ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း – ၁)

(၁) ဆေးခြောက်ဆိုတာ ဘာလဲ။

လောကကြီးမှာ လူတချို့က နာမည်ကောင်းနဲ့ သမိုင်းတွင်သလို တချို့ကျတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြားတတ်ကြပါတယ်။ ပစ္စည်းတွေ၊ အပင်တွေမှာလည်း ဒီသဘောတရား ရှိတာပါပဲ။ အခုပြောပြမယ့် အကြောင်းအရာကတော့ နာမည်ဆိုးရော၊ နာမည်ကောင်းပါ ရထားတဲ့ အပင်တစ်ပင်အကြောင်း ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ ‘ဆေးခြောက်’ ပေါ့ဗျာ။ အင်္ဂလိပ်လိုကတော့ မာရီဝါးနား (Marijuana)၊ ကင်နားဘစ် (Cannabis)၊ ဝိ (Weed)၊ ပေါ့တ် (Pot) စသဖြင့် စသဖြင့် နာမည်မျိုးစုံနဲ့ ခေါ်ကြပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ Cannabis လို့ခေါ်တဲ့ အပင်ရဲ့ ပန်းပွင့်၊ အရွက်၊ ရိုးတံနဲ့ အစေ့တွေကို အခြောက်လှန်းထားတဲ့ အရာကို ဆေးခြောက်လို့ ခေါ်တာပါပဲ။

ဒီအပင်က မနေ့တစ်နေ့ကမှ ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက ဘာသာရေးအရ တရားအားထုတ်တဲ့ နေရာတွေမှာပဲ ဖြစ်ဖြစ်၊ ရိုးရာ ဆေးဝါးအဖြစ်ပဲ ဖြစ်ဖြစ်၊ အပျော်အပါးသက်သက်အတွက်ပဲ ဖြစ်ဖြစ် သုံးလာခဲ့ကြတာ ဒီနေ့ထက်ထိပါပဲ။ ဒါပေမယ့် ခေတ်တွေ ပြောင်းလာတာနဲ့အမျှ သူ့ကို ရှုမြင်သုံးသပ်ပုံတွေကလည်း ပြောင်းလဲလာပါတယ်။ အရင်ကတော့ လူဆိုးဂိုဏ်းတွေ၊ မူးယစ်ဆေးသမားတွေပဲ သုံးတဲ့အရာလို့ သတ်မှတ်ခဲ့ကြပေမယ့် ဒီဘက်ခေတ် သိပ္ပံပညာနဲ့ ဆေးပညာတွေ တိုးတက်လာတဲ့အခါမှာတော့ ဒီအပင်ထဲမှာပါတဲ့ ဓာတ်ပေါင်းတွေရဲ့ အံ့မခန်း အစွမ်းသတ္တိတွေကို စတင်တွေ့ရှိလာကြပါပြီ။

(၂) ဆေးခြောက်ထဲက ဇာတ်လိုက်ကျော် နှစ်ကောင်။

ဒီ Cannabis အပင်ကြီးထဲမှာ ဓာတ်ပေါင်းပေါင်း ၅၀၀ ကျော်လောက် ရှိပါတယ်။ ဒါပေမယ့် အဲဒီအထဲကမှ ဆရာကြီးကျတဲ့ ပွဲတိုင်းကျော် ဇာတ်လိုက်နှစ်ကောင် ရှိပါတယ်။ အဲဒါကတော့ THC နဲ့ CBD ပါပဲ။ သူတို့နှစ်ကောင်က ခန္ဓာကိုယ်ထဲကို ဝင်သွားရင် ဘယ်လိုတွေ အလုပ်လုပ်သလဲဆိုတာ သေသေချာချာ သိဖို့ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ရှိနှင့်ပြီးသားဖြစ်တဲ့ အလွန်နက်နဲလှတဲ့ စနစ်ကြီးတစ်ခု အကြောင်းကို အရင်နားလည်ဖို့ လိုပါတယ်။ အဲဒီစနစ်ကို ဆေးပညာအရ Endocannabinoid System (ECS) လို့ ခေါ်ပါတယ်။

ဒီ ECS စနစ်ကြီးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ မျှတနေအောင် ထိန်းကျောင်းပေးတဲ့ နေရာမှာ အဓိက အလုပ်လုပ်ပါတယ်။ ဥပမာ – အိပ်စက်ခြင်း၊ စိတ်ခံစားမှု၊ အစာစားချင်စိတ်၊ မှတ်ဉာဏ်၊ မျိုးပွားခြင်းနဲ့ နာကျင်မှုတွေကို သိရှိခံစားရခြင်း စတာတွေကို ထိန်းညှိပေးတာပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း သဘာဝအလျောက် Endocannabinoids လို့ခေါ်တဲ့ ဓာတ်တွေကို ထုတ်လုပ်ပေးပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ Anandamide လို့ခေါ်တဲ့ “Bliss Molecule” (ပျော်ရွှင်ချမ်းမြေ့စေတဲ့ မော်လီကျူး) ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကြီး ချောချောမွေ့မွေ့ လည်ပတ်နေမှ ကျွန်တော်တို့လည်း ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် နေနိုင်တာကိုး။

ကဲ… ဒီတော့ ဆေးခြောက်ထဲက ဇာတ်လိုက်ကြီး THC (Tetrahydrocannabinol) အကြောင်း အရင်ပြောရအောင်။

ဒီကောင်က လူကို “ဟိုင်း” စေတဲ့ အဓိကတရားခံဗျ။ သူ့ရဲ့ဓာတုဖွဲ့စည်းပုံက ခုနကပြောခဲ့တဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်တဲ့ Anandamide နဲ့ သွားပြီး ခပ်ဆင်ဆင် တူနေတယ်။ တူရုံတင် မကဘူး၊ ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်။

  • ဦးနှောက်ရဲ့ ဆုပေးတဲ့စနစ်

THC က ဦးနှောက်ကို သွားပြီးဆွပေးလိုက်တဲ့အခါ ဒိုပါမင်းဆိုတဲ့ ပျော်ရွှင်မှုဟော်မုန်းတွေ အလုံးအရင်းနဲ့ ထွက်လာပါတော့တယ်။ ဒါကြောင့် ဆေးခြောက်သုံးလိုက်ရင် လူက လွင့်နေသလို၊ အလွန်အမင်း ပျော်ရွှင်နေသလို၊ သာယာနေသလို ခံစားရတာပါ။

  • မှတ်ဉာဏ်ထိန်းချုပ်ရာနေရာ

ဒီနေရာက အသစ်အသစ်သော မှတ်ဉာဏ်တွေကို သိမ်းဆည်းပေးတဲ့ နေရာပါ။ THC က ဒီနေရာကို သွားနှောင့်ယှက်လိုက်တော့ ကာလတိုမှတ်ဉာဏ်တွေ ပျောက်ကုန်ရော။ စကားပြောနေရင်း တစ်ဝက်လောက်မှာ “ငါ ခုနက ဘာပြောလိုက်တာလဲ” ဆိုပြီး မေ့သွားတာမျိုးတွေ ဖြစ်လာတတ်တယ်။

  • လှုပ်ရှားမှု ထိန်းချုပ်ရနေရာ

ဒီနေရာတွေက လူရဲ့ ဟန်ချက်ညီမှု၊ ကိုယ်ဟန်အနေအထားနဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးတာပါ။ ဒီနေရာတွေကို သွားထိလိုက်တဲ့အခါ လူက ယိုင်တိယိုင်တိုင် ဖြစ်လာမယ်။ လှုပ်ရှားမှုတွေ နှေးကွေးသွားမယ်။ ဒါကြောင့် ဆေးခြောက်သုံးပြီး ကားမောင်းတာ၊ စက်ပစ္စည်းတွေ ကိုင်တွယ်တာက အင်မတန် အန္တရာယ်များပါတယ်။

  • စိတ်ခံစားမှု ထိန်းချုပ်ရနေရာ

ဒီနေရာက ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို စီမံတဲ့ နေရာပါ။ ပမာဏ နည်းနည်းလောက်ဆိုရင်တော့ စိတ်ကို တည်ငြိမ်စေပေမယ့် ဆေးပြင်းသွားရင် သို့မဟုတ် အများကြီးသုံးမိရင်တော့ ဒီနေရာကို အလွန်အကျွံ လှုံ့ဆော်သလို ဖြစ်သွားပြီး ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့တာ (Panic attacks) တွေ၊ ယုံမှားသံသယ လွန်ကဲတာတွေ ဖြစ်လာတတ်ပါတယ်။ အချို့ဆို ကိုယ့်ကိုလူသတ်သမား လိုက်နေသလိုလို ဘာလိုလိုနဲ့ ကြောက်လန့်နေတတ်ကြတယ်။

နောက် ဇာတ်လိုက်တစ်ကောင်ကတော့ CBD (Cannabidiol) ပါ။

သူကတော့ THC နဲ့ လုံးဝ ပြောင်းပြန်ဗျ။ လူကိုလည်း မမူးယစ်စေဘူး၊ ဦးနှောက်ကိုလည်း တိုက်ရိုက် သွားမချိတ်ဘူး။ သူက သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ အလုပ်လုပ်တာဗျ။

  • သဘာဝ ဓာတ်တွေကို မြှင့်တင်ပေးခြင်း

စောစောက ပြောခဲ့တဲ့ Anandamide (ပျော်ရွှင်စေတဲ့ ဓာတ်) ကို ခန္ဓာကိုယ်ထဲမှာ ပိုပြီးကြာကြာ နေနိုင်သွားစေပါတယ်။ အဲဒီအကျိုးဆက်ကြောင့် သဘာဝအတိုင်း စိတ်ကို ပျော်ရွှင်စေတယ်၊ နာကျင်မှုတွေကို အချိန်အကြာကြီး သက်သာနေစေတယ်။

  • တခြားသော စနစ်များနဲ့ ချိတ်ဆက်ခြင်း

CBD က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Serotonin Receptors တွေကို တိုက်ရိုက် လှုံ့ဆော်ပေးတဲ့အတွက် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါတွေကို သိသိသာသာ သက်သာစေပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ ဘရိတ်လို့ တင်စားရမယ့် GABA ကိုလည်း အားဖြည့်ပေးလို့ အာရုံကြောတွေကို ငြိမ်ကျစေပြီး အိပ်ပျော်စေပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်တဲ့ TRPV1 Receptors တွေကိုလည်း သွားချိတ်ဆက်ပြီး နာကျင်မှုကို လျှော့ချပေးပါတယ်။
.

ဒီကောင်နှစ်ကောင်ကို ဥပမာပေးရရင် အသံချဲ့စက်တစ်ခုမှာ THC က လူဆိုးလိုပဲ။ အသံတွေရော၊ ဘေ့စ် (Bass) တွေရော အကုန်လုံးကို အဆုံးထိ တင်ပစ်လိုက်တဲ့ကောင်။ ချက်ချင်း ခံစားရတယ်။ အရှိန်ပြင်းတယ်။ တစ်ခါတလေ နားကွဲမတတ် ဆူညံသွားတယ်။ CBD ကတော့ ကျွမ်းကျင်တဲ့ အသံဖမ်းသမား တစ်ယောက်လိုပဲ။ လိုအပ်တဲ့ နေရာလေးတွေကို နည်းနည်းချင်း လိုက်ညှိပေးတယ်။ နောက်ခံက ဆူညံသံတွေကို ဖျောက်ပေးတယ်။ အသံထွက်ကို အကောင်းဆုံးနဲ့ အငြိမ့်ညောင်းဆုံး ဖြစ်အောင် ချိန်ညှိပေးတယ်။ သူက စိတ်ကို မပြောင်းလဲစေဘဲ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို ပြန်လည်တည်ဆောက်ပေးတာပါ။

(၃) ကုသမှုနယ်ပယ်တွင် အသုံးပြုမှု

ဒီလို အံ့မခန်းအစွမ်းသတ္တိတွေ ရှိတဲ့အတွက် ဆေးလောကမှာ Medical Marijuana (ဆေးဖက်ဝင် ဆေးခြောက်) ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ အပျော်သုံးတာ မဟုတ်ဘဲ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ဆေးဝါးအဖြစ် သုံးတာပါ။ အထူးသဖြင့် THC နဲ့ CBD ရဲ့အချိုးအစားကို သေချာ ချိန်ဆပြီး ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။

  • နာတာရှည် နာကျင်မှုများ

ဒါကတော့ ဆေးခြောက်ကို အများဆုံးသုံးတဲ့ နေရာပါ။ အထူးသဖြင့် သာမန် အကိုက်အခဲပျောက်ဆေးတွေ၊ ဘိန်းပါတဲ့ ဆေးပြင်းတွေနဲ့တောင် မတိုးတော့တဲ့ အာရုံကြောနာကျင်မှုတွေမှာ အလွန်အသုံးတည့်ပါတယ်။ အရိုးအဆစ် ရောင်ရမ်းနာ (Rheumatoid arthritis) နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ (Fibromyalgia) ရောဂါတွေမှာလည်း သိသိသာသာ သက်သာစေပါတယ်။

  • ပျို့အန်ခြင်းကို သက်သာစေခြင်း

ကင်ဆာရောဂါအတွက် ကင်ဆာဆေးသွင်းရတဲ့အခါ လူနာတွေက အလွန်အမင်း ပျို့အန်တတ်ပါတယ်။ သာမန် ပျို့အန်ပျောက်ဆေးတွေ သုံးလို့မရတဲ့အခါ ဆေးခြောက်နဲ့တူတဲ့ Synthetic THC (တုပပြုလုပ်ထားသော THC) ဆေးဝါးတွေကို FDA က တရားဝင် ခွင့်ပြုပြီး သုံးစွဲနေကြပါတယ်။

  • အတက်ရောဂါနှင့် ဝက်ရူးပြန်ရောဂါ

ဆေးခြောက်သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အလွန် ဆိုးရွားပြီး ကုသရခက်တဲ့ အတက်ရောဂါတွေကို ကုသနိုင်ခဲ့တာပါပဲ။

  • ကြွက်သား တောင့်တင်းခြင်း (Multiple Sclerosis)

MS ရောဂါသည်တွေဟာ ကြွက်သားတွေ အကြောဆွဲတာ၊ တောင့်တင်းတာ၊ နာကျင်တာတွေကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ THC နဲ့ CBD အချိုးမျှတစွာပါဝင်တဲ့ ဆေးဝါးတွေက ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

  • အစာစားချင်စိတ် ပျောက်ဆုံးခြင်း

THC က ဦးနှောက်ထဲက အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့နေရာကို တိုက်ရိုက် လှုံ့ဆော်ပေးတဲ့အတွက် ဗိုက်ပြည့်နေရင်တောင်မှ အစားအသောက်တွေရဲ့ အနံ့အရသာကို ပိုခံစားရစေပြီး “အငမ်းမရ” စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

  • ရေတိမ်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါများ

ဆေးခြောက်က မျက်လုံးတွင်းဖိအားကို ခေတ္တခဏ ကျဆင်းစေနိုင်လို့ ရေတိမ်ရောဂါအတွက် သုံးကြပေမယ့် ဆေးအာနိသင်က နာရီပိုင်းလောက်ပဲ ခံတာမို့ တစ်နေကုန် ဆေးသုံးနေရမယ့် ပြဿနာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ စိတ်ဒဏ်ရာရလွန်ရောဂါ (PTSD) နဲ့ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေမှာ သုံးကြပါတယ်။
.

ဒီနေရာမှာ နောက်ဆုံး သိထားရမှာက ဆေးဖက်ဝင် အနေနဲ့ သုံးတဲ့အခါ ဆေးလိပ်သောက်သလို မီးရှို့ပြီး ဖွာတာမျိုး သိပ်မလုပ်ကြပါဘူး။ မီးခိုးငွေ့မှာ ပါတဲ့ ဆိုးကျိုးတွေက အဆုတ်ကို ဒုက္ခပေးနိုင်လို့ပါ။ အဲဒီအစား ဆေးပမာဏကို တိတိကျကျ တွက်ချက်လို့ရတဲ့ လျှာအောက်အစက်ချရတဲ့ ဆေးရည်တွေ၊ သောက်ဆေးတောင့်တွေ၊ အစားအသောက်ထဲ ထည့်ထားတာတွေ၊ အရေပြားပေါ် လိမ်းရတဲ့ ဆေးဆီတွေအနေနဲ့သာ စနစ်တကျ အသုံးပြုကြတာ ဖြစ်ပါတယ်ခင်ဗျာ….။

(အပိုင်း – ၂ မှာတော့ ရေတိုဆိုးကျိုးများ၊ ရေရှည်ဆိုးကျိုးများနဲ့ စွဲလမ်းခြင်းများအကြောင်းတွေကို ဆက်လက် တင်ဆက်ပေးပါမယ်)

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here