ဒီအခန်းဆက် ဆောင်းပါးလေးမှာ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လူနာကိုလည်း ပြုစုရင်း မိမိကိုယ်ကိုယ်လည်း ပြန်လည်ရှာဖွေခြင်းလို့ အမည်ပေးထားပါတယ်။
မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်တစ်ဦးကို အိမ်မှာ အနီးကပ်ပြုစုရတဲ့ မိသားစုဝင်တွေဟာ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံးနဲ့ အနစ်နာအခံရဆုံးသူလေးတွေ ဖြစ်ကြပါတယ်။ လူနာရဲ့ စိတ်နေစိတ်ထား ပြောင်းလဲတာတွေ၊ ညဘက် မအိပ်တာတွေကို ၂၄ နာရီပတ်လုံး ရင်ဆိုင်ရတဲ့အခါ ပြုစုသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ခြေကုန်လက်ပန်းကျပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ လုံးဝ “လောင်ကျွမ်းခန်းခြောက်ခြင်း” (Caregiver Burnout) ကို ခံစားရလေ့ရှိပါတယ်။
“ငါ့ဘဝတော့ သွားပါပြီ။ ငါ့အတွက် အချိန်ဆိုတာ လုံးဝမရှိတော့ပါလား” လို့ တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ရင်း ငိုကြွေးရတာတွေဟာ အိမ်တိုင်းလိုလိုမှာ ရှိတတ်ပါတယ်။
.
- ပြုစုစောင့်ရှောက်သူများ ရင်ဆိုင်ရလေ့ရှိသည့် စိတ်ဒဏ်ရာ (၂) မျိုး
၁။ မရှိတော့သလို ခံစားရသည့် ဝမ်းနည်းပူဆွေးမှု (Anticipatory Grief)
လူနာဟာ အသက်ရှင်လျက် အနားမှာ ရှိနေသေးပေမယ့် ကိုယ်သိခဲ့တဲ့ ဖေဖေ၊ မေမေ ဒါမှမဟုတ် အိမ်ထောင်ဖက် မဟုတ်တော့တဲ့အတွက် လူနာကို ကြည့်ပြီး နေ့တိုင်း စိတ်ထဲကနေ ကြိုတင်ဝမ်းနည်း ပူဆွေးနေရတတ်ပါတယ်။
၂။ မသိစိတ်ထဲက အပြစ်ရှိစိတ် (Caregiver Guilt)
“ငါ လူနာအပေါ် စိတ်မရှည်မိသလိုများ ဖြစ်သွားလား”၊ “ငါ တစ်နာရီလောက် အပြင်ထွက်မိတာ အတ္တဆန်ရာ ကျမလား” ဆိုပြီး အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင် စိုးရိမ်နေတတ်ပါတယ်။
.
သတိပြုဖို့အချက်ကတော့ လူနာကို ချစ်တဲ့စိတ်ကြောင့် မိမိကိုယ်ကိုယ် လုံးဝပစ်ပယ်ထားခြင်းဟာ ရေရှည်မှာ လူနာရော မိမိပါ နှစ်ဦးစလုံး ပျက်စီးသွားစေနိုင်တယ်ဆိုတာ နားလည်ထားရပါမယ်။
ကျွန်တော်ချစ်ရတဲ့ အစ်မ ပရော်ဖက်ဆာ Alice ပြောသလိုပေါ့။ “နင်တို့တွေ သူများကို မကယ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ကယ်ကြ” တဲ့။ လေယာဉ်ပျံပေါ်မှာ အရေးပေါ် အောက်ဆီဂျင် မျက်နှာဖုံးစွပ်ရရင် ဘေးကလူကို မကူညီခင် “မိမိကိုယ်ကိုယ် အရင်မျက်နှာဖုံးတပ်ရမယ်” ဆိုတဲ့ စည်းမျဉ်းသဘောအတိုင်းပါပဲ။ မိမိကိုယ်တိုင် ကျန်းမာပျော်ရွှင်မှသာ လူနာကို ကောင်းမွန်စွာ ဆက်လက် ပြုစုနိုင်မှာ ဖြစ်ပါတယ်။
.
- မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းများ
၁။ “ငါဟာ ပြုစုစောင့်ရှောက်သူ သက်သက်မဟုတ်ဘူး” ဟု သတ်မှတ်ပါ။
သင်ဟာ လူနာရဲ့ ပြုစုသူတစ်ယောက် ဖြစ်ရုံတင်မကဘဲ သီးခြားဝါသနာနဲ့ သူငယ်ချင်းတွေရှိတဲ့ လူသားတစ်ယောက် ဖြစ်တယ်ဆိုတာကို နေ့တိုင်းသတိရပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် မိမိဝါသနာပါတဲ့ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း သို့မဟုတ် အလှပြင်ခြင်းတွေကို လူနာကို ခဏလေးမေ့ထားပြီး သီးသန့် လုပ်ဆောင်ပါ။
၂။ အကူအညီတောင်းဖို့ မရှက်ပါနှင့် (Share the Burden)
ဝန်ထုပ်ဝန်ပိုး အားလုံးကို တစ်ယောက်တည်း ရင်မဆိုင်ဖို့ မကြိုးစားပါနဲ့။ အခြားမောင်နှမသားချင်းတွေ၊ သူငယ်ချင်းတွေကို အလှည့်ကျ အကူအညီပေးဖို့ တောင်းဆိုကြည့်ပါ။ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ရပ်ကွက်ထဲက လူနာစောင့်ပေးနိုင်တဲ့ အသိမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေ၊ ဝန်ဆောင်မှုတွေ (Respite care) သို့မဟုတ် နေ့ပိုင်းလူကြီးဂေဟာ (Day care) တွေကို တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက်လောက် အသုံးပြုပြီး မိမိအတွက် ကိုယ်ပိုင်အချိန်ရှာပါ။
၃။ အပြစ်ရှိစိတ်ကို စွန့်လွှတ်ပါ။
သင်ဟာ စက်ရုပ်မဟုတ်ဘဲ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ယောက် ဖြစ်လို့ တစ်ခါတရံ စိတ်မရှည်ဖြစ်တာ၊ မောပန်းတာဟာ သဘာဝကျပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ လူနာကို ခဏလောက်ခွဲခွာပြီး အပြင်ထွက်အမောဖြေတာဟာ အတ္တဆန်ခြင်းမဟုတ်ဘဲ ရေရှည်ပြုစုနိုင်ဖို့ “အားသွင်းခြင်း” ဖြစ်တယ်ဆိုတာကို လက်ခံပါ။
၄။ ပြုစုစောင့်ရှောက်သူအချင်းချင်း အားပေးသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပါ။
ဒီလိုဒုက္ခမျိုးကို သင်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ပါဘူး။ အလားတူ ကြုံတွေ့နေရတဲ့ ကူညီစောင့်ရှောက်သူ မိသားစုဝင်များအချင်းချင်း ဖွဲ့စည်းထားတဲ့ လူမှုကွန်ရက်တွေ၊ အဖွဲ့အစည်းတွေမှာ ပါဝင်ပြီး ရင်ဖွင့်ဆွေးနွေးပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာအတွက် အလွန်ကောင်းတဲ့ အားဆေးဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။
.
- အခန်းဆက်၏ အဆုံးသတ်အမှာစကား
မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ လူနာကို ပစ်ပယ်ခြင်း မဟုတ်ပါဘူး။ လူနာကို ပိုမိုကောင်းမွန်စွာ ချစ်ပြနိုင်ဖို့အတွက် မိမိရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်လည်း ပျောက်ဆုံးမသွားအောင် ပြန်လည်ရှာဖွေဖို့ မမေ့ပါစေနဲ့ဆိုတာ တင်ပြရင်း ဒီအခန်းဆက် ဆောင်းပါးလေးကို ဒီနေရာမှာပဲ ရပ်ခွင့်ပြုပါ ခင်ဗျာ….။ 🙏
Reference
- Zarit SH, Reever KE, Bach-Peterson J. Relatives of the impaired elderly: correlates of feelings of burden. Gerontologist. 1980;20(6):649-655.
- National Institute for Health and Care Excellence (NICE). Dementia: assessment, management and support for people living with dementia and their carers [Internet]. London: NICE; 2018 [updated 2024; cited 2026 Jul 10]. (NICE Guideline, No. NG97). Available from: https://www.nice.org.uk/guideline/ng97
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.






