တချို့လူတွေ ပြောပြောနေတတ်တဲ့ နေမကောင်းရင် အားဆေးမသောက်ရဘူးဆိုတာ တကယ်လား 🤔
☑️ ဖြေရှင်းချက်။ တကယ်တော့ နေမကောင်းရင် ကိုယ်ခန္ဓာထဲက ဇီဝဖြစ်စဉ်တွေ ပိုအလုပ်လုပ်ရပါတယ်။ ဒါကြောင့် ဗီတာမင်ဓာတ်တွေက ပိုလိုပါတယ်။ နေလို့မကောင်း၊ ခံတွင်းကပျက်နေတာ၊ အန်နေတာတွေဆိုရင် သိပ်လည်း အစားမဝင်ကြပါဘူး။ ဒါကြောင့် အစာအာဟာရနဲ့ ဗီတာမင်ဓာတ်တွေက ချို့တဲ့နိုင်ပါတယ်။ နေမကောင်းရင် အားဆေးသောက်လို့ ရပါတယ်။
…
…
• သံဓာတ်ပါတဲ့ အားဆေးတော့ မသောက်ပါနဲ့။
တစ်ခုလေးပါပဲ… သံဓာတ်ပါတဲ့ အားဆေးတော့ မသောက်ပါနဲ့။ နေမကောင်းဖြစ်ပြီဆိုတာနဲ့ ကိုယ်ခန္ဓာက ဒီသံဓာတ်တွေကို ဖွက်ထားလိုက်ရော။ ဘက်တီးရီးယားပိုးမွှားတွေ ယူသုံးပြီး အားရှိသွားမှာစိုးတာကိုး။ နေမကောင်းဖြစ်တာ ဝမ်းလျှောတာမျိုးဆိုရင် ဇင့် (Zinc) ဓာတ်ချို့တဲ့ပြီး ပိုလိုပါတယ်။ ဗီတာမင်ဘီ အမျိုးမျိုး၊ ဗီတာမင်စီနဲ့ ဇင့်လိုဓာတ်တွေ ကိုယ်တွင်းပိုလိုအပ်လို့ အားဆေးသောက်ပါ။ သံဓာတ် ပါ/မပါတော့ စစ်ဆေးပြီး မပါရင် သောက်လို့ရပါတယ်။
…
…
• ဗီတာမင်စီတွေ ဇွတ်သောက်တဲ့ကိစ္စ
နေမကောင်းဖြစ်ရင် ဗီတာမင်စီ ပိုလိုတာမှန်ပါတယ်။ ဒါပေမယ့် ၁၀၀ – ၂၀၀ မီလီဂရမ်အားလောက်ပဲ တစ်ရက်မှာ လိုတာပါ။ ၅၀၀ အားတွေကို တစ်ကြိမ်၊ နှစ်ကြိမ်တွေ သောက်နေမယ်ဆိုရင် ကိုယ်ခံအား ပိုကောင်းမလာစေဘဲ ဆီးကျောက်ပဲ တည်နိုင်ပါမယ်။ အစုံပါတဲ့ အားဆေးတစ်မျိုးမျိုး… အဲဒီအထဲမှာ ဗီတာမင်စီလည်း အနည်းငယ်ပါတယ်၊ သံဓာတ်မပါဘူးဆို လုံလောက်ပါပြီ။
…
…
• ဆေးလား၊ အစားလား။
ဆေးလား အစားလားဆိုရင်တော့ အစားအစာက နံပါတ် (၁) ပါ။ ဆေးကနေရတဲ့ ဓာတ်တွေကို ခန္ဓာကိုယ်က ထုတ်ယူသုံးစွဲမှုအားက သိပ်မကောင်းပါဘူး။ လိမ္မော်သီးတစ်လုံး စားတာက ဗီတာမင်စီတစ်ပြား စားတာထက် ကိုယ်တွင်းက အသုံးချနိုင်စွမ်းအား ပိုကောင်းပါတယ်။
• ဘယ်လို ပြုစုစောင့်ရှောက်မလဲ။
နေမကောင်းရင် နွေးနွေးထွေးထွေးနေ၊ ရေမချိုးဖြစ်လည်း ရေပတ်လေးတိုက်၊ စွတ်ပြုတ်လေးလို ထမင်းပူပူလေးလိုစား၊ အသီးအနှံလေးတွေစား၊ ဝင်တာလေးတွေ နည်းနည်းစီ ခဏခဏစားပေး၊ ကောင်းကောင်းအနားယူ၊ အိပ်ရေးဝအောင် အိပ်၊ အားဆေးထည့်သောက်လို့ ရပါတယ်။
ဆရာဝန်က အဖတ်မစားခိုင်းတဲ့ လူနာမဟုတ်ဘူးဆိုရင် ထမင်းပူပူလေး ဆုပ်နယ်စားလည်း ရပါတယ်။ ထမင်းစားလို့၊ အစာစားလို့ အဖျားတက်တာ မဟုတ်ပါ၊ အဖျားကိုက တက်ဖို့ ရှိတာမို့၊ ဆေးအာနိသင် ကုန်သွားတာမို့ ပြန်ဖျားတာပါ။ အစာကြေညက်လွယ်တဲ့ အစားအစာ၊ ဝင်တာလေးတွေ စားပေးပါ။ နေမကောင်းလို့ ဟိုဟာ ချွဲထတယ်၊ ဒီဟာလေပွတယ်ဆိုပြီး အရမ်းမတားစေချင်ပါဘူး။ နေမကောင်းတဲ့သူလည်း အများကြီး စားမဝင်တာမို့ စားချင်တာလေးတွေကိုလည်း သန့်သန့်ရှင်းရှင်း လတ်လတ်ဆတ်ဆတ်လေးတွေ စားဖို့ ခွင့်ပြုလိုက်ကြပါ။ အရည်ဓာတ် မဆုံးရှုံးဖို့ ဓာတ်ဆားသောက်ဖို့၊ သစ်သီးဖျော်ရည် (Juice) လေးတွေ သောက်ဖို့ မမေ့ပါနဲ့ဦးနော်….။
အာဟာရဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

