ကျွန်မတို့ လူသားတွေဟာ ကောင်းတဲ့အတွေးထက်စာရင် အဆိုးဘက်ကို ပိုပြီးတွေးမိ ခံစားမိတတ်ကြတာ သဘာဝပါပဲ။

အဲဒီလို အနုတ်သဘောဆောင်တဲ့ အတွေးတွေထဲကမှ overgeneralization လို့ခေါ်တဲ့ အတွေးကိုတော့ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ပိုပြီးတွေးတတ် ပြုလုပ်တတ်ကြပါတယ် ။

မိမိကြုံတွေ့ခံစားလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုခု၊ အတွေ့အကြုံတစ်ခုခုကို အခြေခံပြီး ကိုယ့်အတွေးထဲမှာတင် ယေဘုယျသဘောမျိုး ခြုံငုံပြီး ကောက်ချက်ချလိုက်တာကို overgeneralization လုပ်တယ်လို့ ခေါ်ပါတယ်။

ဥပမာ၊ အလုပ်အင်တာဗျူးတစ်ခုမှာ မအောင်ခဲ့ဘူးဆိုပါတော့… “ ငါဒီတစ်သက်တော့ အလုပ်မရတော့ဘူးထင်ပါတယ်” လို့ တွေးလိုက်တာ။

လူတစ်ယောက်‌ယောက်နဲ့ စကားပြောအဆင်မပြေတဲ့အခါ “ ငါဟာ လူတိုင်းနဲ့ မတည့်တာပဲ” လို့ ကောက်ချက်ချလိုက်တာ။

ကိုယ်အားပေးတဲ့ ဘောလုံးပွဲတစ်ပွဲ ရှုံးသွားတဲ့အခါ “ ငါ့အသင်းက ဘယ်တော့မှ မနိုင်တော့ဘူး” လို့ တွေးမိတာ။

မိသားစုဝင်တစ်ဦးဦးနဲ့ ကတောက်ကဆဖြစ်တဲ့အခါ “ ငါ့မိသားစုက ငါ့ကို နားလည်မပေးကြဘူး” လို့ ယူဆလိုက်တာ… စသဖြင့် ကြုံတွေ့ရသမျှ ကိစ္စတိုင်းပေါ်မှာ အဆိုးဘက်ကနေတွေးပြီး လိုက်ခံစားနေတဲ့အခါ ကျွန်မတို့ရဲ့ စိတ်ကလေးဟာ မကျန်းမာနိုင်တော့ပါဘူး။

ဒါ့အပြင် အတွေးတွေရဲ့နောက်မှာ အပြုအမူတွေလည်း ကပ်ပါလာတတ်တာဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါ ဖိစီးမှုများပြီး အလွန်ပင်ပန်းရတတ်ပါတယ်။

Negative ဆန်တဲ့အတွေးတွေကိုပဲ ထပ်ခါတလဲလဲတွေးမိနေတဲ့အခါ . . .

  • မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးလာတာ
  • စိုးရိမ်ပူပန်မှုတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် မကိုင်တွယ်နိုင်တော့တာ
  • နောက်ဆုံး စိတ်ဓာတ်ကျခြင်းအထိပါ သက်ရောက်မှုကြီးမားတတ်ပါတယ်။

ဒါဆိုရင် overgeneralization ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။

✍🏻 အတွေးတွေကို သတိထားကြည့်ပါ။

သတိလေးကပ်ပြီး ဘာတွေတွေးမိနေလဲ၊ အတွေးတွေက မကောင်းတဲ့ဘက်ကို ဦးတည်နေပြီလို့ သတိထားမိရင် အတွေးတွေကို ခဏရပ်ပါ။ ပြန်သုံးသပ်ကြည့်ပါ။
.

✍🏻အကောင်းမြင်စိတ်ကို မွေးမြူကြည့်ပါ။

အပေါ်မှာ ဥပမာပေးခဲ့သလို မကောင်းတဲ့အတွေးတွေအစား ကောင်းတဲ့ဘက်ကနေ ပြန်ပြောင်းတွေးကြည့်ပါ။
.

✍🏻ယုတ္တိရှိသော သက်သေသာဓက အချက်အလက်များကို မြင်အောင်ကြည့်ပါ။

မိမိအတွေးတွေက သေချာရဲ့လား၊ ဒါကို သေချာစေတဲ့ သက်သေအထောက်အထားတွေ ဘာတွေရှိမလဲ စသဖြင့် စစ်ဆေးကြည့်ပါ။
.

✍🏻အမြဲပြောနေကျအတိုင်း လိုအပ်ပါက အကူအညီယူပါ။

အပေါ်က နည်းလမ်းတွေအတိုင်း ကြိုးစားကြည့်ပေမယ့် ကိုယ်တိုင်က မကိုင်တွယ်နိုင်တော့ဘူးလို့ ယူဆမိတဲ့အခါ ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီကို ယူပါ။ တိုင်ပင်ဆွေးနွေးပါ ။
.

အရေးကြီးတာကတော့ ကိုယ့်အတွေးတွေကို သတိထားမိဖို့ပါပဲ။

ဒါကလည်း စိတ်တည်ငြိမ်စေတဲ့ Mindfulness လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့လိုပါတယ်။

တရားထိုင်တာမျိုးလည်း လုပ်ကြည့်လို့ ရပါတယ်။ စာဖတ်တာ၊ ယောဂကျင့်တာ စတာတွေကလည်း အတွေးမများဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ဘဝဆိုတာတော့ တစ်ခါတစ်ရံ ချော်လဲခြင်းတွေရှိမယ်၊ ရပ်တန့်ခြင်းတွေရှိမယ်၊ စိတ်ပျက်အားငယ်ရခြင်းတွေ ကြုံရတဲ့အခါမျိုးလည်းရှိပါမယ်။ ဒါတွေကိုသာ ကျွန်မတို့က negative ဆန်တဲ့အတွေးတွေနဲ့ မြင်နေမယ်ဆိုရင် မှောင်မိုက်တဲ့ လှိုဏ်ခေါင်းအတွင်း လမ်းလျှောက်နေရသလိုပဲ ဖြစ်နေမှာပါ။

နောက်ထပ် သတိပေးလိုတာက . . .

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကုစားတဲ့အခါ အချိန်ပေးရတာကိုတော့ နားလည်ပေးဖို့လိုပါတယ်။

စိတ်ရှည်ရပါမယ်။
အရမ်းတွန်းအားပေးဖို့ မကြိုးစားပါနဲ့။

အတွေးတွေက ထိန်းကျောင်းရခက်တဲ့အတွက် အကျင့်တစ်ခုလို ပြန်လည်မွေးမြူပေးဖို့ လိုအပ်ပါတယ်။

ခုလိုလောကဓံရဲ့ အထုအထောင်းတွေကြားထဲမှာ ဘဝရဲ့ အလှတရားတွေကို ပိုမိုမြင်တတ်ဖို့ စိတ်၏ကျန်းမာရေးကိုလည်း အလေးပေးဂရုစိုက်ကြဖို့ ဒီစာလေးရေးရင်း မှာလိုက်ရပါစေရှင်…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here