SPICE ဆိုတဲ့ ဆေးခြောက်တု

ခုလတ်တလော လူငယ်တွေအကြား Vape (အီးစီးကရက်)၊ Pod များနဲ့ ဆေးခြောက် (Cannabis/Weed) သုံးစွဲမှု များပြားလာတာ မြင်ရကြားရပါတယ်။

ဒီအထဲမှာမှ “SPICE” လို့ခေါ်တဲ့ “Synthetic Cannabinoids” (ဓာတုနည်းဖြင့် ပြုလုပ်ထားသော ဆေးခြောက်တု) ဆိုတဲ့ အလွန်အန္တရာယ်များတဲ့ မူးယစ်ဆေးဝါးတစ်မျိုးလည်း ရောနှောပျံ့နှံ့လာနေပါတယ်။ ဒီပစ္စည်းနဲ့ ဆေးလွန်ပြီး ရောက်လာတာ ၂ ခါ ၃ ခါ တွေ့ရတဲ့အခါ ဒီအကြောင်းကို သတိပြုမိအောင် နည်းနည်းပြောပြချင်ပါတယ်။

SPICE ဟာ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှသည် နယ်စပ်ဒေသများ၊ တော်လှန်ရေးလှုပ်ရှားမှုနယ်မြေများထိ စိတ်ဖိစီးမှုများနေတဲ့ လူငယ်များကို ဦးတည်ပြီး လာနေတာဖြစ်ပါတယ်။ ဒီဆေးဝါးရဲ့ အန္တရာယ်ကို သတိမမူမိဘဲ နည်းနည်းလေးနဲ့ ဆေးခြောက်များများရှူလို့ရသလို ဖီလင်ရပြီး ထိတယ်ဆိုပြီး စမ်းသပ်သုံးစွဲမိရာကနေ အသက်အန္တရာယ်ထိခိုက်မှုတွေ ရှိလာနေပါတယ်။

၁။ SPICE (သို့) ဓာတုဆေးခြောက်တု ဆိုတာ ဘာလဲ။

SPICE ဆိုတာ သဘာဝအတိုင်း စိုက်ပျိုးရရှိတဲ့ ဆေးခြောက်ပင် မဟုတ်ပါ။ ဓာတ်ခွဲခန်းထဲမှာ ဓာတုဗေဒနည်းနဲ့ သဘာဝဆေးခြောက်ရဲ့ အာနိသင် (THC) ကို တုပပြုလုပ်ထားတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုဆေးဝါးတွေ ဖြစ်ကြပါတယ်။

သူ့ကို လမ်းဘေးမှာ “K2″၊ “KPod”၊ “Synthetic Cannabis”၊ “Legal Weed” သို့မဟုတ် Vape ငွေ့ (E-liquid)၊ THC oil၊ CBD Vape juice အဖြစ် ရောနှောပြီး လိမ်လည်ရောင်းချနေကြပါတယ်။ သစ်ရွက်ခြောက်တွေပေါ်ကို ဓာတုဆေးရည် ဖျန်းထားခြင်း ဒါမှမဟုတ် Vape အရည်ထဲကို အနံ့/အရသာမရှိဘဲ ရောနှောထားခြင်းမျိုးနဲ့ ထိသွားတာမျိုး ဖြစ်တာများပါတယ်။
.

၂။ သဘာဝဆေးခြောက်နဲ့ ဘာကွာသလဲ။

သဘာဝဆေးခြောက်နဲ့ယှဉ်ရင် SPICE က အဆ ၁၀ မှ အဆ ၁၀၀ ကျော်အထိ အာနိသင် ပိုမိုပြင်းထန်နိုင်ပါတယ်။ ဒီအတွက် ကွာခြားတဲ့အချက်တွေကတော့

  • မှန်းဆ၍မရခြင်း
    ဘယ်လိုဓာတုပစ္စည်း ဘယ်လောက်ပမာဏပါဝင်တယ်ဆိုတာကို သုံးစွဲတဲ့သူ မသိနိုင်ပါဘူး။
  • ချက်ချင်း အန္တရာယ်ပေးနိုင်ခြင်း
    စမ်းကြည့်မယ်ဆိုပြီး တစ်ခါရှူရုံ သို့မဟုတ် Vape တစ်ရှူရုံဖြင့်ပင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်သွားနိုင်ပါတယ်။
    .

၃။ ကြုံတွေ့ရနိုင်သည့် ရောဂါလက္ခဏာများ

SPICE သုံးစွဲမိပါက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာ အောက်ပါ ပြင်းထန်သော လက္ခဏာများ ချက်ချင်းပြသတတ်ပါတယ်။

(က) ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

  • ကျောက်ရုပ်ကဲ့သို့ဖြစ်သွားခြင်း
    သတိရှိနေသော်လည်း ခန္ဓာကိုယ်ကို လုံးဝမလှုပ်ရှားနိုင်တော့ခြင်း၊ စကားမပြောနိုင်တော့ခြင်း။
  • နှလုံးနှင့် သွေးတိုး
    နှလုံးခုန် အလွန်မြန်လာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးလွန်ခြင်း။
  • အာရုံကြောနှင့် ကြွက်သား
    တက်ခြင်း (Seizures)၊ လက်ခြေတုန်ခြင်း၊ ခေါင်းမူး၍ လဲကျခြင်း။
  • အော့အန်ခြင်းနှင့် အသက်ရှူရခက်ခြင်း
    အသက်ရှူရခက်ခဲလာခြင်း၊ ပြင်းထန်စွာ အော့အန်ခြင်း။

(ခ) စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

  • ပြင်းထန်သော စိတ်ဂယောက်ဂယက်ဖြစ်ခြင်း (Psychosis)
    မရှိသည်များကို မြင်မက်ခြင်း၊ ကြားမက်ခြင်း။
  • ကြောက်ရွံ့ထိတ်လန့်ခြင်း (Extreme Paranoia)
    တစ်ယောက်ယောက်က မိမိကို လိုက်သတ်နေသည်ဟု ထင်မှတ်ကာ စိတ်လွတ်ကိုယ်လွတ် ကြောက်လန့်ခြင်း။
  • ကိုယ်ထိလက်ရောက် သောင်းကျန်းခြင်း
    စိတ်ကို မထိန်းချုပ်နိုင်ဘဲ ရမ်းကားခြင်း၊ စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါ်ပေါက်လာခြင်း။
    .

၄။ ဘာတွေကို အထူးသတိပြုရမလဲ။

  • Vape နှင့် Pod များကို သေချာမသိရင် မရှူပါနဲ့။
    သူငယ်ချင်းကပေးလို့ ဒါမှမဟုတ် အလကားရလာလို့ဆိုပြီး သီးသန့်အမည်မပါတဲ့ Vape တွေ၊ Pod တွေနဲ့ Liquid တွေကို စိစစ်မှုမရှိဘဲ ရှူရှိုက်ခြင်းမှ အထူးရှောင်ကြဉ်ပါ။
  • စိတ်ဖိစီးမှု လျှော့ချရေးအတွက် မသုံးပါနဲ့။
    စစ်ဘေး၊ တိုက်ပွဲ၊ စီးပွားရေး စသည့် ဖိစီးမှုများသည့် ရန်ကုန်လို မြို့ပေါ်တင်မက နယ်စပ်နှင့် တော်လှန်ရေးဒေသများမှာလည်း လူငယ်တွေ စိတ်ထွက်ပေါက်ရှာရာကနေ SPICE ရဲ့သားကောင် အဖြစ်များလာကြပါတယ်။ သိထားရမှာက SPICE ဟာ စိတ်ဖိစီးမှုကို မပြေပျောက်စေဘဲ စိတ်ရောဂါကို ပိုမိုပြင်းထန်စေတယ်ဆိုတာပါပဲ။
  • “ဆေးခြောက်အစစ်” လို့ ရောင်းပေမယ့် ဓာတုစိမ်ထားနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။
    လမ်းဘေးမှာ အလွယ်တကူဝယ်လို့ရတဲ့ ဆေးခြောက်တွေလည်း SPICE ဓာတုရည် ဖျန်းထားခြင်းမျိုး ရှိနိုင်တယ်ဆိုတာလည်း သတိထားရပါမယ်။
    .

၅။ နောက်ဆက်တွဲ ရေရှည်ဆိုးကျိုးများ (Consequences)

  • ကျောက်ကပ်နှင့် နှလုံး ပျက်စီးခြင်း အဆိပ်အတောက် ပြင်းထန်သောကြောင့် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute Kidney Injury) နှင့် နှလုံးရပ်တန့်ခြင်းများ ဖြစ်နိုင်ပါတယ်။
  • စွဲလမ်းလွယ်ခြင်း (Severe Addiction)
    စတင်သုံးစွဲပြီး ရက်ပိုင်းအတွင်းပင် စွဲလမ်းသွားနိုင်ပြီး မသုံးရပါက ချွေးစေးပြန်ခြင်း၊ အိပ်မပျော်ခြင်း၊ ဂယောက်ဂယက်ဖြစ်ခြင်း စသည့် ဝေဒနာများ ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။
  • ရေရှည် စိတ်ကျန်းမာရေး ပျက်စီးခြင်း
    ဆေးဖြတ်လိုက်သည့်တိုင်အောင် ရေရှည် စိတ်ဂယောက်ဂယက်ဖြစ်တဲ့ ရောဂါ ဒါမှမဟုတ် စိတ်ကျရောဂါ ကျန်ရစ်ခဲ့နိုင်ပါတယ်။
    .

၆။ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ဖြေရှင်းနည်းများ

(က) ဘေးနားရှိသူတစ်ဦးဦး SPICE ကြောင့် အန္တရာယ်ဖြစ်နေပါက

  • အရေးပေါ် ဆေးကုသမှု ရယူပါ။
    လူနာဟာ အသက်ရှူရခက်နေပါက၊ တက်နေပါက သို့မဟုတ် ရင်ဘတ်အောင့်နေပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ပါ။
  • ဘေးကင်းအောင်ထားပါ။
    သတိလစ်နေပါက အန်ဖတ် မသီးစေရန် ဘေးစောင်းလှဲပေးထားပါ။
  • စိတ်အေးအေးထားခိုင်းပါ။
    စိတ်လွန်ကဲ ကြောက်လန့်နေပါက အော်ဟစ်ခြင်းမပြုဘဲ အေးဆေးသည့်နေရာတွင် ထိုင်ခိုင်းကာ လေဝအောင် ရှူခိုင်းပါ။
  • မည်သည့်ပစ္စည်း သုံးထားသလဲ ရှာဖွေပေးပါ။
    ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းအား ပြသနိုင်ရန် သုံးစွဲခဲ့သည့် Pod၊ Vape သို့မဟုတ် ဆေးထုပ်ကို သိမ်းဆည်းထားပါ။

(ခ) မူးယစ်ဆေးဖြတ်လိုသူများနှင့် မိသားစုများအတွက်

  • အပြစ်တင်ခြင်းထက် နားလည်ပေးပါ။
    စိတ်ဓာတ်ကျစရာ၊ စိတ်ဖိစီးစရာအခြေအနေများကြောင့် မသိဘဲ စမ်းသပ်မိသူများကို ပြစ်တင်ရှုံ့ချခြင်းထက် ဆေးကုသမှုရယူရန် ကူညီပေးပါ။
  • နီးစပ်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ပါ
    စိတ်ကျန်းမာရေး ထိခိုက်နေပါက သက်ဆိုင်ရာ ဒေသတွင်း ကျန်းမာရေးအဖွဲ့များ၊ စိတ်ကျန်းမာရေး ကူညီပေးနေသည့် အဖွဲ့အစည်းများ (ဥပမာ – TeleMental Health ဝန်ဆောင်မှုများ) ထံ အကူအညီတောင်းခံပါ။
    .

[ သတိပြုရန် မေတ္တာအမှာစကား ]

ခက်ခဲကြမ်းတမ်းတဲ့ ခေတ်ကာလမှာ မိမိကိုယ်ကိုယ်နဲ့ မိမိပတ်ဝန်းကျင်ရှိ ရဲဘော်၊ သူငယ်ချင်း၊ မိသားစုများကို စောင့်ရှောက်ဖို့က အဓိကဖြစ်ပါတယ်။ SPICE ဟာ ပျော်ရွှင်မှု ဒါမှမဟုတ် စိတ်ထွက်ပေါက် မဟုတ်ဘဲ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အဆိပ်အတောက် ဖြစ်တယ်ဆိုတာ သတိပေးမျှဝေပါရစေ။ 🙏

Reference

  • NHS Inform. Synthetic cannabinoids (SPICE) [Internet]. Edinburgh: NHS National Services Scotland; [cited 2026 Jul 31]. Available from: https:// www. nhsinform. scot / healthy-living/ drugs-and-drug-use/common-drugs/ synthetic-cannabinoids-SPICE/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here