ရှေးလူကြီးတွေ ပြောတာ ကြားဖူးမှာပေါ့ “ဟဲ့ ကောင်လေး… ထမင်းစားပြီးပြီးချင်း ရေမချိုးနဲ့။ ရေဖျဉ်းစွဲလိမ့်မယ်” ဆိုတာလေ။ ငယ်ငယ်ကတော့ ဘာမှန်းမသိဘဲ ကြောက်ကြောက်နဲ့ နားထောင်ခဲ့ရတာပဲ။ ရေဖျဥ်းစွဲပြီး သေထားတဲ့ အရက်သမားကြီးကလည်း ရွာထဲမှာရှိတာကိုး။
နည်းနည်လေး စဉ်းစားတတ်တဲ့၊ ပြန်ပြောချင်တဲ့ အရွယ်လည်းရောက်လာရော ထမင်းစားပြီး ရေချိုးတာနဲ့ ဗိုက်ထဲရေဝင်ပြီး ရေဖျဉ်းစွဲတာနဲ့က ဘာဆိုင်လို့လဲပေါ့။ ရေတွေကို ငါလည်း သောက်လိုက်တာမဟုတ်ပေါ့။ ပြောခဲ့တဲ့ အမေကြီးနဲ့ ရေချိုးခါနီးရင် ဖက်ပြီးတော့ ရန်ဖြစ်ရသေးတာ။
အဲ နည်းနည်းလေးလည်း ပိုပြီး သိတတ်တဲ့အရွယ်လည်းရောက်ရော လူကြီးတွေ ပြောခဲ့တာ အလကားတော့ မဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။ တကယ့် ဆေးပညာအရ ကြည့်ရင် ရေဖျဉ်းမစွဲပေမယ့် ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့…
၁။ သွေးတွေ လမ်းလွဲသွားလို့
ထမင်းစားပြီးချိန်ဆိုတာ အစာအိမ်က “ကဲ အလုပ်စလုပ်ပြီဟေ့” ဆိုပြီး ခန္ဓာကိုယ်က သွေးတွေကို အကူအညီ လှမ်းခေါ်တဲ့ အချိန်လေ။ ဒီအချိန်မှာ ကိုယ်တော်ချောက ရေချိုးချလိုက်တော့ ခန္ဓာကိုယ်က အပူချိန်ထိန်းဖို့ အရေပြားဆီ သွေးတွေ ပို့လိုက်ရရော။ ဒီတော့ အစာအိမ်ဆီသွားပြီး အလုပ်လုပ်မယ့် သွေးတွေက အရေပြားကိုရောက်ကုန်တော့ အစာအိမ်က သူ့အလုပ်သူ ကောင်းကောင်းမလုပ်နိုင်တော့ဘူလေ။
.
၂။ အစာမကြေတဲ့ ဒုက္ခ
သွေးအလုံအလောက်မရတဲ့ အစာအိမ်ခမျာ ခပ်နှေးနှေးပဲ အလုပ်လုပ်နိုင်တော့တယ်။ အကျိုးဆက်ကတော့ ရှင်းပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်၊ လေတွေပွပြီး ဗိုက်ကြီးကယ်လာတာတို့၊ ပျို့ချင်အန်ချင်လာတာတို့ ဖြစ်လာတော့တာပါပဲ။ ဒါကိုများ လူကြီးတွေက ဗိုက်ကြီးပူလာမယ်ဆိုပြီး ရေဖျဉ်းစွဲတယ်လို့ ကလေးတွေကြောက်အောင် ပညာသားပါပါ ခြောက်ထားတာနေမှာပါ။
.
၃။ ရုတ်တရက် ဗိုက်အောင့်တတ်တယ်။
အစာအိမ်က အစာချေဖျက်ဖို့ အလုပ်ကြိုးစားနေချိန်မှာ ရေချိုးတဲ့ လှုပ်ရှားမှုတွေ ထပ်လုပ်လိုက်တော့ အစာအိမ်က ကြွက်သားတွေ ကြွက်တက်သလိုဖြစ်ပြီး ရုတ်တရက် ထိုးအောင့်လာတတ်ပါတယ်။ ရေချိုးခန်းထဲမှာ ဗိုက်အောင့်ရင် သိပ်တော့မဟန်လှဘူးနော်။
.
၄။ မူးမေ့ချင်သလို ဖြစ်တတ်တယ်။
သွေးတွေက အရေပြားဆီပြေး၊ အစာခြေဖို့ပြေးနဲ့ဆိုတော့ ဦးနှောက်ဆီသွားမယ့် သွေးစီးဆင်းမှုက ခေတ္တ အားနည်းသွားနိုင်တယ်။ ဒီတော့ ရေချိုးရင်း ခေါင်းမူးတာ၊ မျက်စိပြာတာ၊ နုံးခွေတာတွေ ခံစားရတတ်ပါတယ်။
…
…
ကဲ… ဒါကြောင့် ထမင်းစားပြီးရင် အနည်းဆုံး နာရီဝက်ကနေ တစ်နာရီလောက်တော့ ထမင်းလုံးလေးစီပြီး ဇိမ်လေးယူ၊ အေးဆေးနားပြီးမှ ရေချိုးကြဖို့ အကြံပေးပါရစေ။ ရှေးလူကြီးစကားဆိုတာ အကုန်လုံး အယူသီးနေကြတာမဟုတ်ဘဲ သေချာလေးစဥ်းစားပြီး နားထောင်ရင် အကျိုးမယုတ်ဘူးဆိုတာလေး ပြောချင်ပါတယ်ဗျာ….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

