“ တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ”
ပလတ်စတစ်ကို ရှာဖွေတွေ့ရှိပြီး အသုံးပြုလာကြတာတော့ (၂၀) ရာစု အစပိုင်းမှာပါ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်စွာ နေ့စဥ်ဘ၀ထဲ ရောက်ရှိလာတာတော့ ဒုတိယကမ္ဘာစစ်အတွင်း လိုအပ်ချက်တွေကြောင့်လို့ပြောရမှာပဲ။ အသုံး၀င်တယ်။ သုံးလို့လည်း ကောင်းတာကိုး။
ဒီလိုနဲ့ ပလတ်စတစ်တွေ သုံးလာလိုက်ကြတာ ပလတ်စတစ်အမှိုက်တွေ စုပြုံပြီး ဘယ်လိုစွန့်ပစ်ရမလဲလို့ အခက်တွေ့ကြတဲ့အထိပါပဲ။ မယုံမရှိပါနဲ့။ ကျွန်ုပ်တို့လူသားတွေကို ပလတ်စတစ်တွေက ပတ်လည်၀န်းရံနေပြီး ကိုယ်တိုင်လည်း ပလတ်စတစ် ဖြစ်လာကြပါပြီ။
ဟုတ်ပါတယ်။ မိုက်ခရို ပလတ်စတစ်ဆိုတဲ့ (၅) မီလီမီတာအောက်ရှိတဲ့ ခဲဖျက်အစလောက် သေးသေးလေးတွေရော၊ နာနိုပလတ်စတစ်ဆိုတဲ့ (၁) မိုက်ခရိုမီီတာအောက်ရှိတဲ့ ပလတ်စတစ်အစတွေကို ကျွန်ုပ်တို့တစ်တွေ ရှူရှိုက်မိ၊ စားမိ၊ အရေပြားပေါ်မှတစ်ဆင့် စိမ့်၀င်မိရင်းနဲ့ ခန္ဓာကိုယ်ထဲမှာ ပလတ်စတစ်တွေကို တွေ့လာရပါပြီတဲ့။
မမွေးသေးတဲ့ သန္ဓေသားထဲကစလို့ မိခင်နို့ရည်လိုမျိုးတွေအထိ ကျွန်ုပ်တို့ရဲ့ ဦးနှောက်တွေထဲမှာရော၊ မျိုးပွားအင်္ဂါတွေ၊ သွေးကြောနံရံတွေမှာပါ မိုက်ခရို ပလတ်စတစ်တွေ တွေ့ရှိနေရပါပြီ။
နာတာရှည်ရောဂါတွေ၊ ကိုယ်တွင်းဇီ၀ဖြစ်စဥ် မညီမျှလို့ဖြစ်တဲ့ရောဂါတွေ၊ ကင်ဆာလိုရောဂါတွေလည်း (၂၀) ရာစု ပလတ်စတစ် ခေတ်မစားမီကထက် ယနေ့ခေတ် (၂၁) ရာစုမှာ အဖြစ်များလာတာ သတိထားမိမှာပါ။ ဒါတွေဟာ ကိုယ်ထဲက မိုက်ခရိုပလတ်စတစ်တွေနဲ့ ဆက်စပ်နေတယ်လို့ သုတေသနများစွာက လေ့လာတွေ့ရှိထားပါတယ်။
…
…
ဘာကြောင့် ကိုယ်ခန္ဓာထဲက မိုက်ခရိုပလတ်စတစ်တွေက စိုးရိမ်စရာကောင်းတာလဲဆိုရင်တော့ . . .
ပလတ်စတစ် ကိုယ်တိုင်က အဆိပ်သင့်စေတာမျိုးမဟုတ်ပါဘူး။ သို့ပေမယ့် ပလတ်စတစ်တွေက အဆိပ်သင့်မှုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ သတ္တုဓာတ်တွေကို လာပါလာပါလို့ ဧည့်၀တ်ကျေ ပြူငှာစွာ ဖိတ်ခေါ်နေလို့ပါပဲ။ ဒါကြောင့် ကိုယ်တွင်းကို ဒီသတ္တုဓာတ်တွေ ပိုအနည်ထိုင်၊ ပိုများစွာ မြန်မြန်ရောက်ရှိစေပြီး ဒီအဆိပ်သင့်မှုတွေကို ခံစားရနိုင်ပါတယ်။
ကိုယ်တွင်းမှာ ရှိရမယ့်ပစ္စည်း မဟုတ်တဲ့အတွက် သင့်ခန္ဓာကိုယ်က ရန်သူအနေနဲ့ တုံ့ပြန်ပါတယ်။ အကျိုးဆက်ကတော့ ကိုယ်တွင်းတိုက်ပွဲဖြစ်ပြီး ရောင်ရမ်းမှုတွေ ဖြစ်တော့တာပေါ့။
ဟော်မုန်းတွေကို မညီမျှဖြစ်စေတဲ့ဓာတ် (BPA, Phthalate) စတာတွေကြောင့် မျိုးပွားမှုနဲ့ဆိုင်တဲ့ ဟော်မုန်းပြဿနာတွေနဲ့အတူ အခြားဇီ၀ဖြစ်စဥ်ဆိုင်ရာ ဟော်မုန်းပြဿနာတွေ ဖြစ်စေပါတယ်။
သင့်ရဲ့ ကိုယ်တွင်းက သွေးကြောထဲမှာ ဒီပလတ်စတစ်တွေရှိနေတာဟာ နှလုံးရောဂါ၊ Heart Attack၊ နှလုံးကြွက်သားပုပ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ဒီပလတ်စတစ်တွေက ဦးနှောက်နဲ့အာရုံကြောကို သိပ်ကြိုက်ကြပါတယ်။ ဒါကြောင့် အာရုံကြောရောဂါတွေဖြစ်နိုင်ခြေကိုလည်း မြင့်စေပါတယ်။
ဒါ့အပြင် သူတို့ဟာ အူလမ်းကြောင်းမှာရှိတဲ့ ကောင်းမွန်တဲ့ဓာတ်တွေရဲ့ လုပ်ငန်းစဥ်တွေကို ကမောက်ကမဖြစ်စေပြီး အူရောင်လွယ်တာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
…
…
ဒီတော့ ရှောင်လွှဲလို့မရတဲ့ ပလတ်စတစ်တွေကြားထဲမှာ ဘယ်လို နေထိုင်ပြုမူသင့်ပါသလဲ။
တတ်နိုင်သလောက်တော့ ပလတ်စတစ်တွေကို လျှော့ချပြီးသုံးပေါ့။ တစ်ခါသုံး ပန်းကန်တွေ၊ ဖော့ဘူးတွေထက် ဓာတ်ပြုမှုနည်းတဲ့ ကြွေ၊ စတီး စတာတွေကို ပိုသုံးပါ။ ရေဘူးဆိုလည်း သတ္တုဘူးနဲ့ သုံးတာမျိုးတွေပေါ့။ အများကြီးပြောင်းလဲပြီး လောကကြီးတစ်ခုလုံး ကောင်းသွားဖို့ကတော့ ငါဒါလေးလုပ်လိုက်တာနဲ့ ဘာအရေးလဲ၊ ဘာမှမထူးဘူးဆိုတဲ့ အမြင်မျိုးကို အရင်ဆုံးပြောင်းပါ။ မိမိတစ်ကိုယ်စာလေး ပလတ်စတစ်အသုံးပြုမှုကို တစ်ခုလောက်လေး လျှော့ချနိုင်ရင်တောင် မဆိုးပါဘူး။
မိမိရဲ့ ကျန်းမာရေးအသိနဲ့ စေတနာတွေဟာ တဖြည်းဖြည်းနဲ့ သိစိတ်ကနေ မသိစိတ်ကို စီးဆင်းပြီး ကံ၊ ကံရဲ့အကျိုးကို ခံစားရမှာပါ။ သင့်လို ကျန်းမာရေးအသိရှိတဲ့သူ တစ်ယောက်ကနေ နှစ်ယောက်ရှိလာမယ်။ တစ်ဆင့်တစ်ဆင့်နဲ့ လူသန်းပေါင်းများစွာ ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။
နောက်မျိိုးဆက်ထိ စီးဆင်းသွားမယ့် ပလတ်စတစ်လူသားတွေအဖြစ်ကိုတော့ မိမိလုပ်နိုင်တဲ့ တစ်ခုလေးကစလို့ လျှော့ချနိုင်ဖို့ ကြိုးစားရအောင်ပါ။ အခြားသူတွေလည်းအားတက်အောင် မိမိလုပ်ဆောင်နိုင်ခဲ့တဲ့ ပလတ်စတစ်လျှော့ချတဲ့ အပြုအမူတစ်ခုကို ကွန်မန့်မှာ၀င်ရေးရင်း ပိုမိုကောင်းမွန်တဲ့ အသိုက်အ၀န်းလေးတစ်ခု ဖန်တီးကြရအောင်ပါ….။
အာဟာရဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

