သင်ဟာ Multitasking လုပ်နိုင်တယ်ဆိုတာ သေချာရဲ့လား။

မနက်လင်းလို့ မျက်လုံးပွင့်တာနဲ့ လက်တစ်ဖက်က ဖုန်းကို ကောက်ကိုင်ပြီး Facebook ပွတ်၊ ကျန်တဲ့ လက်တစ်ဖက်က ကော်ဖီခွက်ကိုကိုင်ရင်း ခေါင်းထဲမှာက ဒီနေ့လုပ်ရမယ့် အလုပ်တွေကို စဉ်းစားခန်းဝင်နေတဲ့ မနက်ခင်းမျိုးတွေကို သင်ရင်းနှီးပါသလား။

“ငါက Multitasking (တစ်ပြိုင်နက်တည်း အလုပ်တွေ အများကြီး) လုပ်နိုင်တယ်” ဆိုတဲ့စကားကို လူတော်တော်များများက ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိကြပါတယ်။ အလုပ်ခေါ်စာတွေမှာဆိုရင်တောင် “Able to multitask” ဆိုပြီး မရှိမဖြစ် အရည်အချင်းတစ်ရပ်အနေနဲ့ ထည့်သွင်းထားတတ်ကြပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာ Multitasking ဆိုတာ ဦးနှောက်ကို ဒုက္ခပေးနေတဲ့၊ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးကို တဖြည်းဖြည်းနဲ့ ဒုက္ခပေးနေတဲ့ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခု ဖြစ်နေတတ်ပါတယ်။ လူအများစုက “အလုပ်များနေတာ” နဲ့ “အလုပ်တွင်တာ” ကို ရောထွေးပြီး နားလည်နေကြလို့ပါ။

ခေတ်မီချင်သူတွေ၊ အောင်မြင်ချင်သူတွေ အမြဲပြောနေကြတဲ့ Multitasking ဆိုတာ တကယ်ရော ရှိရဲ့လား။ ဘယ်လိုလုပ်ရင် ဦးနှောက်ပျက်စီးပြီး၊ ဘယ်လိုလုပ်ရင် တကယ် အလုပ်တွင်မလဲဆိုတာကို ကွဲကွဲပြားပြား သိထားဖို့ လိုပါတယ်။

✳️ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ

ပထမဆုံး လက်ခံရမယ့် အချက်ကတော့ “လူ့ဦးနှောက်ဟာ တစ်ချိန်တည်းမှာ အာရုံစိုက်ရမယ့် အလုပ်နှစ်ခုကို ပြိုင်တူ မလုပ်နိုင်ပါဘူး” ဆိုတာပါပဲ။

ကွန်ပျူတာတွေမှာတော့ Core တွေအများကြီးပါလို့ Program တွေအများကြီး တစ်ပြိုင်နက်ဖွင့်လို့ ရပါတယ်။ ဒါပေမယ့် လူ့ဦးနှောက်ကတော့ လက်နှိပ်ဓာတ်မီး ထိုးထားသလိုပါပဲ။ အာရုံစိုက်မှု အလင်းရောင်ကို တစ်ကြိမ်မှာ နေရာတစ်ခုတည်းကိုပဲ ထိုးပြနိုင်ပါတယ်။ လူတွေက “ငါ ပြိုင်တူလုပ်နေတာလေ” လို့ ထင်ရပေမယ့် တကယ်တမ်း ဦးနှောက်က ဟိုဘက်ဒီဘက်ကို လျှပ်စီးလက်သလို အမြန်ကူးပြောင်းနေရတာပါ။

အလုပ်တစ်ခုကနေ နောက်တစ်ခုကို ခုန်ကူးလိုက်တိုင်းမှာ ဦးနှောက်က “Switch Cost” လို့ခေါ်တဲ့ အဖိုးအခကို ပေးဆပ်ရပါတယ်။ ကားတစ်စီးကို အရှိန်တင်လိုက်၊ ရုတ်တရက် ဘရိတ်အုပ်လိုက်၊ ပြန်မောင်းလိုက် လုပ်နေရသလိုမျိုး ဦးနှောက်ရဲ့ စွမ်းအင်တွေ အလဟဿ ကုန်ခန်းသွားရပါတယ်။
.

✳️ Multitasking လုပ်ရတာ စိတ်ကျေနပ်မှု ရှိရဲ့လား။

ဒီလောက် ပင်ပန်းမှန်းသိရက်နဲ့၊ ဆိုးကျိုးတွေ ရှိမှန်းသိရက်နဲ့ လူတွေက ဘာလို့ Multitasking လုပ်ဖို့ စွဲလမ်းနေကြသလဲ။ ဒါဟာ ဦးနှောက်ရဲ့ လှည့်စားမှုတစ်ခုသက်သက်ပါပဲ။

ကွန်ပျူတာရှေ့မှာ စာစီနေရင်း ဖုန်းက Message ဝင်လာလို့ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ Email တစ်စောင် ဝင်လာလို့ ချက်ချင်းပြန်ပို့လိုက်တယ်။ အဲဒီလို အလုပ်လေးတွေ ခဏလေးအတွင်းမှာ ဟိုစပ်စပ် ဒီစပ်စပ် ပြီးသွားတဲ့အခါ ဦးနှောက်က “ငါ အလုပ်တွေ တအားလုပ်နိုင်တာပဲ၊ ငါ တော်တာပဲ” ဆိုပြီး အတုအယောင် ကျေနပ်မှုပေးတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။

ဒါပေမယ့် ညဘက် အိပ်ရာဝင်ခါနီးတဲ့အခါမှာတော့ တကယ်လုပ်ဖို့ လိုအပ်နေသေးတဲ့ အလုပ်ကြီးတွေ ဘာမှ မပြီးမြောက်သေးဘူးဆိုတာကို ရုတ်တရက် သတိထားမိသွားတတ်ပါတယ်။ အိပ်ရာပေါ်ရောက်တော့မှ မေ့နေတဲ့အလုပ်တွေဟာ တန်းစီပြီး ပေါ်လာတော့တာပါပဲ။ “ငါလည်း တစ်နေ့ကုန် အလုပ်တွေ လုပ်နေရဲ့သားနဲ့ အလုပ်တွေက ပြီးမပြီးနိုင်ဘူး။ စိတ်ညစ်လိုက်တာ” ဆိုတဲ့ အပြစ်ရှိစိတ် ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေ ကျဆင်းရပါတယ်။
.

✳️ စိတ်ရောကိုယ်ပါ ပျက်စီးရခြင်း

Multitasking ရဲ့ အဆိုးရွားဆုံး ဆိုးကျိုးကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေတာပါပဲ။ အလုပ်တစ်ခုကနေ တစ်ခုကို အမြန်ပြောင်းလုပ်ရလွန်းတဲ့အခါ ဦးနှောက်က “ဒါဟာ အရေးကြီးတဲ့ ကိစ္စမို့လို့ အမြန်အမြန် ပြောင်းပြီးလုပ်နေတာနေမှာ” လို့ ထင်မှတ်သွားတတ်ပါတယ်။

အဲဒီအခါမှာ Cortisol နဲ့ Adrenaline လိုမျိုး စိတ်ဖိစီးမှု ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲကို အမြောက်အမြား စီးဝင်လာပါတယ်။ တကယ်တော့ သင်ဟာ အေးအေးဆေးဆေး ထိုင်ပြီး အလုပ်လုပ်နေတာပါ။ ဒါပေမယ့် သင့်ဦးနှောက်ကတော့ fight or flight အခြေအနေ ရောက်နေရသလိုမျိုး အထိတ်တလန့် ဖြစ်နေပါတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ နေ့စဉ်ရက်ဆက် ဖြတ်သန်းတဲ့အခါ ရင်တုန်လာမယ်၊ ဒေါသထွက်လွယ်လာမယ်၊ အာရုံစူးစိုက်လို့ မရတော့ဘဲ နောက်ဆုံးမှာ စိတ်ရောကိုယ်ပါ အားကုန် ပင်ပန်းနွမ်းနယ်မှုဆီကို အမြန်ဆုံး ရောက်ရှိသွားပါတော့တယ်။
.

✳️ မှားယွင်းသော Multitasking များ

ဒါက လူ ၉၀% လောက် လုပ်နေတဲ့ပုံစံပါ။ ဦးနှောက်သုံးရမယ့် အလုပ်နှစ်ခုကို တွဲလုပ်ခြင်း ဖြစ်ပါတယ်။

❌ စာကျက်နေရင်း သီချင်းစာသားပါတဲ့ သီချင်း နားထောင်တာ။

❌ အစည်းအဝေး တက်နေရင်း Email စစ်တာ၊ ဖုန်းပွတ်တာ။

❌ ကားမောင်းနေရင်း ဖုန်းပြောတာ (ဒါက အသက်အန္တရာယ်ပါ ရှိပါတယ်)။

ဒီလိုလုပ်တဲ့အခါမှာ မှားယွင်းမှုများတယ်၊ ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးတယ်၊ ယာယီအားဖြင့် IQ ကို ကျဆင်းစေပြီး ရေရှည်မှာ မှတ်ဉာဏ်ကိုပါ ထိခိုက်စေပါတယ်။ ဒါဟာ အလုပ်တွင်တာ မဟုတ်ပါဘူး။ “အလုပ်ရှုပ်ခံပြီး အလုပ်ဖျက်နေတာ” သာ ဖြစ်ပါတယ်။
.

✳️ မှန်ကန်သော Multitasking များ

ဒါဆိုရင် Multitasking လုပ်လို့ လုံးဝ မရတော့ဘူးလား။ ရပါတယ်။ နည်းစနစ်မှန်ဖို့ပဲ လိုပါတယ်။ အဲဒါကတော့ ဦးနှောက်သုံးရတဲ့အလုပ်နဲ့ ခန္ဓာကိုယ်က အလွတ်ရပြီးသားအလုပ်ကို တွဲလုပ်ခြင်းပါပဲ။

ဦးနှောက်က အာရုံစိုက်စရာမလိုတဲ့ အလုပ်တစ်ခုကို လုပ်နေချိန်မှာ တခြားအာရုံစိုက်ရမယ့် အလုပ်တစ်ခုကို ထပ်ပေါင်းထည့်လိုက်တာပါ။ ဒါမှသာ တကယ့် အလုပ်တွင်စေတဲ့ Multitasking စစ်စစ် ဖြစ်လာမှာပါ။

အောင်မြင်သူတွေ သုံးလေ့ရှိတဲ့ Smart Multitasking တွဲဖက်နည်းတွေကတော့ . . .

✅ ၁။ လေ့လာခြင်း + လှုပ်ရှားခြင်း

လမ်းလျှောက်ရင်း (သို့) အိမ်မှုကိစ္စ လုပ်ရင်း Podcast ဒါမှမဟုတ် Audiobook နားထောင်တာမျိုးပါ။ ခန္ဓာကိုယ်က အလိုအလျောက် လမ်းလျှောက်နေချိန်မှာ ဦးနှောက်က ပညာရပ်တစ်ခုကို အေးအေးဆေးဆေး သင်ယူနိုင်ပါတယ်။

✅ ၂။ စောင့်ဆိုင်းခြင်း + စီစဉ်ခြင်း

ကားပိတ်နေတဲ့အချိန်၊ ဆေးခန်းမှာ အလှည့်စောင့်နေတဲ့အချိန်တွေမှာ ဖုန်းထုတ်ပွတ်မယ့်အစား ဒီနေ့လုပ်စရာရှိတာတွေကို စဉ်းစားတာ၊ စိတ်ကူးတာမျိုးပါ။

✅ ၃။ လုပ်ရိုးလုပ်စဉ်အလုပ် + စကားပြောဆိုခြင်း

ထမင်းစားနေချိန် (သို့) မနက်ခင်း ကော်ဖီသောက်ချိန်မှာ မိသားစုနဲ့ စကားပြောတာမျိုးပါ။ ဒါက အလုပ်နှစ်ခုကို အကျိုးရှိရှိ ပြီးမြောက်စေပါတယ်။ (တချို့က ထမင်းစားရင်း ဖုန်းကြည့်ကြတယ်။ ဒါက မှားယွင်းတဲ့ Multitasking ပါ။ အစာရဲ့အရသာကို မသိ၊ ဘာတွေ စားမိလိုက်သလဲ မသိ၊ ဖုန်းထဲကဟာလည်း ခေါင်းထဲမရောက် ဖြစ်တတ်ပါတယ်)။
.

✳️ အလုပ်ခွင်ထဲက Multitasking

အရေးကြီးဆုံးအချက်ကတော့ အာရုံစူးစိုက်မှု အပြင်းအထန် လိုအပ်တဲ့ အလုပ်တွေ လုပ်တဲ့အခါမှာတော့ Multitasking ကို လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ စာရေးနေချိန်၊ ရှုပ်ထွေးတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနေချိန်၊ စာမေးပွဲအတွက် အာရုံစိုက် ကျက်မှတ်နေချိန်မျိုးတွေမှာ ဖုန်းပိတ်၊ တံခါးပိတ်ပြီး တစ်ခုတည်းကိုပဲ ဇောက်ချလုပ်ပါ။

အလုပ်တစ်မျိုးတည်းကို ဖိဖိစီးစီးလုပ်တယ်ဆိုတာ တကယ်တော့ အလုပ်လုပ်နေရင်းနဲ့ Mindfulness လေ့ကျင့်နေတာနဲ့ အတူတူပါပဲ။ လက်ရှိ လုပ်နေတဲ့ အခိုက်အတန့်လေး တစ်ခုတည်းမှာပဲ အပြည့်အဝ စိတ်ရောကိုယ်ပါ ရှိနေတဲ့အတွက် အတိတ်ကိုတွေးပြီး နောင်တရတာမျိုး၊ အနာဂတ်ကိုတွေးပြီး ပူပန်တာမျိုးတွေကို သိသိသာသာ လျော့ကျသွားစေပါတယ်။ စိတ်က ဟိုပြေးဒီလွှား မဖြစ်တော့ဘဲ ကြည်လင်အေးချမ်းလာပြီး အရည်အသွေး အမြင့်မားဆုံးသော ရလဒ်တွေ ထွက်ပေါ်လာပါတယ်လို့ သုတေသနတွေက ဆိုပါတယ်။

ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ စက်ရုပ်မဟုတ်ပါဘူး။ ကွန်ပျူတာတစ်လုံးမှာတောင် Program တွေ အများကြီး တစ်ပြိုင်နက် ဖွင့်လိုက်ရင် စက် Hang သွားတတ်သလို လူလည်း Hang သွားတတ်ပါတယ်။

ဒါကြောင့် “ငါ အလုပ်တွေ တအားများတယ်။ မအားဘူး” ဆိုတဲ့ စကားကို ဂုဏ်ယူစရာစကားအဖြစ် မသုံးစွဲပါနဲ့တော့။ တကယ်တမ်း ဂုဏ်ယူရမှာက “ငါ ဒီအလုပ်ကို အချိန်တိုတိုနဲ့ ထိထိရောက်ရောက် ပြီးအောင်လုပ်နိုင်လိုက်တယ်” ဆိုတဲ့ တည်ငြိမ်တဲ့ ရလဒ်အဖြေပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

“ငါ အလုပ်တွေ ပိနေတာလား ဒါမှမဟုတ် ငါ့ဦးနှောက်ကို ဟိုပြေးဒီပြေးခိုင်းပြီး နှိပ်စက်နေတာလား” လို့။

သင့်ရဲ့ အဖိုးတန်တဲ့ ဦးနှောက်စွမ်းအင်ကို မလိုအပ်ဘဲ ဖြုန်းတီးမပစ်ပါနဲ့။ အလုပ်နှစ်ခုကို တွဲလုပ်တော့မယ်ဆိုရင် သတိထားပါ။ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ အလုပ်တွေ အများကြီးပိုက်ပြီး ဗျာများနေရတာ မဟုတ်ပါဘူး။ လုပ်သင့်တဲ့အလုပ်ကို လုပ်သင့်တဲ့အချိန်မှာ သေသပ်သပ်ရပ် လုပ်ကိုင်နိုင်ခြင်းသာ ဖြစ်ပါတယ်။

အလုပ်များတိုင်း အလုပ်တွင်တာ မဟုတ်ပါဘူး။

ပါးနပ်စွာ တွဲဖက်လုပ်ကိုင်တတ်မှသာ ခေတ်မီတဲ့၊ စိတ်အေးချမ်းတဲ့ လူသားတွေ ဖြစ်လာမှာပါ….။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here