နေ့လယ်စာ စားပြီးလို့ အလုပ်ပြန်စတဲ့အခါ မွန်းလွဲ (၂) နာရီကနေ (၃) နာရီဝန်းကျင်ဆိုရင် ကမ္ဘာပျက်သလို ငိုက်လာပြီး ကော်ဖီတစ်ခွက် (ဒါမှမဟုတ်) အချိုရည်တစ်ခွက် အပြေးအလွှား သောက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတဲ့အဖြစ်မျိုး ခဏခဏ ကြုံဖူးကြမှာပါ။
လူတွေက ဒါကို “ထမင်းလုံးစီတာ” လို့ ပြောတတ်ကြပေမယ့် တကယ်ကတော့ Sugar Spike နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ ပူးပေါင်းပြီး ရလာတဲ့ အိပ်စက်ခြင်း ထောင်ချောက်တစ်ခု ဖြစ်နေတာပါ။
မနက်ခင်း ဒါမှမဟုတ် နေ့လယ်စာမှာ ကစီဓာတ်တွေ (Carbs)၊ အဆီအဆိမ့်တွေ၊ အချိုတွေ၊ ထမင်းဖြူတွေ အဝစားတာ ဒါမှမဟုတ် အချိုရည်တစ်ခွက် သောက်လိုက်တဲ့အခါ သွေးထဲကို သကြားဓာတ်တွေ ရုတ်တရက် အများကြီး ရောက်သွားပါတယ်။ ဒါကို Sugar Spike ဖြစ်တယ်လို့ ခေါ်ပါတယ်။
အဲဒီအခါ ခန္ဓာကိုယ်က ဒီသကြားဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းဖို့ အင်ဆူလင် (Insulin) ဟော်မုန်းတွေကို အလွန်အကျွံ ထုတ်လွှတ်ပစ်လိုက်ပါတယ်။ ရလဒ်အနေနဲ့ စားပြီး (၁) နာရီခွဲကနေ (၂) နာရီအကြာမှာ သွေးထဲက သကြားဓာတ်တွေ ဂျွမ်းထိုးမှောက်ခုံ ပြန်ကျသွားပါတော့တယ်။
အဲဒီအချိန်မှာ သွေးထဲမှာ စွမ်းအင်တွေ ရုတ်တရက် ပြတ်လပ်သွားသလို ဖြစ်ပြီး လူက ချက်ချင်း ခြေကုန်လက်ပန်းကျ မှေးခနဲ ငိုက်မျဉ်းလာရတာ ဖြစ်ပါတယ်။
ဒီလို ဖြစ်နေတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ (Circadian Rhythm) အရ Core Body Temperature (ခန္ဓာကိုယ်ရဲ့ အတွင်းအပူချိန်) က နေ့လယ်ဆို အလိုလို အနည်းငယ် ကျဆင်းသွားတတ်ပါတယ်။
ဒီလို အပူချိန်ကျသွားတာက ညဘက် အိပ်ခါနီးအချိန်မှာ ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ခန္ဓာကိုယ်က အိပ်ချိန်ရောက်ပြီလို့ထင်ပြီး အိပ်ချင်စိတ်ကို ပိုပြီးဆွဲတင်လိုက်သလို ဖြစ်သွားတာပါ။
သကြားဓာတ် ထိုးကျတာရယ်၊ ခန္ဓာကိုယ်အပူချိန် ကျတာရယ် နှစ်ခု ကွက်တိဆုံသွားတဲ့အချိန်မှာ မခံမရပ်နိုင်အောင် ငိုက်လာရခြင်း ဖြစ်ပါတယ်။ ဒါကိုပဲ ထမင်းလုံးစီနေတယ်လို့ ခေါ်ကြတာပေါ့။
နေ့လယ်ခင်း ထိုင်ငိုက်ခြင်းကနေ ဘယ်လိုလွတ်မြောက်ကြမလဲ။
ဒီပြဿနာကို နေ့တိုင်း ကော်ဖီတွေ၊ အချိုရည်တွေ ထပ်သောက်ပြီး ဖြေရှင်းရင် သကြားဓာတ်လှိုင်းလုံးကြီးက နောက်တစ်ခါ ထပ်တက်၊ ထပ်ကျနဲ့ ညဘက် အိပ်မပျော်တဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး နည်းလမ်းကတော့ –
မနက်စာနဲ့ နေ့လယ်စာကို စနစ်တကျစားပါ – ကစီဓာတ် (ထမင်း၊ ပေါင်မုန့်၊ အချို) တွေကိုလျှော့ပြီး ပရိုတင်း (Protein) နဲ့ အမျှင်ဓာတ် (Fiber) ပါတာတွေကို မျှတအောင် စားပေးရင် သွေးတွင်းသကြားဓာတ်က ဖြည်းဖြည်းချင်းပဲ အတက်အကျဖြစ်တာမို့ ငိုက်တာမျိုး မရှိတော့ပါဘူး။
အပူချိန်မြှင့်တင်ပါ – ငိုက်လာရင် ကုလားထိုင်မှာ ဆက်ထိုင်မနေပါနဲ့။ ထိုင်ခုံကထပြီး လမ်းလျှောက်တာ၊ အကြောဆန့်တာ သို့မဟုတ် ရေအေးအေးလေး တစ်ခွက်သောက်တာမျိုးက ခန္ဓာကိုယ်အပူချိန်ကို ပြန်တက်လာစေပြီး ငိုက်တာကို ချက်ချင်း ပြေပျောက်စေပါတယ်။
တယ်လီကျန်းမာ ပရိသတ်တွေရော နေ့လယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ အိပ်ချင်ပြေအောင် လုပ်လေ့ရှိကြပါသလဲ…..။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

