လူသားတိုင်းဟာ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ နှမြောတသဖြစ်မှု စတဲ့ စိတ်ခံစားချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာရှိတဲ့ ဒီလိုခံစားရမှုတွေ (emotions) ကနေ ကာကွယ်ဖို့ Defense Mechanism လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုယန္တရားတွေကို အလိုအလျောက် အသုံးပြုလေ့ရှိကြပါတယ်။
ဒီထဲကမှ အခြေခံကျပြီး လူတိုင်းနီးပါး အသုံးပြုဖူးတဲ့ ယန္တရားတစ်ခုကတော့ Denial လို့ခေါ်တဲ့ ကိုယ့်ခံစားချက်တွေကို ငြင်းပယ်ပြီး လက်မခံခြင်းပဲ ဖြစ်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေ မသိလိုက်ဘဲ denial ကို သုံးမိတဲ့အချိန်တွေရှိပါတယ်။
.
➡️ Denial (ငြင်းပယ်ခြင်း) ဆိုတာဘာလဲ။
Denial ဆိုတာက ကိုယ်မလိုချင်တဲ့၊ မဖြစ်စေချင်တဲ့ အခြေအနေတစ်ခု သို့မဟုတ် ဖြစ်စဉ်တစ်ခုရဲ့ ပကတိအမှန်တရားကို လက်မခံဘဲ ငြင်းဆန်ခြင်း/ရှောင်လွှဲခြင်း ဖြစ်ပါတယ်။
ဒီဖြစ်စဥ် (mechanism) ဟာ လူတစ်ယောက်ကို ချက်ချင်း စိတ်ဒဏ်ရာမရစေဖို့ ယာယီကာကွယ်ပေးပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ ပိုဆိုးရွားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
တစ်နည်းအားဖြင့် မိမိရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့နဲ့ စိတ်ဖိစီးမှု ဝမ်းနည်းမှုတွေကို ရှောင်ရှားဖို့အတွက် အမှန်တရားကို လျစ်လျူရှုလိုက်ခြင်းပါပဲ။
ဥပမာ –
📌 ဆုံးရှုံးမှုကို လက်မခံခြင်း
လူတစ်ယောက်ဟာ ဖခင် သို့မဟုတ် မိခင်တစ်ဦးဦးကို ဆုံးရှုံးလိုက်ရတယ် ဆိုပါစို့။ အဖေ/အမေဟာ လွန်ခဲ့တဲ့ လေးလက ကွယ်လွန်သွားပေမယ့် သူ့စိတ်ထဲမှာ “ အဖေ/အမေက ခရီးသွားနေတုန်းပါ၊ မကြာခင်ပြန်လာမှာ” လို့ ပြောနေတာ/မှတ်ယူထားလိုက်တာ။ သူ့ရဲ့အခန်းထဲမှာလည်း အဖေ/အမေရဲ့ပစ္စည်းတွေကို မူလအတိုင်းထားထားတာ။
.
📌 ကျန်းမာရေးနဲ့ပတ်သက်ပြီး ငြင်းဆန်ခြင်း
ဆေးစစ်ချက်မှာ အဆိုးဘက်ရောက်တဲ့ ရလဒ်ထွက်လာတာကို သိလိုက်ရတဲ့အခါ “ ဒါက မှားနေတာ” လို့ဆိုပြီး မိမိအခြေအနေကို လက်မခံတာ၊ ဆေးကုသမှု ခံယူဖို့ကိုပါ ငြင်းဆန်တာ။
.
📌 စွဲလမ်းမှုနဲ့ပတ်သက်ပြီး ငြင်းဆန်ခြင်း
အရက်ကိုနေ့တိုင်းသောက်ပြီး အလုပ်ခွင် လူမှုရေးတွေမှာ ပြဿနာတွေဖြစ်နေပေမယ့် ငါ့ကိုယ်ငါထိန်းနိုင်တယ်၊ အရက်စွဲနေတာမဟုတ်ဘူး စသဖြင့် အရက်ဖြတ်ဖို့ကိုပါ ငြင်းဆန်တာ။
.
📌 Relationship တွေမှာ ပဋိပက္ခတွေကို ရှောင်လွှဲခြင်း
ဆက်ဆံရေးတွေမှာလည်း ရှိရင်းစွဲပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာမျိုး မလုပ်ဘဲ မရှိခဲ့သယောင်ငြင်းဆန်တာ။
ဒါတွေဟာ ကိုယ်ကြုံရတဲ့ အဖြစ်အပျက်ပေါ် မူတည်ပြီး ယာယီကာကွယ်တဲ့ သဘောမျိုးသာ ဖြစ်သင့်ပါတယ်။ ရေရှည်အသုံးပြုနေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုဆိုးလာနိုင်သလို လက်တွေ့ဘဝနဲ့လည်း ဝေးကွာသွားနိုင်ပါတယ်။
ဒီလိုနဲ့ . . .
- ပြဿနာတွေကို ဖြေရှင်းဖို့ ခက်လာမယ်။
- ပြဿနာတွေကို ရင်မဆိုင်ဘဲ ရှောင်ဖယ်နေတဲ့အတွက် မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေမှုတွေ များလာပြီး ဆက်ဆံရေး တင်းမာလာမယ်။
- တစ်စတစ်စနဲ့ အစိုင်အခဲတွေ စုပုံလာမယ်။
- အမှန်တရားကို ရင်ဆိုင်ဖို့ အချိန်နှောင်းသွားတတ်သလို
- လူမှုရေး ဆက်ဆံရေးတွေ ယိုယွင်းလာမယ်။
- စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှု၊ အပြစ်ရှိစိတ် စတာတွေ ပိုဆိုးလာပြီး လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ခက်ခဲလာတတ်ပါတယ်။
.
ဒါဆို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ။
☘️ အမှန်တရားကို လက်ခံပါ။
ပထမဆုံးအနေနဲ့ ခံစားနေရတဲ့ ဝမ်းနည်းမှု၊ နာကျင်မှု၊ ကြောက်ရွံ့မှု စတဲ့ခံစားချက်တွေကို လက်ခံတတ်ဖို့ လေ့ကျင့်ပါ။ ဒီခံစားချက်တွေဟာ စိတ်ခံစားချက်ရှိတဲ့မည်သူမဆို ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို နားလည်ပေးပါ။
.
☘️ မိမိရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပါ။
တစ်ခါတည်း အားလုံးကို လက်ခံဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်း အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းကို လက်ခံကြည့်ပါ။ ဒါဟာ တကယ်ပါလားလို့ နှုတ်ကနေ ရေရွတ်ကြည့်ပါ။
.
☘️ ယုံကြည်ရသူ၊ ချစ်ခင်ရသူတွေနဲ့ စကားပြောပါ၊ ရင်ဖွင့်ပါ။ သူတို့ရဲ့ အားပေးနှစ်သိမ့်မှုကလည်း အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
.
☘️ပညာရှင်များနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူပါ။
အကူအညီတောင်းခံဖို့ကို မကြောက်ပါနဲ့။ ဒါဟာလည်း အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါပဲ။
.
☘️တရားထိုင်တာ၊ ယောဂကဲ့သို့သော စိတ်ကိုတည်ငြိမ်စေတဲ့ နည်းလမ်းတွေကို လေ့ကျင့်ကြည့်ပါ။ မိမိိနှစ်သက်တဲ့ ဝါသနာတွေ၊ လှုပ်ရှားမှုတွေမှာ အချိန်ပိုပေးပါ။
ဒါတွေဟာ ကိုယ့်ရဲ့ အကောင်းမြင်စိတ်ကို တိုးပွားစေပါတယ်။
.
☘️ Journalling လုပ်ပါ။
အတွေးတွေနဲ့ ခံစားချက်တွေကို စာရွက်ပေါ်မှာ ရေးချခြင်းက စိတ်ကို သက်သာစေပြီး အခြေအနေမှန်ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်စေပါတယ်။
.
☘️ မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။ အိပ်ချိန်ကို လုံလောက်စွာထားပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပါ။ ရေများများသောက်ပါ။
…
…
ဘယ်အခက်အခဲမဆို ပထမဆုံးခြေလှမ်းဟာ အရေးကြီးသလို ခက်လည်း ခက်ပါတယ်။
ဒါပေမယ့်လည်း စပြီး ရင်ဆိုင်လိုက်ပြီဆိုတာနဲ့ ဒီပြဿနာတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဖြေရှင်းပြီးသွားသလိုပါပဲ။ မိမိကိုယ်တိုင်က စတင်လိုစိတ်ရှိဖို့တော့ လိုပါတယ်။ သတ္တိလည်း လိုအပ်ပါတယ်။
ဒီတော့ အမှန်တရားက နာကျင်ရပေမယ့်၊ ငြင်းဆန်ခြင်းကတော့ စိတ်အတွင်းမှာ ထာဝရဒဏ်ရာဖြစ်စေနိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.