လူတွေက Anxiety ကို စိတ်ထားမတတ်လို့ ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ Anxiety ဆိုတာ စိတ်ကနေ စတင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ မမြင်ရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ။ အပြင်ပန်းက ကြည့်ရင် အကောင်းပကတိလို ဖြစ်နေပေမယ့် ဝေဒနာရှင်ရဲ့ အတွင်းစိတ်နဲ့ ခန္ဓာကိုယ်ဟာ တစ်စက္ကန့်လေးမှ အနားမရဘဲ အမြဲတမ်း တိုက်ပွဲဝင်နေရတယ်ဆိုတာကို ပုံမှန်လူတွေ နားလည်ပေးနိုင်ဖို့ သိပ်ကိုခက်ခဲနိုင်ပါတယ်။

ကျွန်တော့်ရဲ့ နေ့စဉ်ဘဝကို ကြည့်လိုက်ရင် တစ်ပါးသူကိုတောင် လမ်းညွှန်ပြသပေးနိုင်တဲ့၊ တည်ငြိမ်ရင့်ကျက်တဲ့ သူတစ်ယောက်လို့ အများက မြင်ကြပါလိမ့်မယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ၊ ရောဂါဘယတွေအကြောင်းကို တတ်ကျွမ်းနားလည်ထားတဲ့ ကျန်းမာရေး ပညာရှင်တစ်ယောက် ဖြစ်နေတာတောင်မှ ဒီစိုးရိမ်ပူပန်စိတ်ဆိုတဲ့ သရဲဘောကြောင်တဲ့ အရာက ကျွန်တော်သင်ယူခဲ့ရတဲ့ ဆေးပညာတွေ၊ ကျွန်တော့်ရဲ့ အသိဉာဏ်နဲ့ ယုတ္တိဗေဒတွေကို အလွယ်တကူပဲ ရိုက်ချိုးဖျက်ဆီးပစ်နိုင်ခဲ့တယ်။ လူနာတွေကို စိုးရိမ်စိတ်အကြောင်း၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေအကြောင်း ပညာပေးနေတဲ့သူက ကိုယ်တိုင် ခံစားရတဲ့အချိန်မှာတော့ အဲဒီစာအုပ်ကြီးထဲက အချက်အလက်တွေဟာ ဝေးလွင့်ကုန်ပြီး တုန်ယင်နေတဲ့ လက်ချောင်းတွေကိုတောင် မနည်းပြန်ထိန်းနေရပါတယ်။ တခြားသူကို ကုသပေးနိုင်ပေမယ့် ကိုယ့်စိတ်ကိုယ် ပြန်မကုနိုင်တဲ့ အခိုက်အတန့်တွေဟာ ဆေးပညာရှင်တစ်ယောက်အတွက်တော့ သိမ်ငယ်စရာကောင်းတဲ့ ရှုံးနိမ့်မှုတစ်ခုလို ခံစားရစေပါတယ်။

အဆိုးဆုံးကတော့ ချစ်ရတဲ့သူတွေရှေ့မှာ “ အဆင်ပြေပါတယ်” ဆိုတဲ့ မျက်နှာဖုံးကို တပ်ထားရခြင်းပါပဲ။

ခုနစ်နှစ်အရွယ် သားလေးက “ ဖေဖေ” လို့ ခေါ်ပြီး ရင်ခွင်ထဲ ပြေးဝင်လာတဲ့ အချိန်တွေဆိုရင် သာမန်ဖခင် တစ်ယောက်အနေနဲ့ အတိုင်းမသိ ပျော်ရွှင်ရမယ့် အချိန်ပါ။ ကျွန်တော်လည်း အပြင်ပန်းမှာ ပြုံးရွှင်စွာနဲ့ သားလေးကို ပွေ့ဖက်ထားလိုက်ပါတယ်။ ဒါပေမယ့်… အဲဒီလို ပွေ့ဖက်ထားတဲ့ စက္ကန့်ပိုင်းလေး အတွင်းမှာတင် ကျွန်တော့်ရဲ့ အတွင်းစိတ်ထဲမှာ ကမ္ဘာပျက်နေတတ်တယ်။

“ ငါ ရုတ်တရက် တစ်ခုခုဖြစ်ပြီး လဲကျသွားရင် ငါ့သားလေး ဘယ်လောက် စိတ်ဒဏ်ရာ ရသွားမလဲ။ ငါ မရှိတော့ရင် ငါ့သားလေး ဘယ်လို နေခဲ့ရမလဲ…”

ဒီလို အဆိုးမြင်အတွေးတွေက လျှပ်စီးလက်သလို ခေါင်းထဲကို ဝင်ရောက်လာတာနဲ့ တစ်ပြိုင်နက် သားလေးနဲ့ စကားပြောနေရင်း၊ ပြုံးပြနေရင်းနဲ့ပဲ ကျွန်တော့်ရဲ့ ရင်ဘတ်ထဲမှာ လေဟာနယ်ကြီး တစ်ခုလို ဟာလာဟင်းလင်း ဖြစ်သွားတတ်တယ်။ ရင်ထဲမှာ အကြောက်တရားတွေနဲ့ တုန်ရီနေချိန် ကိုယ့်ဆီကို ပြုံးပြီး ပြေးလာတတ်တဲ့ ဖြူစင်တဲ့ မျက်နှာလေးကို ရင်ဆိုင်ရတဲ့အခါ… ငါ့ရဲ့ ဒီမုန်တိုင်းတွေ သူတို့ဆီ ကူးစက်သွားမှာကို ကြောက်တဲ့စိတ်နဲ့ အတင်းကာရော ဟန်ဆောင် ပြုံးပြရတဲ့ အခိုက်အတန့်တွေဟာ အပင်ပန်းဆုံးပါပဲ။ ဒါပေမယ့်… ဒီလို ခံစားနေရတာတွေကို ကျွန်တော် ဘယ်သူ့ကိုမှ ဖွင့်ဟ အကူအညီတောင်းလို့ မရဘူး။ အိမ်သားတွေ စိတ်ပူသွားမှာကို စိုးရိမ်တဲ့အတွက်၊ သားလေးရဲ့ ဖြူစင်တဲ့ ကမ္ဘာလေးထဲကို ကျွန်တော့်ရဲ့ ကြောက်ရွံ့မှုတွေ ကူးစက်သွားမှာကို စိုးရိမ်တဲ့အတွက် အံကြိတ်ပြီး အပြုံးတစ်ခုကို ဖန်တီးထားလိုက်ရတယ်။

Anxiety သမားတစ်ယောက်ရဲ့ အပင်ပန်းဆုံး အလုပ်က ဘာလဲသိလား။ “ ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ ကျန်းမာရေး ကောင်းပါတယ်” လို့ ကိုယ့်ကိုယ်ကိုယ်ရော ပတ်ဝန်းကျင်ကိုပါ လိမ်လည် ဟန်ဆောင်နေရခြင်းပါပဲ။ ရင်ဘတ်ထဲမှာ နှလုံးက ပေါက်ထွက်မတတ် ခုန်နေပြီး အသက်ရှူရတာ ကျပ်လာတဲ့အချိန်၊ ကိုယ့်ကိုယ်ကိုယ် သေတော့မလို ထင်မှတ်ရလောက်အောင် ကြောက်ရွံ့တုန်လှုပ်နေတဲ့ အချိန်မျိုးမှာတောင်မှ ဘေးနားက လူတွေ မရိပ်မိအောင် ပုံမှန်အတိုင်း စကားဆက်ပြောနေရတာ၊ အလုပ်ဆက်လုပ်နေရတာဟာ ဘယ်လောက်တောင် စွမ်းအင်တွေ ကုန်ခမ်းသွားစေသလဲဆိုတာ ကိုယ်တိုင်ကြုံဖူးသူမှသာ သိနိုင်ပါလိမ့်မယ်။

အပြင်ပန်းမှာ တည်ငြိမ်အောင် ဟန်ဆောင်ရတာဟာ ခဲတစ်လုံးကို တစ်နေကုန် မနားတမ်း မထားရသလိုပါပဲ။ အလုပ်ပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးဟာ အရိုးအဆစ်တွေ ပြုတ်ထွက်မတတ် ပင်ပန်းနွမ်းနယ်သွားတတ်ပါတယ်။

သူငယ်ချင်းတွေကတော့ “ မင်းကလည်းကွာ… ဘာမှ မဖြစ်ဘဲနဲ့ စိတ်ချောက်ချား နေတာပါ။ စိတ်ကို လျှော့ထားလေ” လို့ လွယ်လွယ်လေး ပြောတတ်ကြတယ်။ ကျွန်တော်လည်း စိတ်ကို လျှော့ထားချင်တာပေါ့။ ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းချင်တာပေါ့။ ဒါပေမယ့်… အသိဉာဏ်နဲ့ ထိန်းချုပ်လို့ မရလောက်အောင်ကို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေက ပုန်ကန်နေတဲ့အခါ၊ ထိတ်လန့်ခြင်း ဟော်မုန်းတွေက သွေးကြောထဲကို တားဆီးမရဘဲ စီးဝင်နေတဲ့အခါ… ယုတ္တိဗေဒဆိုတာ ဘာအသုံးဝင်တော့မှာလဲ။ “ စိတ်ကို လျှော့လိုက်ပါ” ဆိုတဲ့ စကားဟာ ရေနစ်နေတဲ့သူတစ်ယောက်ကို ဆင်းကယ်ဖို့ မကြိုးစားဘဲ “ အသက်ရအောင် ရှူလိုက်လေ” လို့ ပြောနေသလိုပါပဲ။ တကယ်တော့ ရေနစ်နေတဲ့သူက အသက်မရှူချင်တာ မဟုတ်ပါဘူး။ ရှူဖို့ ကြိုးစားလိုက်တိုင်း ပါးစပ်နဲ့ နှာခေါင်းထဲကို ရေတွေပဲ ဝင်လာလို့ပါ။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ လူအုပ်ကြီးကြားထဲမှာတင် ပိုပြီးအထီးကျန်သွားရပါတယ်။

ဒီစာကို ဖတ်နေတဲ့ သင့်ရဲ့ ပတ်ဝန်းကျင်မှာ ဒီလို ဝေဒနာကို ခံစားနေရသူ ရှိခဲ့ရင်… သူတို့ကို အပြစ်ပြောဖို့ မကြိုးစားလိုက်ပါနဲ့။ သူတို့ဟာ နေ့စဉ်နဲ့အမျှ သင်တို့ မမြင်ရတဲ့ တိုက်ပွဲပေါင်းများစွာကို သူရဲကောင်းတွေလို ကြိတ်မှိတ်ပြီး တိတ်ဆိတ်စွာ တိုက်ပွဲဝင်နေရသူတွေပါ။ သူတို့ အလိုအပ်ဆုံးအရာက အကြံဉာဏ်တွေထက် “ မင်း ဘယ်လောက် ပင်ပန်းနေမလဲဆိုတာ ငါ နားလည်ပါတယ်… ငါ မင်းဘေးမှာ ရှိနေပေးမယ်” ဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ နားလည် လက်ခံပေးမှုလေးသာ ဖြစ်ပါတယ်…..။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here