယ်။ ကျန်တဲ့ ၁၀% ကို ဦးနှောက်ထဲမှာ ထုတ်ပါတယ်။ ဒီမှာ ဘာတွေ့ရလဲဆိုရင် အူလမ်းကြောင်း ကျန်းမာရေးမကောင်းရင်လည်း ဆီရိုတိုနင် ထုတ်လုပ်နိုင်စွမ်းဟာ ကျဆင်းတတ်တယ်ဆိုတာပါပဲ။
‎.

‎ဆီရိုတိုနင်က ဘာတွေလုပ်ပေးသလဲ။

‎🧠 ဦးနှောက်ထဲမှာဆိုရင်

‎၁။ စိတ်ခံစားချက်ကို ချိန်ညှိပေးတာ
‎၂။ အိပ်ချိန်ကို မှန်‌ကန်အောင် လုပ်ပေးတာ
‎၃။ အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချတာ
‎၄။ စိတ်ဖိစီးမှု လျှော့ချပေးတာနဲ့
‎၅။ စိတ်ကို ငြိမ်းချမ်းစေတာ စတာတွေကို လုပ်ဆောင်ပေးပါတယ်။
‎.

‎🏋🏾ကိုယ်ခန္ဓာအတွက်ဆိုရင်

‎၁။ အစာချေဖျက်တဲ့စနစ်ကို အထောက်အကူပြုတာ၊ စားချင်စိတ်ကို မြင့်တက်စေတာ၊ ဝမ်းမှန်စေတာ
‎၂။ အနာမြန်မြန်ကျက်စေတာ
‎၃။ အရိုးရဲ့ သိပ်သည်းဆကို ထိန်းပေးတာနဲ့
‎၄။ နာကျင်မှုကို ခံနိုင်ရည် ရှိစေတာတွေကို လုပ်ဆောင်ပေးပါတယ်တဲ့။
‎.

‎ဆီရိုတိုနင် လျော့နည်းလာရင် ဘာတွေဖြစ်မလဲ။

‎အလွယ်လေးပါပဲ။ အပေါ်က ပြောပြထားတဲ့အချက်တွေက ကမောက်ကမ ဖြစ်ကုန်မှာပေါ့။

‎☹️ စိတ်ဓာတ်ကျလာမယ်။
‎😰 စိုးရိမ်စိတ်တွေ၊ ရုတ်တရက် ကြောက်ရွံ့တုန်လှုပ်မှု (Panic Attack) တွေ ဖြစ်လာမယ်။
‎😡 စိတ်ဂနာမငြိမ်ဖြစ်ပြီး စိတ်ဆတ်၊ ဒေါသထွက်လွယ်လာမယ်။
‎🫩 ကောင်းကောင်း အိပ်မပျော်တော့ဘူး။ ကြက်အိပ်ကြက်နိုး ဖြစ်နေတတ်တယ်။ အိပ်ရာထရင်လည်း အိပ်ရေးမဝဖြစ်နေပြီး စိတ်မကြည်တော့ပါဘူး။
‎🤢 အစားအသောက်တွေ ပျက်လာမယ်။ အရင်ကကြိုက်ပါတယ်ဆိုတဲ့ အစားအသောက်လေးတွေကိုတောင် မစားချင်တော့ပါဘူး။
‎😣 ဗိုက်ထဲမှာ မအီမသာဖြစ်နေမယ်။
‎😖 ဖျားနာတာမဟုတ်ဘဲ တစ်ကိုယ်လုံး ဟိုနေရာကနာ၊ ဒီနေရာကနာ ဖြစ်နေတတ်ပါတယ်။
‎…
‎…

‎ဆီရိုတိုနင် လျော့နည်းရင် အဲလိုတွေဖြစ်တတ်တယ်ဆိုတော့ “ များရင် ကောင်းမှာပဲ” လို့လည်း မထင်နဲ့နော်။ ဆီရိုတိုနင်က နည်းလွန်းရင်လည်း မကောင်း၊ များလွန်းရင်လည်း မကောင်းပါဘူး။

ဆီရိုတိုရင် များလွန်းရင် ဖြစ်တတ်တဲ့ ဒုက္ခတွေကို ကြည့်လိုက်ကြရအောင်။

‎🤬 စိတ်မငြိမ်တော့ဘူး၊ စိတ်ရှုပ်လွယ်လာတတ်တယ်။
‎💓 နှလုံးခုန် မြန်လာမယ်။
‎🥵 ချွေးအလွန်အကျွံထွက်မယ်။
‎🙅🏾 ကြွက်သားတွေတောင့်တင်းပြီး ခြေတုန်လက်တုန် ဖြစ်တတ်တယ်။
‎🚨 တအားများလွန်းသွားရင် “ Serotonin syndrome” လို့ခေါ်တဲ့ အသက်အန္တရာယ်ဖြစ်‌စေနိုင်တဲ့ ရောဂါစုအထိ ဖြစ်တတ်ပါတယ်။ တော်တော်လည်း ဖြစ်ခဲပါတယ်။ တချို့ တားမြစ်ဆေးတွေကို အလွန်အကျွံသုံးမိရင် ဖြစ်နိုင်ပါတယ်။
‎…
‎…

‎ဆီရိုတိုနင်ကို သဘာဝအတိုင်း ပုံမှန်ဖြစ်နေအောင် ဘယ်လိုလုပ်ကြမလဲ။

‎🌅 မနက်ခင်း နေခြည်နုနုမှာ နေပူစာလှုံပါ။ ၁၅ မိနစ်ကနေ နာရီဝက်ဆိုရင် လုံလောက်ပါတယ်။
‎🍗🥚ဆီရိုတိုနင်ထုတ်လုပ်ဖို့ ကုန်ကြမ်းဖြစ်တဲ့ ထရစ်(ပ်)တိုဖန် (tryptophan) ကြွယ်ဝတဲ့ အစားအသောက်တွေ (ကြက်သား၊ ဥအမျိုးမျိုး၊ ငှက်ပျောသီး၊ အစေ့အဆန်၊ ဆယ်လမွန်ငါး၊ တို့ဖူး) ကို လုံ‌လုံလောက်လောက် စားပေးပါ။
‎🐟 အိုမီဂါသရီး (Omega 3) ပါတဲ့ ငါးကြီးဆီအားဆေးကို သောက်ပေးပါ။
‎⛹🏾 ချွေးစို့စေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို လုပ်ပါ။
‎🧘🏾 ယောဂလုပ်တာ၊ တရားထိုင်တာတွေကလည်း ဆီရိုတိုနင် ထွက်စေဖို့ အထောက်အကူပြုပါတယ်။
‎👯 ကိုယ်ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရယ်မောပျော်ရွှင်စွာ အချိန်ကုန်ဆုံးပါ။
‎💁🏾 တစ်စုံတစ်ယောက်ကို ကူညီတတ်တဲ့စိတ်၊ ကြင်နာတတ်တဲ့စိတ်ကလည်း ဆီရိုတိုနင်ကို ထွက်စေပါတယ်။
‎🛌🏾 အရည်အသွေးပြည့်ဝအောင် အိပ်စက်ချိန်‌ပေးပါ။
‎…
‎…

‎ဒီလောက်ဆိုရင် ဆီရိုတိုနင်အကြောင်းက စုံ‌သလောက်ရှိသွားပါပြီ။

ကျွန်တော်မှတ်ထားတာလေးတစ်ခုကတော့ “ လောကဓံတရားတွေကို ကြံကြံခံပြီး ရင်ဆိုင်ဖြေရှင်းဖို့ဆိုရင် စိတ်ပျော်ဟော်မုန်းလေးတွေက ညီညွတ်မျှတနေမှရမယ်” ဆိုတာပါပဲ။

စိတ်နဲ့ခန္ဓာဆိုတာဟာ ခွဲလိုက်လို့မှ မရတာ။ “ စိတ်ထောင်းလို့ ကိုယ်ကြေ” ဆိုတာမျိုး မဖြစ်အောင်၊ အမြဲတမ်း စိတ်ပျိုပြီး ကိုယ်နုအောင် ကြိုးစားနေနိုင်ကြပါစေဗျာ….။

‎စေတနာဖြင့်
‎အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here