သားအိမ်ကျွံခြင်း သို့ သားအိမ်ကျခြင်းအကြောင်း Uterine Prolapse (February, 2023)

သားအိမ်ကျွံခြင်း သို့ သားအိမ်ကျခြင်း အကြောင်း သိကောင်းစရာများ (Uterine Prolapse)

“သားအိမ်” ဆိုတာ ရာသီဓမ္မတာလာတာ၊ ကိုယ်ဝန်ဆောင်တာ၊ ရင်သွေးလေးကိုမွေးဖွားတာ စတဲ့ အမျိုးသမီးတွေရဲ့ ဇီဝကမ္မဖြစ်စဥ်တွေအတွက် အင်မတန် အရေးပါလှတဲ့ ‘မ’မျိုးပွားအင်္ဂါတစ်ခုဖြစ်ပါတယ်။ ဟိုအရင်ချိန်ကဆိုရင် လူမည်းအမျိုးသမီး (Black women) တွေဟာ သားအိမ်ကို မိန်းမသားဘဝရဲ့ တန်ဖိုးထားစရာ သင်္ကေတတစ်ရပ်အဖြစ်တောင် စွဲမှတ်ယူကြတယ်လို့ ဆိုပါတယ်။

သားအိမ်နဲ့ ပတ်သက်ပြီး အမျိုးသမီးရောဂါအများအပြားဖြစ်နိုင်တဲ့အထဲက အဖြစ်အများဆုံး တစ်ခုကတော့ “သားအိမ်ကျွံတာ” ဖြစ်ပါတယ်။

သားအိမ် (Uterus) ဟာ အမျိုးသမီးတွေရဲ့ တင်ပဆုံအရိုးကွင်း အတွင်းထဲမှာ ရှိပြီး ကြွက်သားတွေ၊ အရွတ်တွေ၊တစ်ရှူးတွေက သားအိမ်ကို နေရာတကျ ဖြစ်နေအောင် ထိန်းပေးထားရပါတယ်။ ဒီလို သားအိမ်ကို မြဲမြံအောင် ထိန်းထားပေးတဲ့ ကြွက်သား၊ အရွတ်၊ တစ်ရှူးတွေ အားနည်း လျော့ရဲလာတဲ့အခါ သားအိမ်ကျွံခြင်း (Uterine prolapse) ပြဿနာဖြစ်လာရပါတယ်။

???? သားအိမ်ကျွံစေတဲ့ (သားအိမ်ထိန်းကြွက်သားတွေ အားနည်းလျော့ရဲစေတဲ့) အကြောင်းတရားများ

???? ကိုယ်ဝန်ဆောင်ချိန် တဖြည်းဖြည်း ကြီးထွားလာတဲ့ သန္ဓေသားနဲ့အတူ သားအိမ်ကပါ လိုက်ပါကြီးထွားပေးရတဲ့အတွက် သားအိမ်ကျွံနိုင်ပါတယ်။ အထူးသဖြင့် ကလေးတအားထွားသော ကိုယ်၀န် (big baby) မွေးဖူးသော မေမေများ…

????ရိုးရိုးသဘာ၀နည်းနဲ့မီးဖွားရာမှာ မိန်းမကိုယ်ကနေ အားသုံးညှစ် ကလေးမွေးရတဲ့အခါ (ဒါမှမဟုတ်) ခက်ခက်ခဲခဲမီးဖွားရတဲ့အခါ သားအိမ်ကျွံ၊ သားအိမ်ကျနိုင်ပါတယ်။

????သဘာဝအားဖြင့် အသက်ကြီးလာတဲ့အခါ၊ သွေးဆုံးပြီးချိန် မဟော်မုန်း (Estrogen) မထုတ်နိုင်တော့တဲ့အခါတွေမှာ သားအိမ်ထိန်းကြွက်သားတွေ၊ တစ်ရှူးတွေ အားနည်းလျော့ရဲလာလို့ သားအိမ်ကျလွယ်လာတတ်ပါတယ်။

???? သားအိမ်အပေါ် ဖိအားသက်ရောက်စေမယ့် အခြေအနေတွေဟာ သားအိမ်ကျွံဖို့ အားပေးပါတယ် (အဝလွန်တာ၊ သားအိမ်နားတဝိုက်တည်သော အလုံးအကျိတ်တွေ ဖိမိတာ၊ ပန်းနာရင်ကြပ်၊ တီဘီနဲ့ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကြောင့် ချောင်းမပြတ်ဆိုးနေရတဲ့အခါ၊ ဝမ်းချုပ်လို့ အားသုံးညှစ်ရတဲ့အခါ)

????သားအိမ်နှင့် သားအိမ်တဝိုက် ပြုလုပ်ရတဲ့ ခွဲစိတ်မှုတွေကြောင့်လည်း နောက်ဆက်တွဲ သားအိမ်ကျွံနိုင်ပါသေးတယ်

????ဆေးလိပ်သောက်တာကလည်း သားအိမ်ကျွံစေတဲ့ အကြောင်းတရားတွေထဲ ထူးထူးခြားခြား ပါဝင်နေပါတယ်။

???? ကိုယ့်မိသားစုထဲ အဘွား၊ အမေ၊ အဒေါ်တွေမှာသားအိမ်ကျွံဖူးရင် ကိုယ့်မှာလည်း မျိုးရိုးလိုက်ဖြစ်ပွားနိုင်​ချေများတယ်။

???? မကြာခဏ အလေးအပင်မခြင်း ကလည်း သားအိမ်ကျစေနိုင်ပါတယ်။

*** အာရှသူတွေမှာ သားအိမ်ကျွံတာ/သားအိမ်ကျတာကအဖြစ်များတယ် လို့ လေ့လာမှု စာတမ်းတွေအရ သိရှိရပါတယ်။***
.

*****

❗️သားအိမ်ကျခြင်း အဆင့်လေးဆင့်

???? သားအိမ်ခေါင်းက မိန်းမကိုယ်ထဲကျရုံကျတဲ့အခါ အဆင့် (၁) သားအိမ်ကျခြင်း

???? သားအိမ်ခေါင်းက မိန်းမကိုယ်အဝင်ဝထိတိုင်ကျရင် အဆင့် (၂) သားအိမ်ကျခြင်း

???? သားအိမ်ခေါင်းက မိန်းမကိုယ်အပြင်ဘက်ကို ကျွံထွက်ကျနေပြီဆိုရင်တော့ အဆင့် (၃) သားအိမ်ကျခြင်း

???? သားအိမ်ကြီးတစ်ခုလုံး မိန်းမကိုယ်အပြင်ဘက်ကို လုံးလုံးထွက်ကျနေပြီဆိုတော့ နောက်ဆုံးအဆင့် သားအိမ်ကျခြင်း အဆင့် (၄) …. လို့ မှတ်သားနိုင်ပါတယ်။
.

*****

???? သားအိမ်ကျွံခြင်းလက္ခဏာတွေကတော့..

???? သားအိမ်နဲ့ တင်ပဆုံအတွင်းတစ်ဝိုက် ပြည့်တင်းတဲ့ခံစားချက်ရတာ

???? ခါးအောက်ပိုင်းနာကျင်တာ

???? မိန်းမကိုယ်အဝကနေ တစ်ခုခုကျတဲ့ ခံစားချက်မျိုးရတာ

???? လိင်ဆက်ဆံတဲ့အခါနာကျင်တာ

???? ဆီးသွားရခက်၊ ဝမ်းသွားရခက်၊ လမ်းလျှောက်ရခက် မသက်မသာဖြစ်တာ….. စတဲ့ လက္ခဏာရပ်တွေဖြစ်ပေါ်လာပါမယ်။

???? အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ သားအိမ်ရဲ့အရှေ့မှာ ဆီးအိမ်၊ သားအိမ်ရဲ့အနောက်မှာ အစာဟောင်းအိမ်၊ သားအိမ်ရဲ့အပေါ်ဘက်မှာ အူတွေရှိတယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။
ဒါ့ကြောင့် သားအိမ်ကျွံတဲ့အခါ အနီးအနားက ဆီးအိမ်၊ အူ နဲ့ အစာဟောင်းအိမ်ပါ ကျွံကျနိုင်ပါတယ်။

???? ဆီးအိမ်ကျွံတဲ့အခါ ဆီးခဏခဏသွားချင်တာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးသွားမရတာ၊ ဆီးထွက်ကျတာတွေ
???? အူကျွံတဲ့အခါ မတ်တပ်ရပ်ရင် ဆွဲဆုတ်ထားသလိုခံစားရတာ၊ ခါးတစ်လျှောက်နာကျင်တာ
???? အစာဟောင်းအိမ်ကျွံတဲ့အခါ ဝမ်းသွားရခက်တာ….. စတဲ့ လက္ခဏာရပ်တွေပါ တွဲပြီး ခံစားရတတ်ပါတယ်။

???? သိထားသင့်တဲ့ သားအိမ်ကျွံခြင်းရဲ့ အရေးပေါ်လက္ခဏာရပ်တွေကတော့…

▪️မိန်းမကိုယ်အဝထိ သားအိမ်ကျတဲ့အခါ ဒါမှမဟုတ် မိန်းမကိုယ်ကနေ တစ်ခုခုကျသလို ခံစားချက်ရတဲ့အခါ
▪️ ဆီးမထိန်းနိုင်၊ ဝမ်းမထိန်းနိုင်ဖြစ်တဲ့အခါ
▪️ခါးအောက်ပိုင်း အဆက်မပြတ်နာကျင်တဲ့အခါတွေမှာ …..
သားအိမ်ကျွံခြင်း နောက်ပိုင်းအဆင့်တွေ ဖြစ်နေနိုင်လို့ ဆရာဝန်နဲ့ စောစီးစွာ ဆွေးနွေးပြသပြီး ကုသမှုခံယူပါ။

*****

???? သားအိမ်ကျွံတာဘယ်လိုကုသကြမလဲ ❓

❇️ လေ့ကျင့်ခန်းလုပ်ပြီး ကုသနည်း

သိပ်မဆိုးသေးတဲ့ အစောပိုင်း သားအိမ်ကျခြင်းအဆင့်တွေမှာ လျော့ရဲနေတဲ့ သားအိမ်ကြွက်သားတွေကို သန်စွမ်းလာအောင် လုပ်တဲ့လေ့ကျင့်ခန်း (Kegel exercise) ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်နည်းကတော့….

ဆီးသွားတဲ့အချိန် ဆီးစပေါက်ပြီးနောက် ခဏအောင့်ထားကြည့်တဲ့အခါ အသုံးပြု ညှစ်ရတဲ့ ထိန်းချုပ်ကြွက်သားတွေဟာ သားအိမ်ထိန်းကြွက်သားတွေပဲဖြစ်ပါတယ်။ ကိုယ်အာရုံထား ညှစ်ရမယ့် သားအိမ်ထိန်းကြွက်သားကို သေချာသိပြီဆိုရင် (Kegel exercise) စလုပ်နိုင်ပါပြီ။

ပက်လက်အနေအထားဖြင့် အသက်ကိုပုံမှန် ရှုသွင်းရှုထုတ်လုပ်ပါ။ သားအိမ်ထိန်းကြွက်သားတွေကို (၃) စက္ကန့်လောက် သတိကပ် ညှစ်ပေးပြီး ထိန်းထားပေးပါ။ ထို့နောက် (၃) စက္ကန့်လောက်ဖြေလျော့ပေးပါ။ တစ်ခါလုပ်ရင် (၁၀-၁၅) ကြိမ်ထိ တစ်နေ့ သုံးကြိမ်ပြုလုပ်ပေးလို့ရပါတယ်။
ကျွမ်းကျင်သွားရင် အနေအထားမျိုးစုံနဲ့လုပ်နိုင်ပါတယ်။

❇️ ခွဲစိတ်ပြီး ကုသနည်း

သားအိမ်ကျွံတာကို ခွဲစိတ်ပြီး ကုသနိုင်တယ်။

▪️ ကလေးယူမယ်ဆိုရင် သားအိမ်ကို မထုတ်ပစ်ဘဲ လျော့ရဲနေတဲ့ကြွက်သားတွေကို ပြုပြင်ခွဲစိတ်မှုလုပ်နိုင်ပါတယ်။
▪️ကလေးယူဖို့မရှိတော့ရင် (ဒါမှမဟုတ်) အသက်အားဖြင့်လည်းကြီးပြီဆိုရင်တော့ သားအိမ်ပါထုတ်လိုက်တဲ့ ခွဲစိတ်မှုတွေ ပြုလုပ်နိုင်ပါတယ်။

❇️ အခြားကုသနည်းများ

ဆရာဝန်ညွှန်ကြားချက်နဲ့ ဟော်မုန်းလိမ်းဆေး (Estrogen Cream) တွေ၊ သားအိမ်ကျွံတာကို ကုသတဲ့ သားအိမ်ထိန်း ကိရိယာ (Ring Pessary) အမျိုးမျိုး နဲ့ သားအိမ်ကျတာကို ကုသနိုင်ပါတယ်။
.

*****

???? သားအိမ်ကျွံခြင်းမဖြစ်ရလေအောင်

❗ ကိုယ်အလေးချိန်ထိန်းပါ

❗အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေစားသုံးပြီး ဝမ်းချုပ်မခံပါနဲ့

❗ အလေးအပင်မတာရှောင်ပါ

❗ သားအိမ်ထိန်းကြွက်သားတွေသန်မာအောင် လေ့ကျင့်ခန်း ( Kegel exercise) ပြုလုပ်ပါ

******

????သားအိမ်ကျွံတဲ့ရောဂါဟာ အမျိုးသမီးတွေရဲ့ သားအိမ်ရောဂါတွေထဲမှာမှ အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်တာမို့ သိလျှင်သိချင်း ဆရာဝန်နဲ့ စောစီးစွာတိုင်ပင်ပြီး ကုသမှုခံယူဖို့ တိုက်တွန်းအကြံပြုပါရစေ…. ????

*****

Reference
https:// www. mayoclinic .org/diseases-conditions/uterine-prolapse/symptoms-causes/syc-20353458

Ministry of Health,

National Unity Government.

Published on: 1 February 2023
Last Updated: 1 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မျိုးရိုးလိုက်သော ဆီးချို

"မျိုးရိုးလိုက်သော ဆီးချို" (လူနာသည် ဆေးစစ်ချက် အဖြေစာရွက်ကို ကိုင်ကာ မျက်နှာမကောင်းစွာဖြင့် ဆရာဝန်ရှေ့သို့ ရောက်လာသည်) ဆရာဝန်။ ကိုဘမောင်… ခင်ဗျားရဲ့ သွေးစစ်တဲ့ အဖြေတွေထဲမှာ ဆီးချိုတွေက အတော်လေးကို တက်နေတာဗျ။ သတိထားမှ ရတော့မယ့် အနေအထားပဲ။ လူနာ။ ဟုတ်ကဲ့ ဆရာ။ ထင်တယ်။ ကျွန်တော်လည်း တစ်နေ့နေ့မှာ ဆီးချို...

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်ကို ပြုစုစောင့်ရှောက်သူများအတွက် အမှာစကား

ဒီအခန်းဆက် ဆောင်းပါးလေးမှာ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လူနာကိုလည်း ပြုစုရင်း မိမိကိုယ်ကိုယ်လည်း ပြန်လည်ရှာဖွေခြင်းလို့ အမည်ပေးထားပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်တစ်ဦးကို အိမ်မှာ အနီးကပ်ပြုစုရတဲ့ မိသားစုဝင်တွေဟာ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံးနဲ့ အနစ်နာအခံရဆုံးသူလေးတွေ ဖြစ်ကြပါတယ်။ လူနာရဲ့ စိတ်နေစိတ်ထား ပြောင်းလဲတာတွေ၊ ညဘက် မအိပ်တာတွေကို...

ခန္ဓာကိုယ်တွင်း ဇီဝနာရီ Circadian Rhythm

ဘာလို့ ညဘက်ဆို အလိုလို မျက်စိမှိတ်ချင်လာပြီး မနက်ခင်းဆို အချက်ပေးစက် မမြည်ခင်ကတည်းက အလိုလို နိုးလာတတ်တာလဲ။ ဒါက ကံတိုက်ဆိုင်တာ မဟုတ်သလို အလေ့အကျင့်သက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီပတ်လုံး တိတိကျကျ လည်ပတ်နေတဲ့ သဘာဝ "ဇီဝနာရီ" တစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။...

အယူအဆလွဲများ (၄၀)

❌ အယူအဆလွဲ >>> ထိခိုက်ဒဏ်ရာ၊ အနာ ဒါမဟုတ် ခွဲစိတ်ထားမှုတစ်ခုခု ရှိနေချိန်မှာ ကြက်ဥစားလိုက်ရင် အနာပြည်တည်တတ်တယ်၊ ပုပ်လွယ်တယ်၊ အမာရွတ် ကျန်ခဲ့မယ်။ ☑️ အမှန် >>> ကြက်ဥဟာ အနာကျက်မြန်စေတဲ့ ပရိုတင်း (Protein) နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အနာရှိချိန်မှာ...