ခွေးရူးပြန်ရောဂါဆိုတာ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး၊ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေတဲ့ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါဟာ သေစေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခွေးရူးပြန်ရောဂါရှိနေတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးကနေတစ်ဆင့် ကူးစက်လာတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရပါတယ်။
ခွေးရူးပြန်ရောဂါရှိနေနိုင်တဲ့ တိရစ္ဆာန်တွေကတော့ လင်းနို့၊ မြေခွေးနဲ့ ဝံပုလွေအုပ်စုတွေဖြစ်ပြီး ဖွံဖြိုးဆဲ နိုင်ငံတွေမှာတော့ လမ်းဘေးခွေးတွေကနေ လူကိုကူးစက်တာ ပိုတွေ့ ရများပါတယ်။
ခွေးရူးပြန်ရောဂါ လက္ခဏပြလာပြီဆိုရင် ရာနှုန်းပြည့် သေဆုံးနိုင်ခြေ များပါတယ်။ ဒါကြောင့်မို့ ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ခြေရှိသူတိုင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးထားသင့်ပါတယ်။
…
…
ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေကတော့ . . .
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- စိတ်လှုပ်ရှားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း
- အစာမျိုရခက်ခြင်း
- သွားရည်ယို တံတွေးထွက်ခြင်း
- ရေမျိုရခက်ခြင်း၊ ရေသောက်ရန်ကြောက်ခြင်း
- လေကြောက်ခြင်း
- စိတ်ကယောက်ခြောက်ခြားဖြစ်ခြင်း
- အိပ်မပျော်ခြင်း
- အကြောသေလေဖြန်းခြင်း စတာတွေ ဖြစ်ပါတယ်။
…
…
ဘယ်အချိန်မှာ ဆေးခန်းပြဖို့လိုမလဲ။
ခွေးရူးပြန်ရောဂါရှိတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့မိရင် ဒါမှမဟုတ် အကိုက်ခံရရင် နီးစပ်ရာဆေးခန်း ချက်ချင်းပြဖို့ လိုပါတယ်။ ထိတွေ့ ဒဏ်ရာအနေအထားပေါ်မူတည်ပြီး ခွေးရူးပြန်ကာကွယ်ဆေး ထိုးဖို့ လို/မလို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါရှိ/မရှိ မသေချာတဲ့ တိရစ္ဆာန်ကိုက်ခံရရင်လည်း နီးစပ်ရာ ဆေးခန်းပြဖို့လိုပါတယ်။
…
…
ခွေးရူးပြန်ရောဂါ ဘာကြောင့်ဖြစ်ပွားရတာလဲ။
ခွေးရူးပြန်ရောဂါဟာ ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ရောဂါရှိတဲ့တိရစ္ဆာန်တွေရဲ့ တံတွေးမှတစ်ဆင့် ပျံ့နှံ့ခြင်းဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါရှိတဲ့ တိရစ္ဆာန်တွေရဲ့ အကိုက်ခံရခြင်းကနေ အခြားတိရိစ္ဆာန် သို့မဟုတ် လူသို့ ကူးစက်ခြင်းဖြစ်ပါတယ်။
တချို့အခြေအနေတွေမှာတော့ ခွေးရူးပြန်ရောဂါရှိနေတဲ့ တိရစ္ဆာန်တွေရဲ့တံတွေးနဲ့ ဒဏ်ရာများကို ထိမိခြင်း (သို့) ပါးစပ်၊ မျက်လုံးကို ထိမိခြင်းအားဖြင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ရဲ့ လျှာနဲ့လျက်ခံရပြီး အဲဒီနေရာမှာ ဒဏ်ရာ၊ အနာ ရှိနေရင်လည်း ခွေးရူးပြန်ရောဂါ ကူးစက်နိုင်ပါတယ်။
…
…
*** ခွေးရူးပြန်ရောဂါ ကူးစက်စေနိုင်သော သက်ရှိများ
နို့တိုက်သတ္တဝါအားလုံးက ရောဂါကူးစက်စေနိုင်ပါတယ်။
လူတွေကို ခွေးရူးပြန်ရောဂါ ကူးစက်စေနိုင်တဲ့ အဓိကတိရိစ္ဆာန်တွေကတော့ . . .
- အိမ်မွေးတိရိစ္ဆာန်များ
ကြောင်
နွား
ခွေး
ရှဉ့်မျိုးနွယ်များ
ဆိတ်
မြင်း
- တောရိုင်းတိရစ္ဆာန်များ
လင်းနို့
ဝါးပွေးလေး၊ ကြွက်မျိုးနွယ်များ
တောခွေးနှင့် မြေခွေးအုပ်စုများ
မျောက်
တောကြောင်အုပ်စုများ
…
…
ဘယ်သူတွေ ခွေးရူးပြန်ရောဂါ ပိုကူးစက်ခံရနိုင်လဲ။
ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုများတဲ့နေရာကို ခရီးသွားလာသူတွေ၊ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ထိတွေ့နိုင်တဲ့နေရာတွေကို ကာကွယ်မှုမရှိဘဲ သွားလာနေထိုင်သူတွေ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ခွေးရူးပြန်ရောဂါ စမ်းသပ်စစ်ဆေးတဲ့ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်သူတွေမှာ ပိုမိုကူးစက်ခံရနိုင်ပါတယ်။
အကိုက်ခံရတဲ့ဒဏ်ရာဟာ ဦးခေါင်းနဲ့နီးလေလေ ရောဂါပိုး ဦးနှောက်ထဲရောက်ဖို့ ပိုမြန်လေလေ ဖြစ်ပါတယ်။
…
…
ခွေးရူးပြန်ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ။
(၁) ရောဂါပိုးနှင့်မထိတွေ့ခင် ကာကွယ်ခြင်း
- အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်း
- အိမ်မွေးတိရစ္ဆာန်များကို တောရိုင်းတိရစ္ဆာန်များနှင့် မထိတွေ့အောင် ထိန်းသိမ်းမွေးမြူခြင်း
- ခွေးရူးပြန်ရောဂါခံစားနေသည်ဟု သံသရှိသော တိရစ္ဆာန်များတွေ့လျှင် ချက်ချင်းအကြောင်းကြားခြင်း
- တောရိုင်းတိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ခြင်းမှရှောင်ကြဥ်ခြင်း
- နေအိမ်တွင် လင်နို့များဝင်ရောက်နိုင်သော အပေါက်များရှိလျှင် သေချာပိတ်ခြင်း
- ခွေးရူးပြန်ရောဂါရှိသည့် တိရစ္ဆာန်များကို ထိတွေ့မိခြင်း သို့မဟုတ် ခွေးရူးပြန်ရောဂါဖြစ်ပွားသောနေရာများသို့ ခရီးသွားလာခြင်းရှိလျှင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်း
- မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်း
.
(၂) ရောဂါပိုးနှင့်ထိတွေ့မိပြီးနောက် ကာကွယ်ခြင်း
ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ပြီး ရောဂါထိတွေ့မိသည်ဟု သံသယရှိပါက အရေးပေါ် အခြေအနေဖြစ်ပြီး ချက်ချင်းကုသဖို့လိုအပ်ပါတယ်။
ဒဏ်ရာရပြီးချက်ချင်း ရေနှင့်ဆပ်ပြာသုံးပြီး ၁၅ မိနစ်ခန့် သေချာစွာဆေးကြောဖို့ လိုပါတယ်။
ခွေးရူပြန်ရောဂါကာကွယ်ဆေး ရက်အပြည့် အတိအကျထိုးဖို့ လိုပါတယ်။
လိုအပ်ပါ ခွေးရူးပြန်ရောဂါ အဆိပ်ပြေဆေး (ပဋိပစ္စည်း) ထိုးဖို့ လိုပါတယ်။
.
ကြိုတင်ကာကွယ်ဂရုစိုက်ခြင်းဖြင့် ခွေးရူးပြန်ရောဂါ ကင်းဝေးပြီး ကျန်းမာရွှင်လန်းနိုင်ကြပါစေ….။
ဒေါက်ပီ
တယ်လီကျန်းမာ
References: 📚
https:// www. mayoclinic. org / diseases-conditions/rabies/symptoms-causes/syc-20351821
https:// www. who. int / news-room/fact-sheets/detail/rabies
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.