လူတစ်ယောက်ရဲ့ ဘဝမှာ ပထမနေရာ (First Place) က ကိုယ်နေထိုင်ရာ ‘အိမ်’ ဖြစ်ပြီး၊ ဒုတိယနေရာ (Second Place) က ‘အလုပ်’ (သို့) ‘ကျောင်း’ ဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ စိတ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တာကတော့ တတိယနေရာ (Third Place) ပါပဲ။

• Third Place ဆိုတာ ဘာလဲ။ ဘာကြောင့် လိုအပ်တာလဲ။

Third Place ဆိုတာ အိမ်မှာလို မိသားစုတာဝန်တွေ မရှိသလို၊ အလုပ်မှာလို ရာထူးတွေ၊ အပြိုင်အဆိုင် ဖိအားတွေ မရှိဘဲ ကိုယ့်ရဲ့မူလစရိုက်အတိုင်း ပေါ့ပေါ့ပါးပါး နေလို့ရတဲ့ နေရာဖြစ်ပါတယ်။ (ဥပမာ – ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်၊ ပန်းခြံ၊ ဘုရားဝင်း၊ စာကြည့်တိုက် ဒါမှမဟုတ် လူတစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။) ဒီနေရာတွေဟာ မှန်ကန်သင့်တော်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်ပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့ နေရာတွေ ဖြစ်ပါတယ်။
.

• Third Place ပျောက်ဆုံးလာခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ

ခေတ်သစ်လူနေမှုဘဝမှာ လူတွေဟာ အလုပ်နဲ့ အိမ်ပဲ ကူးချည်သန်းချည် လုပ်လာကြပါတယ်။ ဒီလို တတိယနေရာတွေ ပျောက်ဆုံးလာတဲ့အခါ လူတွေကြားမှာ အထီးကျန်ဆန်မှု (Loneliness Epidemic) ပိုမိုကြီးထွားလာပြီး လူမှုအသိုက်အဝန်းနဲ့ အဆက်အသွယ် ပြတ်တောက်သလို ခံစားလာရပါတယ်။
.

• Third Place ဘယ်လို ဖန်တီးကြမလဲ။

တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် ကိုယ်ဝါသနာပါရာ အသင်းအဖွဲ့တစ်ခုခု (ဥပမာ – စာဖတ်ဝိုင်း၊ Volunteer အဖွဲ့) မှာ ပါဝင်တာဖြစ်စေ၊ ကိုယ်စိတ်အေးချမ်းရတဲ့ နေရာတစ်ခုခုမှာ အချိန်ဖြုန်းတာဖြစ်စေ၊ ကိုယ့်အတွက် ဖိအားတွေမပေးတဲ့ သူငယ်ချင်း မိတ်ဆွေ ချစ်ရသူတွေနဲ့ တွေ့ဆုံမှုလေးတွေ ပြုလုပ်ပေးပါ။ ဒီလိုမှ အပြင်သွားဖို့ အချိန်မပေးနိုင်တာဆိုရင်လည်း . . .

– အိမ်တွင်း သီးသန့်နေရာလေး ဖန်တီးခြင်း
အပြင်ထွက်စရာမလိုဘဲ အိမ်ရဲ့ထောင့်တစ်နေရာမှာ (ဥပမာ – ခုတင်ပေါ်၊ ပြတင်းပေါက်ဘေး၊ ဒါမှမဟုတ် တိတ်ဆိတ်တဲ့ အခန်းတစ်ထောင့်မှာ) စိတ်ကြိုက်ခုံလေးချ၊ မီးအလင်းရောင် ဖျော့ဖျော့လေးနဲ့ ကိုယ်နှစ်သက်တဲ့ စာအုပ်ဖတ်ဖို့၊ တရားထိုင်ဖို့ သို့မဟုတ် သီချင်းနားထောင်ဖို့ သီးသန့်နေရာငယ်လေးတစ်ခု ဖန်တီးထားပါ။ အဲဒီနေရာကို ရောက်သွားပြီဆိုရင် အလုပ်ကိစ္စတွေ၊ မိသားစုတာဝန်တွေကို ခဏမေ့ထားပြီး စိတ်အေးချမ်းမှု ရယူနိုင်ပါတယ်။

– အာရုံခံစားမှုဖြင့် လမ်းလျှောက်ခြင်း (Sensory Escapes)
အပြင်ထွက်ဖို့ အချိန်မပေးနိုင်ရင်တောင် အိမ်ရှေ့ဝရန်တာလေးထွက်ပြီး (သို့မဟုတ်) ပြတင်းပေါက်ဖွင့်ပြီး လေညင်းခံရင်း၊ မိုးသံကို နားထောင်ရင်း၊ ကော်ဖီပူပူလေးတစ်ခွက် သောက်ရင်းနဲ့ စိတ်ကို ခဏလွှတ်ပေးနိုင်ပါတယ်။
.

“တတိယနေရာဆိုတာ ဇိမ်ခံကော်ဖီဆိုင်ကြီးတွေ၊ ငွေကြေးအများကြီး သုံးရတဲ့နေရာတွေ ဖြစ်စရာမလိုပါဘူး။ ငွေကြေးနဲ့ အချိန် အခက်အခဲရှိတဲ့သူတွေအတွက် အိမ်ထဲက ပြတင်းပေါက်ဘေးလေးမှာ စိတ်အေးချမ်းစွာ ထိုင်ရင်း ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့ အရာလေးတွေလုပ်ရင်းနဲ့တောင် သင့်ရဲ့ ပင်ပန်းနေတဲ့ စိတ်ကို ပြန်လည်အားဖြည့်ပေးမယ့် တတိယနေရာတစ်ခုကို ကိုယ်တိုင် ဖန်တီးယူနိုင်ပါတယ်။”

“အိမ်နဲ့ အလုပ်ဆိုတဲ့ လှည့်ပတ်မှုကြီးထဲကနေ ခဏထွက်ပြီး ကိုယ်ပျော်မယ့်၊ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့မယ့် တတိယနေရာတစ်ခုကို ပိုင်ဆိုင်ထားဖို့ မမေ့ပါနဲ့။ ဒီတစ်ပတ်မှာ သင့်အတွက် အကောင်းဆုံး ‘Third Place’ လေးကို အချိန်ပေးသွားရောက်ကြည့်ပါ…။”

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here