” ချစ်ခြင်းတရားလေးလည်း ကျန်းမာစေလို”
ချစ်ခြင်းတရားလို့ ပြောလိုက်ရင် အမျိုးမျိုးသော ချစ်ပုံချစ်နည်းတွေ၊ သံယောဇဉ်ဆက်နွယ်မှုတွေကို ပြေးမြင်ကြပါလိမ့်မယ်။ မိဘနဲ့ သားသမီး၊ သူငယ်ချင်းအပေါင်းအသင်း၊ ချစ်သူရည်စား ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က လူသားတွေအပေါ်ထားရှိတဲ့ မေတ္တာတရားတွေပေါ့။
စုန်ရေ၊ ဆန်ရေလို အပြန်အလှန် ချစ်ခြင်းမျိုးတွေတင်မက ဖြူစင်တဲ့၊ ပြင်းပြတဲ့၊ နူးညံ့တဲ့၊ ပေးဆပ်တဲ့ ချစ်ခြင်းတွေဟာ ကျွန်မတို့ရဲ့ ရှင်သန်မှုကို သူနည်းသူ့ဟန်နဲ့တော့ အဓိပ္ပာယ်ရှိစေပါတယ်။
ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာတယ်ဆိုတာဟာ ကောင်းတဲ့အရာပါ။ တစ်ဦးအပေါ်တစ်ဦး သို့မဟုတ် အခြားသူအပေါ်ကို မထိခိုက်၊ မနာကျင်စေမယ့် ချစ်ခြင်းမျိုးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့် ကျွန်မတို့ သတိပြုရမှာက “ ချစ်ခြင်းတရားဟာလည်း ကျန်းမာဖို့ လိုအပ်တယ်” ဆိုတာပါပဲ။
…
…
စိတ်ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကျန်းမာတဲ့ချစ်ခြင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် အခြေခံလိုအပ်ချက်တွေဆိုတာဟာ ရှိပါတယ်။
💕 အပြန်အလှန် လေးစားမှု (Mutual Respect)
တစ်ဖက်လူရဲ့ ဆုံးဖြတ်ချက်၊ ပုဂ္ဂိုလ်ရေး နယ်နိမိတ် (Boundaries) နဲ့ ခံစားချက်တွေကို နားလည်ပေးတာတွေဟာ ချစ်ခြင်းရဲ့ အခြေခံအုတ်မြစ်တွေပါ။
💕 ပွင့်လင်းသော ဆက်ဆံရေး (Open Communication)
နာကျင်မှုကို မျိုသိပ်မထားဘဲ အပြစ်တင်ခြင်းကင်းစွာနဲ့ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ရိုးရိုးသားသားဖလှယ်တာဟာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါတယ်။
💕 မိမိကိုယ်ကို အရင်ချစ်တတ်ဖို့ (Self-love)
ဒါကတော့ အရေးအကြီးဆုံးပါပဲ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်၊ ဂရုစိုက်တတ်ပြီး စိတ်ပိုင်းဆိုင်ရာလိုအပ်မှုတွေ ပြည့်စုံနေမှသာ တစ်ဖက်လူကိုလည်း အမှီအခိုကင်းကင်းနဲ့ ကျန်းမာစွာချစ်နိုင်မှာပါ။
.
ဒါတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုရင်
✍️ နှလုံးသားနဲ့ နားထောင်ပေးခြင်းကို အရင်စတင်ပါ။ တစ်ဖက်လူက စကားပြောနေချိန်မှာ စိတ်ရင်းနဲ့ နားထောင်ပေးတာဟာ အကောင်းဆုံး ကုသမှုပါပဲ။
✍️ ပြီးတော့ ကိုယ်ချင်းစာစိတ် (Empathy) ကို အမြဲရှေ့တန်းတင်ပါ။
✍️ အသေးအဖွဲလေးတွေအတွက်တောင် ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။
ဘာလို့လဲဆိုရင် ဒီအလေ့အကျင့်လေးတွေက ကျွန်မတို့ရဲ့ ချစ်ခြင်းတရားကို နေ့စဥ်နေ့တိုင်း ပိုပြီးသက်ဝင်ရှင်သန်စေမှာ ဖြစ်လို့ပါပဲ။
ချစ်ခြင်းတရားနဲ့ လွှမ်းခြုံတဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးကနေ နွေးထွေးမှု၊ ဘေးကင်းမှု၊ လွတ်လပ်မှုနဲ့ နားလည်မှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးတစ်ခုဖြစ်လာအောင် ဖြည်းဖြည်းချင်း တည်ဆောက်ယူရပါမယ်။
…
…
ဆိုတော့…
ကိုယ့်ရဲ့ ချစ်ခြင်းတရားနဲ့ နားလည်မှုတွေကို ကိုယ့်ရဲ့ အနီးဆုံးသူတွေဆီကို အရင်စီးဆင်းစေပါ။
ဒီလိုနဲ့ တစ်ဦးကနေ တစ်ဦးကို ဆက်ပြီးအေးချမ်းစေပါ။
အဆုံးမှာတော့ ပူလောင်မှုကင်းတဲ့ ကမ္ဘာ့ Valentine’s day ကြီးကို ကျွန်မတို့ဟာ နေ့စဉ်တိုင်းမှာ ဆင်နွှဲနိုင်ကြမှာပါ။
ချစ်ခြင်းမေတ္တာဟာ တကယ်တမ်းတော့ အပြန်အလှန်လေးစားမှုနဲ့ နားလည်ခြင်းမှာ ပိုပြီး သက်ဝင်လှပတယ် မဟုတ်ပါလားရှင်….။
#သင်၏စိတ်ကလေး ကျန်းမာစေဖို့
#ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

