“လူနာရဲ့ပါးစပ်ထဲ မှန်ကန်တဲ့ ဆေးတစ်လုံး ဝင်သွားဖို့ဆိုတာ…”
ပုံမှန်ဆိုရင်တော့ ဆေးရုံဆေးခန်းသွားပြရင် ဆရာဝန်က ဆေးခန်းစာအုပ်ထဲမှာ ဆေးတွေကို တန်းစီရေးပေးလိုက်တော့တာပဲ။ ဒါပေမယ့် အဲဒီဆရာဝန်ဆေးတွေဟာ လူနာရဲ့ပါးစပ်ထဲ တိတိကျကျ မှန်မှန်ကန်ကန်ဝင်သွားဖို့ဆိုတာ ထင်သလောက်မလွယ်နေပါဘူး။
ပထမဆုံးအနေနဲ့ ဆရာဝန်ရဲ့လက်ရေးနဲ့ ဆေးစာဟာ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ဖြစ်နေရမယ်။ ဆရာဝန်လက်ရေးဆိုပြီး မဖတ်တတ်အောင် ရေးလေလေ ဆေးကောင်တာဟာ ဆေးမှားပေးဖို့ အခွင့်အလမ်းများလေးလေးပါပဲ။
ကဲထားတော့…. ဆရာဝန်ဆေးစာက လုံးဝ ပြည့်စုံနေပြီဆိုပါတော့။ ဒုတိယအနေနဲ့ ဆေးပေးတဲ့နေရာဟာ ဆရာဝန်ပေးတဲ့ဆေးကို တိတိကျကျသိရမယ်။ မသေချာရင် ပြန်မေးနိုင်တဲ့ ယန္တရားရှိရမယ်။ ဆေးအမျိုးအစားကနေ သောက်ပုံသောက်နည်း မနက်လား/ညလား၊ အစာစားပြီးလား/မစားခင်လားဆိုတာတွေ ပြတ်သားနေရမယ်။
ဒါတင်ပဲလား …. မဟုတ်သေးဘူး။ တတိယအနေနဲ့ အဲဒီဆေးတွေဟာ အရည်အသွေးကောင်းတဲ့နေရာက ထုတ်ကုန်တွေ ဖြစ်ဖို့လိုတယ်။ ပြီးတော့ ဆေးထုတ်လုပ်တဲ့စက်ရုံက သတ်မှတ်ထားတဲ့ အပူချိန်နဲ့ အခြေအနေမှာ သိုလှောင်ထားတာမျိုး မဖြစ်မနေ လိုအပ်တယ်။ ဆေးတွေဟာ Date ကုန်နေတာမျိုး၊ အစိုပြန်နေတာမျိုး လုံးဝဖြစ်လို့မရဘူး။
ဟုတ်ပြီ အပေါ်က သုံးချက်ပြည့်စုံပြီ။ လူနာလက်ထဲ ဆေးရောက်ပြီလားဆိုရင် မရောက်သေးပါဘူး။ စတုတ္ထအနေနဲ့ အဲဒီဆေးတွေကို ဝယ်ပြီးသောက်နိုင်တဲ့ ငွေကြေးအခြေအနေ လူနာဆီမှာ ရှိရမယ်။ အခု ကာလဆိုရင် ဒီအချက်ဟာ တော်တော် အရေးကြီးပါတယ်။ အထူးသဖြင့် တစ်သက်တာ စွဲသောက်ရမယ့်ဆေးတွေပေးကြပြီဟေ့ဆိုရင် လူနာ ဘယ်လောက်ထိ တတ်နိုင်လဲဆိုတာဟာ သူ့ပါးစပ်ထဲ ဆေးတွေ ဘယ်လိုဝင်သွားလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ဒီအချက်ထဲမှာ လူနာဟာ ကျန်းမာရေးအတွက် ငွေကြေးကို ဘယ်လိုသုံးစွဲနေသလဲ ဆိုတာကလည်း အရေးကြီးသွားပါတယ်။ တစ်ခါတလေမှာ လူနာဟာ နီးစပ်ရာက ဖြစ်ဖြစ်၊ အွန်လိုင်းကဖြစ်ဖြစ် ဖြည့်စွက်အစာကဲ့သို့သော ဆေးတွေဝယ်ယူဖို့ ငွေကို အမြောက်အများသုံးလိုက်ရတာ ရှိပါတယ်။ အဲဒီအခြေအနေမှာ လူနာရဲ့ ပါးစပ်ထဲ ဆရာဝန်ပေးလိုက်တဲ့ဆေးတွေ တည့့်တည့့်မတ်မတ် ဝင်သွားဖို့ဆိုတာ ငွေကြေးအပေါ် အများကြီးမူတည်နေလေ့ရှိပါတယ်။
ကဲပြီးပြီလား …. မပြီးသေးပါဘူး။ လူနာဆီကို ဆေးတွေပါသွားပြီ။ အိမ်ကိုရောက်သွားပြီ ဆိုပါတော့။ လူနာရဲ့မိသားစုနဲ့ ပတ်ဝန်းကျင်ဟာ ဒီဆေးတွေ သောက်နေတာ ဘေးထွက်ဆိုးကျိုး ရှိနိုင်တယ်ဆိုတဲ့ ဘေးက အတွေးအမြင်တွေကို ဖြတ်ကျော်ရပါသေးတယ်။ တစ်ခါတစ်ရံ အဲဒီ ဘေးကအတွေးအမြင်တွေဟာ ရည်ရွယ်ချက်ရှိရှိ စီးပွားရေးသမားတွေ လွှင့်ထားတာမျိုးတွေပါ။ နောက်တစ်ခုကတော့ လူနာတွေဟာ မေ့တတ်ပါတယ်။ ရှုပ်ထွေးလွန်းတဲ့ ဆေးသောက်နည်းတွေဟာ လူနာကို ပိုပြီးမေ့စေနိုင်ပါသေးတယ်။
ကဲ…. လူနာ ပါးစပ်ထဲ ဆေးတစ်လုံး မှန်မှန်ကန်ကန်ဝင်သွားပါပြီ။ ပြီးပြီလားဆိုရင် မပြီးသေးပါဘူး။ လူနာဟာ အဲဒီဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုလိုလားလား ဆက်သောက်နေဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာ ဘေးထွက်ဆိုးကျိုး ခံရလို့ပဲဖြစ်ဖြစ်၊ ပိုက်ဆံအခက်အခဲရှိလို့ဖြစ်ဖြစ်၊ ဘေးကစကားတွေကြောင့်ဖြစ်ဖြစ် လူနာတွေဟာ ဆရာဝန်ပေးထားတဲ့ ဆေးတွေကို ပုံစံအမျိုးမျိုး လျှော့သောက်လေ့ရှိပါတယ်။ အဲဒီလို လျှော့သောက်ပြီ ဆိုပါစို့…. လူနာဟာ ဘယ်တော့မှ ကျွန်တော် ကျွန်မတော့ ဆေးတွေများလို့၊ ငွေမတတ်နိုင်လို့ လျှော့သောက်နေပါတယ်လို့ ဆရာဝန်ကို ပြောလေ့မရှိပါဘူး။ မြန်မာပြည်လို အခင်းအကျင်းမှာ ပိုပြီးပြောချိန်မရပါဖူး။ အဲဒီမှာ ဘာဖြစ်လဲသိလား……။
နောက်ဆုံး ဆရာဝန်နဲ့ ဆေးခန်းစာအုပ်ပဲ ကျန်ခဲ့ပါတော့တယ်။ ကုသမှုဖြစ်စဉ်ထဲကနေ လူနာက ထွက်သွားပါပြီ။ ဆရာဝန်က ဆေးခန်းစာအုပ်ကို ကုတယ်။ ဆေးခန်းစာအုပ် အမြဲလိုလို ရက်ချိန်းလာပြတယ်။ လူနာအစစ်ကတော့ ဆရာဝန်ရှေ့ထိုင်နေပေမယ့် ကုသမှုဖြစ်စဉ်ထဲ မရှိတော့ပါဘူး။
…
…
စာရှည်သွားပါပြီ။ ဆေးခန်းစာအုပ်ထဲ ဆေးတွေ ချရေးရတာ လွယ်ပါတယ်။ ဒါပေမယ့် လူနာပါးစပ်ထဲ ဆေးတွေ မှန်မှန်ကန်ကန် တိတိကျကျ ဝင်သွားဖို့ဆိုတာတော့ ကျွန်တော်တို့လိုချင်တဲ့ အပြောင်းအလဲပါပဲ။ တည့်တည့်ပြောရရင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးပါပဲဗျာ….။
ကိုမင်းမောင်
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

