တီဗီကြော်ငြာတွေထဲမှာသာ မနက်လင်းတာနဲ့ စောင်လေးခေါက်၊ ပြုံးဖြီးဖြီးနဲ့ နေမင်းကြီးကို လက်ပြနှုတ်ဆက်နေကြတာ။ တကယ်တမ်း ကျုပ်တို့ လက်တွေ့ဘဝမှာတော့ လူအတော်များများအတွက် မနက်အိပ်ရာနိုးတဲ့ အချိန်ဆိုတာ စစ်ပွဲတစ်ပွဲ ဆင်နွှဲရသလိုပါပဲ။ တစ်ခါတစ်ရံ မျက်စိနှစ်လုံး ပွင့်လိုက်တာနဲ့ ဘာမှန်းမသိဘဲ အလိုလိုနေရင်း စိတ်တိုပြီး ဒေါသထွက်နေတတ်တယ်မလား။
ဒီလို မနက်ခင်း စိတ်မကြည်တဲ့ ကိစ္စက အခုခေတ် လူတွေမှ ဖြစ်တာ မဟုတ်ဘူးဗျ။ ရာဇဝင်ထဲက တရုတ်ပြေးမင်းလို့ နာမည်ကြီးတဲ့ ပုဂံခေတ် နရသီဟပတေ့မင်းကြီး ဆိုရင်လည်း မနက်ခင်း အိပ်ရာနိုးတာနဲ့ မျက်နှာကြီး မည်းမှောင်ပြီး ဘေးနားက ခစားတဲ့သူတွေကို မဆီမဆိုင် အပြစ်ရှာတော့တာပဲ။ စိတ်မကြည်တဲ့အဆုံး တွေ့ရာပစ္စည်းနဲ့တောင် ကောက်ပေါက်တတ်သေးတာကိုး။
ဘာလို့ အဲဒီလို ဖြစ်ရတာလဲ။
၁။ လူကို အိပ်နေရာကနေနှိုးတဲ့ ဟော်မုန်းများ
လူတစ်ယောက် အိပ်ရာကနေ နိုးလာဖို့အတွက် ခန္ဓာကိုယ်က Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကို အများကြီး ထုတ်ပေးလိုက်ရတယ်။ လူကို လှုပ်နှိုးလိုက်တာပေါ့။ ဒါပေမယ့် နဂိုကတည်းက စိတ်ဖိစီးမှုများတဲ့ သူ၊ ညဘက် ကောင်းကောင်းအိပ်မပျော်တဲ့သူတွေကျတော့ အဲဒီဟော်မုန်းတွေ ရုတ်တရက် တက်သွားတာကို ဦးနှောက်က “Fight or Flight” လို့ အထင်လွဲသွာပြီး မျက်စိပွင့်ပွင့်ချင်းမှာပဲ အရာရာကို ဒေါသတကြီး ရန်လိုနေတော့တာပါပဲ။
.
၂။ အချိုဓာတ် ကျဆင်းခြင်း
ညစာစားပြီးကတည်းက တစ်ညလုံး ဘာမှမစားထားရတော့ မနက်အိပ်ရာထချိန်မှာ သွေးတွင်းသကြားဓာတ်က အောက်ဆုံးကို ရောက်နေပြီလေ။ သကြားဓာတ် မရှိတော့ ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူး။ လူကသာ ဗိုက်ဆာမှန်း သေချာမသိသေးတာ ဦးနှောက်ကတော့ “ငါ ဗိုက်ဆာနေပြီ” ဆိုပြီး ဆာလောင်မှုကနေတစ်ဆင့် ဗိုက်ဆာဒေါသ (Hangry) အဖြစ် ပြောင်းလဲပစ်လိုက်တာပါ။
.
၃။ အသိစိတ် ပြန်လည်ပေါ်ပေါက်လာခြင်း ဒုက္ခ
လူက ညဘက် အိပ်ပျော်နေတုန်းကတော့ အလုပ်က ပြဿနာတွေ၊ အကြွေးကိစ္စတွေကို ခဏမေ့ထားလို့ ရတာပေါ့။ ဒါပေမယ့် မျက်လုံးလည်း ပွင့်လာရော မသိစိတ်ထဲကနေ “ဟေ့ကောင်… မင်း ဒီနေ့လည်း ဟိုနေ့ကပြဿနာတွေ ရင်ဆိုင်ရဦးမှာနော်” ဆိုပြီး အသိက ရုတ်တရက် ဝင်လာတယ်။ အဲဒီတော့ “ဒီနေ့လည်း လာပြန်ပြီကွာ” ဆိုတဲ့ စိတ်နဲ့ နိုးနိုးချင်းမှာတင် ဒေါသအိုးက ပေါက်ကွဲသွားတော့တာပါပဲ။
.
ဒါကြောင့် နောက်တစ်ခါ မနက်အိပ်ရာနိုးလို့ ဒေါသထွက်ချင်လာပြီ၊ စိတ်တွေတိုလာပြီဆိုရင် နရသီဟပတေ့မင်းလို တွေ့ရာပစ္စည်းနဲ့ ကောက်မပေါက်ပါနဲ့။
အဲဒီအစား ခန္ဓာကိုယ်က သကြားဓာတ်နဲ့ ရေဓာတ် လိုနေတာကို နားလည်ပြီး အိပ်ရာပေါ်ကနေ ချက်ချင်း ကုန်းရုန်းမထဘဲ ၅ မိနစ်လောက် ငြိမ်ငြိမ်လေး ဆက်လှဲနေပေးပါ။ ဖုန်းတွေ ကွန်ပျူတာတွေ ပါဝါဖွင့်သလို ခန္ဓာကိုယ်ကို System ပြန်တက်ဖို့ အချိန်ပေးတဲ့ သဘောပါ။ ပြီးရင် ရေလေးတစ်ခွက်လောက် အရင်သောက်၊ အချိုလေးတစ်ခုခု ဝင်အောင်စားလိုက်ပါ။ ဒါဆိုရင် ဦးနှောက်ရဲ့ ဒေါသထွက်တဲ့စိတ်ကြီး အလိုလို ငြိမ်းချမ်းသွားပါလိမ့်မယ်ဗျာ။
မနက်ခင်းမှာ စိတ်လက်ချမ်းသာစွာ နိုးထနိုင်ကြပါစေ…။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

