ဘာလို့ ညဘက်ဆို အလိုလို မျက်စိမှိတ်ချင်လာပြီး မနက်ခင်းဆို အချက်ပေးစက် မမြည်ခင်ကတည်းက အလိုလို နိုးလာတတ်တာလဲ။

ဒါက ကံတိုက်ဆိုင်တာ မဟုတ်သလို အလေ့အကျင့်သက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီပတ်လုံး တိတိကျကျ လည်ပတ်နေတဲ့ သဘာဝ “ဇီဝနာရီ” တစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဆေးပညာအရ ဒါကို Circadian Rhythm လို့ ခေါ်ပါတယ်။ ကျန်းမာရေးဆောင်းပါး တော်တော်များများမှာ ဒီစကားလုံးကို ခဏခဏ တွေ့ဖူးကြမှာပါ။
.

Circadian Rhythm ဆိုတာ ဘာလဲ။

လွယ်လွယ်ပြောရရင် Circadian Rhythm ဆိုတာ သဘာဝတရားရဲ့ နေ့နဲ့ည အလင်းအမှောင်ပြောင်းလဲမှုအပေါ် မူတည်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အချိန်ဇယားနဲ့ ထိန်းညှိပေးတဲ့စနစ် ဖြစ်ပါတယ်။

ကျွန်မတို့ ဦးနှောက်ထဲမှာ Suprachiasmatic Nucleus (SCN) လို့ ခေါ်တဲ့ မာစတာနာရီကြီးတစ်ခု ရှိပါတယ်။ ဒီမာစတာနာရီက မျက်လုံးထဲကို ဝင်လာတဲ့ အလင်းရောင်ကိုကြည့်ပြီး အခုက နေ့ဘက်လား၊ ညဘက်လား ဆိုတာကို ဆန်းစစ်ပါတယ်။ ပြီးရင် ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းအားလုံး (ဆဲလ်တစ်ခုချင်းစီအထိ) ကို ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုပြီး ဟော်မုန်းတွေနဲ့ အချက်ပြ ညွှန်ကြားပေးတာ ဖြစ်ပါတယ်။
.

၂၄ နာရီအတွင်း ဇီဝနာရီ ဘယ်လိုအလုပ်လုပ်လဲ။

  • မနက်ခင်း (နိုးထချိန်)
    မျက်လုံးထဲကို နေရောင်ခြည် (သို့မဟုတ်) အလင်းရောင် ဝင်လာတာနဲ့ ဦးနှောက်က မနက်ရောက်ပြီလို့ သိလိုက်ပြီး ခန္ဓာကိုယ်ကို လန်းဆန်းစေတဲ့ Cortisol ဟော်မုန်းကို စတင်ထုတ်လုပ်ပေးပါတယ်။ သွေးပေါင်ချိန်နဲ့ အပူချိန်ကို မြှင့်တင်ပေးပြီး နိုးကြားလာစေပါတယ်။
  • နေ့လယ်ပိုင်း (စွမ်းအင်အမြင့်ဆုံးအချိန်)
    အာရုံစူးစိုက်မှုနဲ့ ကိုယ်လက်လှုပ်ရှားမှု ညှိနှိုင်းဆောင်ရွက်နိုင်စွမ်း (Coordination) အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
  • ညဘက် (အိပ်စက်ချိန်)
    အမှောင်ထု ရောက်လာတာနဲ့ မာစတာနာရီက အိပ်စက်ခြင်းကို ဖြစ်စေတဲ့ Melatonin (မီလာတိုနင်) ဟော်မုန်းကို တိုးထုတ်ပေးပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အစာခြေစနစ်ကို နှေးကွေးသွားစေပြီး ခန္ဓာကိုယ်ကို အနားယူဖို့ ပြင်ဆင်ပေးပါတယ်။
    .

ဇီဝနာရီ ပျက်စီးရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

ဒီနေ့ခေတ်မှာ ညဘက် ဖုန်းအပြာရောင်အလင်း အလွန်အကျွံကြည့်တာ၊ ညဘက် အလုပ်ဆင်းတာနဲ့ မမှန်ကန်တဲ့ အိပ်စက်မှုပုံစံတွေကြောင့် ဇီဝနာရီ ပျက်စီးခြင်းတွေ အဖြစ်များလာပါတယ်။ ဇီဝနာရီ ရေရှည်ပျက်စီးရင် ခန္ဓာကိုယ်က အချိန်မှန် အလုပ်မလုပ်နိုင်တော့ဘဲ . . .

၁။ နာတာရှည် အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။

၂။ ဆီးချိုနှင့် အဝလွန်ခြင်း
ဇီဝနာရီဟာ အင်ဆူလင်ဟော်မုန်း ထွက်ရှိမှုနဲ့ အစာခြေစနစ်ကိုပါ ထိန်းချုပ်ထားလို့ သူပျက်စီးရင် သွေးချိုတက်တာ၊ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်လာပါတယ်။

၃။ နှလုံးရောဂါနှင့် သွေးတိုးခြင်း
ညဘက်မှာ သွေးပေါင်ချိန်က အလိုလို ကျသွားရမယ့်အစား ဇီဝနာရီ ကမောက်ကမဖြစ်မှုကြောင့် သွေးပေါင် ဆက်တက်နေပြီး နှလုံးကို ဒဏ်ပိစေပါတယ်။

၄။ ကိုယ်ခံအားစနစ် ကျဆင်းခြင်း
ခန္ဓာကိုယ်တွင်း ရောဂါပိုးမွှားတွေကို တိုက်ထုတ်တဲ့ စနစ်တွေဟာ အိပ်စက်နေစဉ် ဇီဝနာရီရဲ့ ထိန်းညှိမှုအောက်မှာ အလုပ်လုပ်တာမို့ ဇီဝနာရီပျက်ရင် အလွယ်တကူ ဖျားနာတတ်ပါတယ်။
.

သဘာဝအတိုင်း ဇီဝနာရီကို ဘယ်လိုပြန်ညှိမလဲ။

  • မနက်ခင်း နေရောင်ခြည် ခံယူပါ။
  • ပိတ်ရက်တွေမှာပါ အိပ်ချိန်နဲ့ နိုးချိန်ကို တစ်ပြေးညီဖြစ်အောင် ထိန်းသိမ်းပါ။
  • ညဘက် အလင်းရောင်လျှော့ပါ။ အိပ်ခါနီး ၁ နာရီအလိုကတည်းက ဖုန်း၊ ကွန်ပျူတာ စခရင်တွေကို ပိတ်ထားပြီး အခန်းကို မှောင်နေအောင် ထားပေးခြင်းဖြင့် Melatonin ဟော်မုန်း အလွယ်တကူ ထွက်ရှိစေမှာ ဖြစ်ပါတယ်။
    .

“ကျန်းမာရေးကောင်းဖို့ဆိုတာ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းအပြင် သင့်ခန္ဓာကိုယ်တွင်းက သဘာဝဇီဝနာရီ (Circadian Rhythm) ရဲ့ စည်းချက်အတိုင်း လိုက်လျောညီထွေ နေထိုင်တတ်ဖို့လည်း လိုအပ်ပါတယ်။”

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here