‎ကလေးငယ်တွေက ငယ်တုန်းမှာ ဘယ်လိုကျွေးကျွေး (ကြိတ်တော့ ကျွေးရတာပေါ့လေ) စားကြပြီး တဖြည်းဖြည်းကြီးလာတာနဲ့ အစားဂျီးများလာကြပါရောလား။ ဖြစ်ချင်တာ မဖြစ်ရရင်လည်း စူးစူးဝါးဝါးအော်တာမျိုးတွေ၊ မိဘက အဆိပ်ကျွေးနေသလို အစားကလွဲပြီး အကုန်တည့်တယ်ဆိုတဲ့ ကာလမျိုးတွေကို ကျော်ဖြတ်ရတဲ့ မေမေတို့အတွက် “ ကလေးငယ်တို့ရဲ့ အစားအစာနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးမှုတွေ” ကို ပြောပြလိုပါတယ်။

‎ကြိုတင်‌ပြောပြထားချင်တာ (Disclaimer) အနေနဲ့ကတော့ ဒီဆောင်းပါးထဲမှာ ရေးသားထားတာတွေဟာ ဆေးပညာအချက်အလက်တွေအပေါ် အခြေခံထားပါတယ်။ ဒါပေမယ့် အစာချေးများတဲ့ကလေးရဲ့အမေတစ်ဖြစ်လဲ ဆရာဝန်တစ်ယောက်အနေနဲ့ သူ့အကြိုက်တွေကိုမှတ်ထားပြီး အခြားသူတွေအတွက် အတွေ့အကြုံလေးတွေကို မျှဝေပေးတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဒါကြောင့် စာဖတ်သူတွေနဲ့ အကြိုက်မတူတာမျိုး၊ ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူတာမျိုး ဖြစ်နိုင်တာမို့ အောက်မှာရေးထားတဲ့ “ အစားအစာအတွက် အကြံပေးတာတွေ” က အကြံပေးရုံသက်သက်ပဲလို့ ယူဆနိုင်ပါတယ်။
‎…
‎…

‎ပထမဆုံးမှတ်ထားရမှာကတော့ မွေးစကနေ ၆ လအထိက မေမေရဲ့နို့/နို့ဘူးတိုက်ရမှာဖြစ်ပါတယ်။

‎၆ လလောက်ကနေ တစ်နှစ်ကျော်/ လမ်းမလျှောက်တတ်ခင်အထိကတော့ “ ဘာကျွေးကျွေး အကုန်စား၊ မြင်သမျှစားချင်၊ လျှာပြင်ပါတယ်” လို့တောင် စာချိုးလို့ရသလို အရသာတွေကိုခံစားနိုင်ဖို့ ပြတင်းပေါက်ဖွင့်ထားတဲ့ အချိန်ပေါ့။ အစပိုင်းမှာ ကလေးလေးစားနိုင်ဖို့အတွက် လုံးလုံးကြိိတ်တာကနေ တဖြည်းဖြည်း အစိအစိလေးတွေ၊ မကြေတ‌ကြေလေးတွေ ဖြစ်လာအောင် စီမံရပါတယ်။

‎ဆားတို့၊ သကြားတို့ကို ထည့်မပြင်ဆင်ပါနဲ့ဦး။ ကစီဓာတ်အုပ်စု၊ အသားတစ်မျိုးမျိုး၊ ဆီနည်းနည်း၊ ပဲနည်းနည်း၊ အရွက်နည်းနည်း စတာတွေကို အစုံရောကျိုပြီး ကြိတ်ကျွေးပါ။ ဒီအချိန်မှာ ခါးလည်းစားနိုင်ကြသလို စားချက်ကလည်း အန်ထွက်မှာစိုးလို့ တားယူရတဲ့အထိကို စားနိုင်ကြပါတယ်။ မအန်ဘူးဆိုရင်တော့ စားနိုင်သေးရင် များများကျွေးပေါ။ ဒီအရွယ်က ကျွေးရတာ စိတ်ချမ်းသာရဆုံး အချိန်ပါပဲ။

‎နံရိုးပြုတ်ရည်တို့၊ စွပ်ပြုတ်တို့၊ မြူစွမ်တို့လိုမျိုးတွေကို ထည့်ကျွေးပါ။ အသီးအနှံလည်း နေ့တိုင်းပါပါစေ။ ငှက်ပျောသီးမီးဖုတ်ဆိုရင် နို့လေးနည်းနည်းစမ်း၊ ထောပတ်လေးအုပ်ပေးရင် သူတို့အကြိုက်ပေါ့။ ပြီးတော့ ဝမ်းလည်းမှန်စေပါတယ်။
‎…


‎ကဲ… လမ်းလျှောက်စမ်းတဲ့ အရွယ်ဖြစ်တဲ့ အသက် ၁ နှစ်ကျော်ကနေ ၃ နှစ်ထိကတော့ ဘေဘီတို့အနေနဲ့ သံသယတွေများပြီး ရွှေတံခါးပိတ်တဲ့အရွယ်ပါပဲ။ ဘာမဆို ကိုယ်တိုင်လုပ်ချင်ကိုင်ချင်တဲ့ အရွယ်ကို ရောက်လာပါပြီ။ ဒေါသတွေထွက်ပြ၊ စိတ်တွေကောက်ပြတတ်လာတော့ သူတို့ကို အသိအမှတ်ပြုပေးရပါမယ်။ ကိုယ့်ကလေးတုန်းကတော့  ၂ ရက်လောက် ဘာမှကို ကျွေးမရတာပါ။ နေမကောင်းတာမျိုးလည်း မရှိပေမယ့် ဒီတိုင်းကို မစားတာပါနော်။ နောက်ပြီးကျမှ ကလေးကို သူ့ဘာသာသူ ကိုင်စားဖို့ လုပ်ပေးလိုက်တော့မှ ပြန်စားပါလေရော။ ဒီကာလမှာ ကောင်းတာက ကလေးလေးတွေရဲ့ “ ဘာမဆို ပါးစပ်ထဲ ထည့်တဲ့ကာလ” ကို ကျော်သွားတော့ အဆိပ်အတောက်ဖြစ်မှာကို မပူရဘဲ နည်းနည်းစိတ်ချလာရပါပြီ။

‎ပြဿနာကတော့ အရင်က စားခဲ့၊ ကြိုက်ခဲ့တာတွေကို ဘာမှမစားတော့တာပါ။ ငယ်ငယ်က လိမ္မော်သီးတွေ၊ ဆန်းကစ်သီးတွေကို အရည်ညှစ်ပေးလည်း သောက်ပေမယ့် အခုများတော့ ဘာအသီးမှတောင် ကျွေးမရတော့တာပါ။ စိတ်ပါမှ စားတော့တယ်။ ကြိုမှန်းလို့မရဘူးပေါ့။ စားချင်လည်း စားတယ်၊ မစားချင်လည်းမစားတော့ဘူး။ ထမင်းကိုလည်း စားချင်တယ်ဆို‌ပေမယ့် ဟင်းနဲ့ရောကျွေးတာလိုမျိုး အရသာစုံနေရင်ကျ ထွေးထုတ်ကော။ မစားချင်တော့ဘူး။ ဒီတော့ အစပိုင်းမှာ အသားကျွေးရတာလည်းခက်၊ ဘာကျွေးကျွေးခက်နဲ့ အကုန်ခက်နေပါရောလား။
‎…


‎တစ်နှစ်ကျော်ကာလမှာ ကယ်တင်ရှင်ကတော့ ဒိန်ချဉ်ပါ။ အသားဓာတ်က်ို အသားမစားတဲ့ကလေးအဖို့ ဒိန်ချဉ်ကနေ ရရှိစေရပါတယ်။  ပျစ်ပျစ်စေးစေးလေးမို့ သူတို့လေးတွေက ကြိုက်ကြပါတယ်။ ဒီလိုအရွယ်မှာ သဘာဝအရ  အဖြူထည်ပဲ ကြိုက်ကြလို့ပါ။ အရသာဆိုလည်း တစ်မျိုးချင်းစီ၊ အသွင်အပြင် (texture) ဆိုလည်း တစ်မျိုးချင်းစီပဲ ကြိုက်တတ်ကြပါတယ်။

‎တစ်နှစ်ခွဲလောက်မှာ သွားတွေလဲပေါက်နေပြီ၊ အဖတ်လည်းစားချင်ပြီဆိုတော့ ထမင်းကျွေးမရတဲ့အခါမျိုးမှာ ပန်ကိတ်မုန့် (pancake) လေးတွေကို လုပ်ကျွေးဖြစ်ပါတယ်။ pancake ဆိုတာက လုပ်ရအလွန်လွယ်ပါတယ်။ ဂျုံ၊ ကြက်ဥ ၊ နွားနို့နဲ့ သကြားတွေကို ရောမွှေပြီးရင် အိုးထဲမှာ ထောပတ်သုတ်ပြီး ထည့်လိုက်ရုံနဲ့ ရတာမို့ ကလေးလေးကို ဘေးနားထားတာမျိုး၊ သူ့ကိုချီရင်း မုန့်လုပ်တာမျိုး၊ သူ့ကိုလည်းပါဝင်စေတာမျိုးဆိုရင် ပိုစားပါတယ်။

‎မဟုတ်ရင် မေမေက တစ်မျိုးပြီးတစ်မျိုးလုပ်ပေးပေမယ့် ကလေးလေးက သူဝင်မလုပ်ရတော့၊ ဘာမှန်းမသိတော့ အဆိပ်ကျွေးသလိုကို ငြင်းဆန်တတ်ကြပါတယ်။ Pancake ဟာလည်း သူ့သက်တမ်းနဲ့သူ ရှိပါတယ်။ အစောက ဒိန်ချဉ်လိုပဲ တအားစားတဲ့ကာလပြီးသွားရင် လုံးဝမစားတော့တဲ့ကာလကလည်း ရောက်လာပါလိမ့်မယ်။


‎နို့နှင့် နို့ထွက်ပစ္စည်းတွေက သူတို့အတွက် မွေးရာပါ ရင်းနှီးပြီးသားလိုဖြစ်တာမို့ ဘာလေးနေနေ နို့နဲ့ရောလုပ်ပေးတာမျိုးဆိုရင် အရသာရင်းနှီးသလို ခံစားရလို့ လက်ခံကြပါတယ်။ အိမ်က ကလေးလေး အသက်တစ်နှစ်ခွဲလောက်မှာ အစာချေးများလို့ ထမင်းမစား၊ ခေါက်ဆွဲမစားတုန်းကဆိုရင် စမိုင်လုပ်ကျွေးဖြစ်ပါတယ်။ ထူးထူးခြားခြားကြိုက်နှစ်သက်တာကို တွေ့ရပါတယ်။ စမိုင်ဆိုလို့ အမွေးနံ့သာပေါင်းစုံနဲ့ “ အစ်နေ့” ပွဲတော်မှာ စားတာလိုမျိုး ခက်ခဲအောင်လုပ်ရတာမဟုတ်ပါဘူး။ နွားနို့ဆူနေတာထဲကို စမိုင်ကြာဆံဖတ် (စျေးထဲမှာရ) လေးတွေ ထည့်၊ သကြားအနည်းငယ်ထည့်ရုံပါပဲ။ ပျော့ပျော့လေးဖြစ်လာပြီ၊ ရပြီထင်ရင် ကျွေးရုံပါပဲ။ ကလေးငယ်အနေနဲ့ နို့ချိုချိုအရသာရော၊ အဖတ်လေးတွေဝါးရတာရော၊ အဖြူထည်ဖြစ်တာရောကြောင့် စားကြပါတယ်။

‎နောက်တစ်ခုက နို့ထဲမှာ မိနစ်အနည်းငယ်ကျိုရတဲ့ ကွေကာအုပ်ကို အိမ်မှာကျိုကျွေးပါတယ်။ ရေနွေးရောရုံနဲ့ စားလို့သောက်လို့ရတဲ့ coffee mix လိုမျိုး အ‌ရံသင့်စားသုံးနိုင်တဲ့ (readymade) ကွေကာအုပ်ကတော့ အချိုကဲတာရော၊ ကလေးအတွက် မတည့်မှာစိုးတာရောကြောင့် မသုံးပါဘူး။ ဈေးဝယ်ရှော့ပင်းစင်တာတွေမှာ ဝယ်လို့ရတဲ့ အဖိုးကြီးပုံနဲ့ ကွေကာအုပ် အထုပ်ကြီးတို့၊ ဘူးတို့ကို ဆိုလိုတာပါ။ Instant oat တို့ ဘာတို့ဆိုပြီး မျိုးစုံရှိတတ်ပါတယ်။ နို့ကိုဆူအောင်လုပ်ပြီး ၃-၄ မိနစ်လောက် ဆက်ကျိုရုံမို့ လွယ်ပါတယ်။
‎…
‎…

‎၂ နှစ်ဝန်းကျင်မှာတော့ အရင်က ထမင်း၊ ဟင်း ကောင်းကောင်းစားတတ်ရင်တောင် ဂျီကျတာမျိုးတွေဖြစ်လာပါပြီ။ ဒီတော့ ပဲဟင်းလေးပဲ သောက်တဲ့အခါသောက်၊ ငါးကြော်လေးပဲ စားတဲ့အခါလည်း စားတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါလည်းမဆိုးပါဘူး။ အာဟာရပြည့်ဝတာပဲလေ။

‎သွားတွေပေါက်လာတာမို့ အာခေါင်တွေ၊ သွားဖုံးတွေ အလုပ်လုပ်ရတဲ့ အာလူးကြော်လို စားစရာတွေကို တကျွပ်ကျွပ်နဲ့ ဝါးရတာမျိုးက သူတို့ကလေးတွေအတွက် စိတ်ချမ်းသာစေပါတယ်။ ဒါကြောင့် အိမ်လုပ် အာလူးကြော်၊ ကန်စွန်းဥကြော်၊ ငှက်ပျောကြော်၊ ငါးမုန့်ကြော် စတာလေးတွေကို သရေစာအနေနဲ့ ကျွေးနိုင်ပါတယ်။

‎တစ်ခုပြောချင်တာက သူတို့ဟာ တစ်ချက်မှ မနားဘူး။ အစားကျမစားဘူး။ အိီးတော့ပါတယ်၊ ရှူးပေါက်တယ်ဆိုရင် ဝိတ်ကျသွားတာမျိုးမရှိရင် ငယ်ငယ်ကလောက်မစားပေမယ့် လွှတ်ပေးထားပါ။ ပြန်စားလာပါလ်ိမ့်မယ်။ ရာသီပေါ် အသီးနှံတွေကျွေးကြည့်ပါ။ တချို့ကလေးက ပျော့တာကြိုက်သလို တချို့ကျ မာမှ၊ ပန်းသီးလိုမှ စားတာမျိုး ရှိတတ်ပါတယ်။ ငယ်ငယ်က သင်္ဘောသီးကြိုက်ပေမယ့် သွားစုံလာတော့ မာလကာသီး၊ ပန်းသီးကို ပိုကြိုက်လာကြပါတယ်။
‎…
‎…

‎၂ နှစ်၊ ၃ နှစ်လေးတွေမှာ အစေ့အဆန်တွေကို ကြိုက်ကြ၊ စားကြပါတယ်။ တစ်မျိုးစီကျွေးကြည့်ပြီး ဓာတ်မတည့်တာမဖြစ်ဘူးဆိုရင် ကျွေးလို့ရပါတယ်။ မြေပဲဆိုရင် မဝါးနိုင်တော့ မကြေတကြေ ထောင်းပေးတာမျိုး၊ တူတူထောင်းပြီး စားကြတာမျိုးဆိုရင်ကျ စားတယ်။ နေကြာစေ့ဆိုလည်း ခွာပေးရင် စားကြပါတယ်။ ဒါကြောင့် အစေ့အဆန်တွေက သူတို့အတွက် ကောင်းမွန်တဲ့ သရေစာပါပဲ။

‎ထမင်းကျွေးမရရင် ထမင်းအစား ဂျုံနဲ့လုပ်တာတွေကို ကျွေးလို့ရပါတယ်။ ပြောင်းဖူးပြုတ် ကိုင်စားရတာ၊ အစေ့လေးတွေ ကိုင်စားရတာဟာ pincer grip (လက်မနှင့် လက်ညှိုး သို့မဟုတ် လက်ခလယ်ကိုအသုံးပြု၍ သေးငယ်သောပစ္စည်းများကို ညှပ်၍ကိုင်တွယ်သည့် ကလေးငယ်များ၏ အရေးကြီးသော လက်ချောင်းငယ်ကြွက်သားဖွံ့ဖြိုးမှု) ကို သန်မာစေလို့ သိပ်သဘာဝကျပါတယ်။

ပြောင်းဖူးကြော်ကို နို့လေးနဲ့ကြော်ရင်လည်း သိပ်ကိုကြိုက်ကြပါတယ်။ ပြောင်းဖူးလည်း ကစီဓာတ်ချင်းတူတာပဲမို့ ဆန်စားတာလိုပဲ အာဟာရကို ရပါတယ်။ နောက်ပြီး ကစီဓာတ်တွေဖြစ်တဲ့ သူတို့လက်ကလေးတွေနဲ့ကိုင်စားလို့ရတဲ့ စားစရာတွေ (pasta အသေးတွေ၊ အလိန်တွေ၊ ပိုက်လုံးလိုဟာလေးတွေ၊ macaroni လိုဟာတွေ) ကို ကျွေးကြည့်ပါ။ အဲဒါမျိုးဆိုရင် ရိုးရိုးပြုတ်ပေးရုံနဲ့ တစ်ခုပြီးတစ်ခု စားကြပါတယ်နော်။

‎နောက်ပြီး ပလာတာ၊ နံပြား၊ ချပါတီ၊ တိုရှည် စတာတွေကိုလည်း ဆန်အစား ကျွေးလို့ရပါတယ်။  အိမ်လုပ် မုန့်ဟင်းခါးလိုမျိုး မငန်တာ၊ အချိုမှုန့်မများတာမျိုးဆိုရင် သူတို့လေးတွေ ကြိုက်ကြပါတယ်။ တစ်ခါတစ်ရံလည်း ကောက်ညှင်းပြန်ပေါင်းလေးကို ကျွေးဖြစ်ပါတယ်။ တော်တော့်ကို မထင်ထားလောက်အောင် ကြိုက်ပါတယ်။

‎ကြက်ဥဆိုတာကို မကြိုက်တဲ့ကလေးတွေအဖို့ pancake လုပ်ကျွေးတာ၊ ကြက်ဥအစား ဘဲဥ၊ ငုံးဥကို ပြောင်းကျွေးကြည့်တာ ဒါမှမဟုတ် သေးသေးလေးတွေအဖြစ် ချေပြီး ပေါင်မုန့်ညှပ်အနေနဲ့ကျွေးတာမျိုး၊ ထမင်းနဲ့ကြော်ကျွေးတာမျိုး လုပ်နိုင်ပါတယ်။ ကြက်ဥပလာတာကိုကျတော့ စားကြ၊ ကြိုက်ကြပါတယ်။

‎အသီးတွေကိုကျတော့ စတော်ဘယ်ရီလို ချဉ်တာ‌တွေကိုတော့ သိပ်မစားချင်ပါဘူး။ ဒါ‌ပေမယ့် ရာသီချိန်တွေဆိုရင် အိမ်မှာနွားနို့နဲ့ ဖျော်စက်ထဲ ထည့်ဖျော်ပြီးတိုက်ဖြစ်ပါတယ်။

‎ဘာမှ သိပ်မစားတဲ့နေ့တွေမှာ ကယ်လိုရီတော့ လိုအပ်နေသေးတယ်ထင်ရင် မြေပဲထောပတ်လေးကို ကျွေးဖြစ်ပါတယ်။ သူက အခြားယိုတွေ၊ jam တွေလို ချိုတာ၊ ချွဲကျပ်တာ သိပ်မဖြစ်ပါဘူး။ ဗိုက်မပြည့်သေးဘူး၊ အားမရှိသေးဘူးဆိုရင် သူတို့ဘာသူတို့ မြေပဲထောပတ်ကို ရှာစားကြပါတယ်။ ဗိုက်တင်းရင်တော့လည်း စိတ်မဝင်စားတော့ပါဘူး။


‎ကလေးတွေရဲ့နောက်အကြိုက်တစ်ခုက ရေညှိပါ။ ရေညှိနဲ့လိပ်ကြည့်တာမျိုးကို စမ်းကြည့်လို့ရပါတယ်။ နောက်ပြီး မိဘတွေရဲ့အကြိုက်ပေါ်လည်း မူတည်မယ်ထင်ပါတယ်နော်။
‎…
‎…

‎တဖြည်းဖြည်း မူကြိုအရွယ်ရောက်လာရင်တော့ ကြက်သားလို အဖြူထည်မျိုးအများစုကို စားတတ်လာပါပြီ။ မုန့်နှစ်ကပ်ကြော်တဲ့ ကျွတ်ကျွတ်နဲ့ စားရတဲ့ ကြက်သားကြော်ဆိုရင် ကြိုက်ကြပါတယ်။

‎ကျောင်းတက်ခါနီးအရွယ် အသက် ၄ နှစ်လောက်မှာတော့ ထမင်းနဲ့ကြက်ဥကြော်ဆိုရင် အေးဆေးထိုင်စားတတ်ကြပါပြီ။ ကန်စွန်းရွက်ကြော်ဆိုရင်လည်း လက်ခံနိုင်ကြပြီမို့ ကြိုက််အောင် ကျွေးကြည့်ပြီး အသီးအရွက်လေးတွေ စားတတ်အောင် အလေ့အကျင့်လေးတွေကို လုပ်ပေးပါ။ ရေများများကို သတိတရနဲ့သောက်တတ်အောင်လည်း လေ့ကျင့်ပေးပါ။

‎ဒီအရွယ်မှာတော့ ကျောင်းမှာ သူများတွေနဲ့ တူတူစားတတ်တဲ့၊ သူများတွေစားတာ လိုက်စားတတ်တဲ့အရွယ်ကို ရောက်လာပါပြီ။ အန္တရာယ်ဖြစ်စေနိုင်တဲ့ မုန့်ထုပ်ပေါင်းစုံနဲ့ အအေးတွေကို မစားမသောက်အောင် တားယူလာရပါပြီ။
‎…
‎…

‎၈နှစ်ကျော်လောက်ဆိုရင်တော့ လူကြီးအကြိုက်နဲ့အကုန်တူလာပြီး အချဉ်တွေ၊ အစပ်တွေနဲ့ လက်ဖက်ပါမကျန် စားတတ်လာပါပြီ။ ဒါကြောင့် လူကြီးတွေလို အစာအိမ်ရောင်တာမျိုး ဖြစ်နိုင်တာကို သတိပြုပေးရပါမယ်။
‎…
‎…

‎ကဲ… အခုပြောပြခဲ့တာတွေ အကုန်လုံးကို သေချာနားလည် သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ကလေးတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာ စားတတ်ဖို့ဆိုတာဟာ မိဘတွေ၊ အတူနေသူတွေက စံပြဖြစ်ဖို့ အရေးကြီးတာမို့ မိမိတို့ကိုယ်တိုင်က ကြိုးစားကြရအောင်ပါနော်….။

အာဟာရဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here