သတင်းဌာနကြီးတစ်ခုရဲ့ ပြူးတူးပြဲတဲ သတင်းခေါင်းစဥ်နဲ့ ကျန်းမာရေးဆောင်းပါးလေးတစ်ပုဒ်ကို တွေ့မိတော့ ဆရာဝန်တစ်ယောက်အနေနဲ့ အံ့သြမှင်တက် ဖြစ်ရပါတယ်။ သတင်းကို အလွယ်ဖတ်သူတွေအနေနဲ့ အထင်မှားစေနိုင်တာမို့ပါ။
ဘာရေးထားတာလည်းဆိုတော့ “ကော်ဖီအသောက်လွန်ပါက အရိုးများအားနည်းစေနိုင်ကြောင်း တွေ့ရှိရ”တဲ့။
ကော်ဖီအသောက်လွန်ဆိုတာ “တစ်နေ့ ၅ ခွက်အထက်သောက်မှ” လို့ ဆိုလိုချင်တာပါဆိုပြီး ဆောင်းပါးထဲရေးထားပါတယ်။ ဒါကြောင့် ကိုယ်က တစ်နေ့ ၅ ခွက် သောက်မနေရင် အများကြီးမပူစေချင်ပါဘူး။
တစ်လက်စတည်း သုတေသန အချက်အလက်တွေကို လူထုအတွက်ပြန်ဆိုတဲ့အခါ သတိထားရမှာက လက်တွေ့ ကျ/မကျ ဆိုတဲ့အချက်ပါ။ မြန်မာအများစုအတွက်တော့ တစ်နေ့ ကော်ဖီ ၅ ခွက်က လက်တွေ့မကျနေပါဘူး။
သုတေသန တွေ့ရှိချက်တွေဆိုတာ တစ်ခါတလေမှာ ဒီအခြေအနေ၊ ဒီတိုင်းတာမှုမှာ တွေ့ရတာကိုပဲ ဆိုလိုပါတယ်။ ဥပမာ နေသည် အရှေ့အရပ်မှ ထွက်သည်ဆိုတာ ထာ၀ရအမှန်တရားတစ်ခုပါ။ ဒါပေမယ့် တချို့ တအားမြင့်တဲ့ တောင်ပေါ်ဒေသတွေမှာ နေကို အတော်မြင့်မှ စမြင်ရတာမို့ အရှေ့တောင်အရပ်လို ဖြစ်ချင်လည်း ဖြစ်သွားပါမယ်။ ဒါကြောင့် ဒီဒေသအနေနဲ့ နေက အရှေ့တောင်အရပ်မှ ထွက်သည်လို့ တွေ့ရှိချက်ကို အဖြေထုတ်မယ်ဆိုရင် သူလိမ်တာမဟုတ်သလို အလုံးစုံအမှန်လည်း ဟုတ်မနေပြန်ပါဘူး။
…
…
အာဟာရပညာရှင် ဆရာဝန်တစ်ယောက်အနေနဲ့ ဒီဆောင်းပါးကိုဖတ်ပြီး လူထုကို ဘာပြောချင်သလဲဆိုရင်တော့ ….
ကော်ဖီသောက်သောက်၊ လက်ဖက်ရည်သောက်သောက် ကျွန်မတို့ မြန်မာလူမျိုးအနေနဲ့ 3-in-1 တွေချည်း သောက်နေရင်တော့ အရိုးပွတဲ့ထိမရောက်ဘဲ ဆီးချိုဖြစ်၊ နာမကျန်းဖြစ်ပြီး ဆေးကုနေရမှာပါ။
အလွယ်ဖတ်လိုက်ရင် ဒီမူရင်းသုတေသန ဆောင်းပါးမှာ ကော်ဖီမဟုတ်ဘဲ လက်ဖက်ရည်သောက်ရင် အရိုးသိပ်သည်းဆ ပိုကောင်းတယ်လို့ ပြောချင်တာလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုတာ လက်ဖက်အကျရည်ချည်းပဲ သောက်ကြတာမဟုတ်ဘဲ နို့ဆီနဲ့ နို့စိမ်းထည့်လေ့ရှိတာကြောင့် ဒီနို့ဆီကနေ အသည်းမှာ အဆီဖုံးမယ်၊ triglyceride အဆီတက်မယ်၊ ဆီးချိုတက်နိုင်ပါမယ်။ဒါတွေက အရင်စိုးရိမ်ရမှာပါ၊
ကော်ဖီသောက်လို့ ပေါင်ရိုးကျိုးတယ်လို့လည်း အဲဒီဆောင်းပါးမှာ ဆိုလိုတာမဟုတ်ပါဘူး။
တစ်နေ့ကို ကော်ဖီ ၅ ခွက်နဲ့အထက်သောက်တဲ့ အမျိုးသမီး ၆၅ နှစ်နဲ့အထက်တွေ အယောက် ၉ ထောင်ကျော်ကို ၁၀ နှစ်တာကာလ ကော်ဖီသောက်သုံးပြီးတဲ့အခါ ပေါင်ထိပ်အရိုးရဲ့ သိပ်သည်းဆ ဘယ်လောက်ရှိလဲကို တိုင်းတာခဲ့ကြပါတယ်တဲ့။ နောက်ဆုံးရလဒ်တွေကို စုစည်းလိုက်တဲ့အခါလည်း ကော်ဖီသောက်သုံးခြင်းဟာ ပြောပလောက်အောင် အရိုးပါးခြင်း မရှိပါတဲ့။ လက်ဖက်ရည်သောက်တဲ့သူနဲ့ ယှဥ်ရင် တစ်နေ့ ကော်ဖီ ၅ ခွက်လောက် သောက်တာကတော့ အရိုးရဲ့သိပ်သည်းဆ အနည်းငယ် လျော့နေတာကို တွေ့နိုင်ပါတယ်တဲ့။ သူပြောတာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ယှဥ်ပြောထားတာနော်။
ဒီတော့ ကော်ဖီသောက်လို့ ကိုယ့်ပေါင်ရိုးများ ပျော့နေပြီလို့ထင်ရင် မှားသွားပါလိမ့်မယ်။
အာဟာရပညာရှင်တစ်ယောက်အနေနဲ့ ပြောရရင်တော့ ကော်ဖီသောက်မယ်ဆိုရင် ကော်ဖီကို အကြမ်းမှုန့်ဖြစ်သော၊ ရက်ကောင်းသော၊ မှိုမတက်သော၊ လတ်ဆတ်သော ကော်ဖီကိုသာ နွားနို့အစစ်နဲ့ သကြားမပါဘဲ ဖျော်သောက်ပါ။ နွားနို့ကနေရတဲ့ ကယ်လစီယမ်ကြောင့် အရိုးသန်မာစေပါတယ်။ သကြားမထည့်၊ နို့ဆီမထည့်လို့ ဆီးချိုမဖြစ်စေတော့ပါဘူး။ သုတေသနထဲကလို တစ်နေ့ ၅ ခွက်လည်း မြန်မာတွေ သောက်ဖြစ်မယ် မထင်ပါဘူး။
မြန်မာတွေနဲ့ ကိုက်ညီမှာကတော့ ကော်ဖီလည်းသောက် လက်ဖက်လည်းစား ဒါမျိုးဆို ပိုလို့ကောင်းပါသေးတယ်။ ဖျော်ရည်အစား လက်ဖက်ရည်အကြမ်းရည် (ရေနွေးကြမ်း) သောက်ပါ။
ကော်ဖီကို တတ်နိုင်ရင် 3-in-1 မသောက်ပါနဲ့။ ကော်ဖီမိတ် လုံး၀ မသုံးပါနဲ့။ သွေးကြောပိတ်တာမျိုး နောက်ပိုင်းမှာ ဖြစ်စေပါတယ်။
အရိုးသန်မာစေဖို့အတွက်ဆို အလေးမတဲ့ လေ့ကျင့်ခန်းမျိုးတွေကို အရင်ဆုံး မိမိကိုယ်အလေးချိန်ကနေ စလုပ် (ဥပမာ – ထိုင်ထလိုဟာမျိုး)။ နောက်တော့ တဖြည်းဖြည်း အလေးပါမ။ အလေးတုံးကို တိုး။ ဒါဆိုရင် အရိုးသန်မာစေပါတယ်။
နောက်ပြီး အကြောလျှော့တာ၊ ယောဂဆော့တာတို့လို ခန္ဓာကိုယ်ဟန်ချက်ထိန်းဖို့ လေ့ကျင့်တာမျိုးတွေလည်း တွဲလုပ်ပါ။ ဟန်ချက်ညီတော့ ချော်မလဲဘူး။ ဒီတော့ အရိုးမကျိုးလွယ်စေဘူးပေါ့။
…
…
တစ်ခါတလေကျတော့ သုတေသန တွေ့ရှိချက်တွေရဲ့နောက်မှာ အင်မတန်ကို ငွေနိုင်တဲ့ ကုမ္ပဏီအကြီးကြီးတွေ ရှိပါတယ်။ သူတို့ရဲ့ စတော့ရှယ်ယာ စျေးတွေတက်ပြီး သူတို့ထုတ်ကုန် ရောင်းကောင်းအောင် ပြိုင်ဘက် အခြားတစ်ဖက်ကို အဖြေမကောင်းသလို ယူဆချက်လိုရာဆွဲတာမျိုး ရှိတတ်ပါတယ်။ သတင်းခေါင်းစဥ်တွေကလည်း လူဖတ်များပြီးရော လူ့စိတ်စွဲဆောင်မယ့်အရာတွေကို အလွယ်ခေါင်းစဥ်တပ်ကြပါတယ်။ ပြည်သူတွေမှာတော့ ဟိုဟာပဲလုပ်ရမလို၊ ဒီဟာပဲ လုပ်ရမလိုနဲ့ လေ့လာလေ ရူးလေ ဖြစ်ရတတ်ပါတယ်။
ဒီတော့ အများကြီးမတွေးဘဲ ဘယ်ဟာမဆို သဘာ၀နဲ့နီးစပ်အောင်လုပ်၊ တန်ဆေးလွန်ဘေးကို လက်ကိုင်ပြုပြီး အသက်ကို ဥာဏ်စောင့်ပါစေလို့ အကြံပြု ဆုတောင်းပေးလိုက်ပါရစေ….။
အာဟာရဆရာဝန်တစ်ဦး
Telekyanmar
မူရင်း သုတေသန ဆောင်းပါးလင့်ခ်
https:// www. mdpi. com / 2072-6643/17/23/3660
https:// www. sciencedaily. com/ releases/ 2026/09/260901070550.htm
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


