ဖျားပြီး ကိုယ်ပူကြီးလာပြီဆိုရင် နဖူးပေါ် ရေအေးဝတ်လေး တင်ပေးထားတာ မှန်ပါသလား 🤔
တကယ်တော့ အပူများနေတဲ့အခါ ရေငွေ့ အမြန်ပျံအောင် ချွေးအတုထွက်သယောင် လုပ်ပေးတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ပြန်လည်ညှိပေးတဲ့ လုပ်ငန်းစဥ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နဖူးပေါ်က ရေပတ်၀တ်ထက် ကိုယ်ခန္ဓာမှာ သွေးကြောအကြီးတွေ ဖြတ်စီးဆင်းသွားတဲ့ နေရာတွေမှာ အပူကျအောင် ရေပတ်သုတ်ပေးတာကမှ အမှန်ပါ။
အရေပြားအောက်ကနေ သွေးကြောအကြီးတွေ ဖြတ်ဆင်းသွားတဲ့ နေရာတွေကတော့ လည်ပင်း၊ ဂုတ်၊ ချိုင်းကြားနဲ့ ပေါင်ကြားတို့ဖြစ်ပါတယ်။ ဒါကြောင့် ရေပတ်၀တ်နဲ့ ခဏခဏ သုတ်ပေးတာ၊ ရေချိုးပေးရင်လည်း အထက်ပါနေရာတွေ မကျန်ရအောင် ရေချိုးပေးပါမှ အပူချိန်ကျစေတဲ့ အာနိသင်အမှန်ကို ရရှိမှာဖြစ်ပါတယ်။
ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့နေရာတွေက အပူချိန်ကို အာရုံခံတာ တစ်နေရာနဲ့တစ်နေရာ ကွဲပြားကြပါတယ်။ ဘာလို့ဆိုရင် သူတို့ရဲ့ အာရုံခံဆဲလ်တွေရှိတာ၊ သွေးကြောကြီးတွေရှိတာ၊ ချွေးထွက်များတာ စသဖြင့် အမျိုးမျိုး မတူကြလို့ပါ။
ကဲ… နောက်တစ်ခုက နွေရာသီပူနေတဲ့အချိန်မှာ ပူကပူ၊ မီးကပျက်၊ ခြင်ကကိုက်နဲ့ အိပ်ကောင်းခြင်း အိပ်မပျော် ဖြစ်နေကြတယ်မလား။
ဒါနဲ့ဆက်စပ်ပြီး ပြောရရင်တော့ ကိုယ်ခန္ဓာ အပူချိန်ဟာ သာမန်ထက် (သို့မဟုတ်) ရှိသင့်တာထက် ၁-၂ ဒီဂရီလောက်ပိုနည်းသွားမှ ဦးနှောက်က “ သြော် ငါ့အိပ်ချိန်ရောက်ပြီပဲ၊ နားရတော့မယ်” ဆိုတဲ့ အာရုံအသိတွေကို အချက်ပြ ပို့ဆောင်ပေးပါတယ်။ အိပ်ချင်စိတ်ကိုဖြစ်စေတဲ့ မယ်လတိုနင်ဆိုတဲ့ ဟော်မုန်းကိုလည်း ထွက်ရှိစေပါတယ်။
အပူချိန်ဟာ ပြင်ပမှာ အေးမြနေရင် ကိုယ်တွင်းက လည်ပတ်နေတဲ့ စက်ယန္တရားကိုလည်း ငြိမ်သွားစေပါတယ်။ ကိုယ်တွင်းအပူချိန် ကျဆင်းဖို့ဆိုတာလည်း ပြင်ပက အေးနေမှ ကိုယ်ထဲက အပူတွေဟာ အပြင်ကို စီးဆင်းလို့လွယ်တာပါ။ တကယ်လို့ပြင်ပက တအားအေးနေမယ်ဆိုရင်လည်း (ပုံမှန်ရှိသင့်တာထက် အေးနေရင်) ကြွက်သားတွေ တုန်ခါတဲ့နည်းနဲ့ သဘာ၀အတိုင်း ကိုယ်ခန္ဓာက အပူပြန်ထုတ်ပါတယ်။ အေးလွန်းရင်လည်း အိပ်လို့မကောင်းဘူးပေါ့။
အကောင်းဆုံးကတော့ အဲကွန်းလေးရဲ့အပူချိန်ကို ၂၄°C လောက်မှာထားပြီး အိပ်ပျော်မယ့် အချိန်ကိုမှန်းပြီး timer ပေးထားတာပေါ့။ (ဒါပေမယ့် မီးမှမလာတာလေ)
တကယ်လို့ မိမိအိပ်တဲ့နေရာက ပူနေမယ်။ အပူချိန် ၂၅°C ထက်များနေမယ်ဆိုရင် အိပ်စက်ခြင်းရဲ့အစိတ်အပိုင်းဖြစ်တဲ့ မျက်လုံးများလှုပ်ရှားခြင်းအဆင့် Rapid Eye Movement (REM) sleep ဟာ တိုတောင်းသွားပါတယ်။ ပူလို့ နိုးနိုးလာတာ၊ အိပ်ကောင်းခြင်းမအိပ်ပျော်လို့ လေဖြတ်ရင်ဖြတ်ပါစေဆိုပြီး သမံတလင်းပေါ် ဆင်းအိပ်ရဖူးတာလည်း ကိုယ်တွေ့ပါ။
REM sleep နဲ့ပတ်သက်လို့ပြောရရင်တော့ သူက တစ်ကိုယ်လုံးနားပြီး ဦးနှောက်ကပဲ အလုပ်လုပ်တာပါ။ ခံစားရတဲ့ခံစားချက်တွေ၊ သိမြင်မှုတွေ၊ ဦးနှောက်ရဲ့အမြင့်ဆုံးလုပ်ဆောင်နိုင်စွမ်းတွေကို ပြန်လည်မွမ်းမံတဲ့အချိန်ပါ။ ခံစားချက်တွေကနေ အိပ်မက်တွေအဖြစ် ပုံရိပ်ပြောင်းထုတ်တဲ့အချိန်ပေါ့။
ပြောချင်တာ ပြန်ဆက်ရရင် ပူပူကြီးထဲအိပ်ရရင် REM sleep တိုသွားတဲ့အခါ နေ့ဘက်မှာ စိတ်မငြိမ်တာ၊ စိတ်တိုလွယ်တာ၊ စိတ်က မလန်းဆန်းတာ၊ ဦးနှောက်က မလန်းဆန်းဘဲ မြူထနေသလိုခံစားရတာ၊ အစာစားချင်စိတ်များပြီး မထိန်းနိုင်ဘဲ စားမိတာတွေ ဖြစ်တတ်ပါတယ်။
…
…
ကဲ… (ကြင်စိုးဂန့်မှ အိပ်ကောင်းခြင်းအိပ်နိုင်မယ့်) ကျွန်ုပ်တို့အတွက် လောလောဆယ် အပူဒဏ်ကြောင့် အိပ်မရတဲ့ကိစ္စကို ဘယ်လို အရင်ရှင်းကြမလဲ။
ဖြစ်နိုင်ခြေရှိတဲ့ အကြံပေးချက်လေးတချို့ ပေးလိုပါတယ်။ ဒါပေမယ့် တကယ်ပဲ စိတ်အေးလက်အေး အဲကွန်းနဲ့ မွေ့ရာပေါ်မှာ အိပ်တာလောက်တော့ ဘယ်တူနိုင်ပါ့မလဲနော်။
- ခန္ဓာကိုယ်ရဲ့အပူချိန် အာရုံခံ sensor တွေကို လှည့်စားပါ။
အိပ်ခါနီး လက်၊ ခြေ ဆေးပါ။ ရေပတ်သုတ်ပါ။ အေးမြတဲ့ရေနဲ့ ခြေဖ၀ါးတွေကိုဆေးရင် ကိုယ်တွင်းအပူချိန်ကို တစ်နည်းကျဆင်းစေပါတယ်။ ခြေဖ၀ါးက အပူတွေ မြန်မြန်အငွေ့ပျံသွားလို့ပါ။
ရေပတ်၀တ်လေးနဲ့ လက်ကောက်၀တ်၊ လည်ပင်း၊ ဂုတ်၊ နားထင်၊ ဒူးခေါက်ကွေး၊ ဒူးဆစ်အတွင်း၊ တံတောင်ဆစ်အတွင်းပိုင်းတို့ကို အေးမြအောင်လုပ်ခြင်းဖြင့် အပြင်မှာ အေးမြနေပြီလို့ ဦးနှောက်ကို သတင်းပေးပို့နိုင်ပါတယ် (ဂျင်းပါးပါးလေးပေါ့)။
- ရေအေးအေးမြမြလေး သောက်အိပ်ပါ။
အာခြောက်နေရင် အိပ်ပျော်ဖို့ ကသိကအောက်ဖြစ်ပါတယ်။ အိပ်တဲ့အခါ အနားမှာ ရေဘူးထားအိပ်ပါ။ ပူလို့ နိုးလာရင်တောင် ရေပတ်၀တ်လေးအုပ်တာ၊ ရေပြန်သောက်အိပ်တာ လုပ်နိုင်ပါတယ်။ - အေးမြတဲ့ အဝတ်အစားလေးတွေ ၀တ်အိပ်ပါ။ ခြင်ထောင်ထောင်ပြီး လေ၀င်လေထွက်ကောင်းနိုင်တဲ့နေရာမျိုးကို အိပ်ဖို့ ရွေးချယ်ပါ။ သင်ဖြူးဖျာလို လေ၀င်လေထွက်ကောင်းတာမျိုးလေးနဲ့ ခံအိပ်ပါ။ ပြတင်းပေါက်တို့ တံခါးပေါက်တို့မှာ အညာက ချည်စောင်ကြီးတွေ ရေစွတ်ပြီးလှန်းထားရင်လည်း အခန်းအပူချိန်ကို တစ်နည်းတစ်ဖုံ ကျစေနိုင်ပါတယ်။
…
…
ဆောင်းပါးနဲ့မဆိုင်ပေမယ့် တစ်လက်စတည်း ချစ်လို့ စိုးရိမ်သတိလေး ပေးပါရစေနော်။
မီးပျက်တဲ့အထဲ အိပ်ရပေမယ့် မီးပလပ်ကိုဖွင့်ထားမိရင် အိပ်ပျော်နေချိန် မီးရေးထင်းရေးတွေ ဖြစ်နိုင်လို့ သေချာစစ်ဆေးပြီးမှ အိပ်ရာ၀င်ပါနော်။ တိုက်ခန်းထဲနေသူအဖို့တော့ မလွယ်ကြောပါ။ အားသွင်းပန်ကာလိုမျိုးလေးတွေ အခြားဖြစ်နိုင်ခြေရှိတာလေးတွေ လုပ်ပါလေ။ အပူဒဏ်ကြားထဲ သွေးတိုးနဲ့ ဆီးချိုတွေကိုလည်း ထိန်းကြပါဦးနော်။
အပူဒဏ်ကို အန်တုနိုင်ကြပါစေ….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

