မီနူး

မျက်စိနီခြင်း “ Red Eyes” (April 2023)

“ အဖြစ်များသော မျက်စိနီခြင်း (Red eyes)”

တစ်ခါတလေ မျက်စိနီပြီး ရောင်တာ၊ စပ်တာတွေကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒီလိုဖြစ်တဲ့အခါ အများစုက သူ့အလိုလိုသက်သာသွားတတ်ကြပေမယ့် အချို့ကတော့ ဆိုးဝါးတဲ့လက္ခဏာမျိုးတွေ ခံစားရတတ်ပါတယ်။

..

◾ဘာကြောင့် မျက်စိနီရသလဲ?

မျက်စိရဲ့ မျက်နှာပြင်မှာရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေ ဖောင်းလာတဲ့အခါ မျက်စိနီတာနဲ့ စပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေ အဲဒီ့သွေးကြောလေးတွေက ပေါက်သွားတတ်ပြီး မျက်စိနီခြင်းကို ပိုဆိုးစေပါတယ်။ မျက်စိနီတဲ့အခါ ခံစားရတဲ့ရောဂါလက္ခဏာတွေက သိပ်မပြင်းထန်တဲ့အဆင့်ကနေ အမြင်အာရုံဆုံးရှုံးတဲ့အထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့…

(၁) မျက်စိခြောက်ခြင်း (Dry eyes)

မျက်စိဟာ မျက်ရည်ခြောက်နေတဲ့အခါမှာ သွေးကြောလေးတွေဟာ ရောင်ရမ်းလာတတ်ပါတယ်။ Dry eyes ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့…

* ဆောင်းတွင်းလို ခြောက်သွေ့တဲ့ရာသီဥတု

* အဆစ်အမြစ်ရောင်/ကိုက်ခဲခြင်းနှင့် သွေးချိုဆီးချိုရှိသူများ

* သွေးဆုံးချိန်နှင့် ကိုယ်ဝန်ဆောင်ချိန်တို့တွင် ဟော်မုန်းပြောင်းလဲခြင်း

* မျက်ရည်လျော့နည်းစေနိုင်သော ဆေးဝါးများသောက်သုံးနေရခြင်း

* မျက်ကပ်မှန်တပ်ဆင်မှု အချိန်ကာလ ကြာမြင့်လာခြင်း

* အိပ်ရေးမဝခြင်းတို့ ဖြစ်ပါတယ်။

ဒီလိုမျက်စိခြောက်တာ မကြာခဏဖြစ်နေရင်တော့ မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။

.

(၂) မျက်စိစပ်ခြင်း

သာမန်မျက်စိစပ်တာဟာ မျက်စိနီခြင်း၊ ရောင်ရမ်းခြင်းတို့နဲ့ တွဲဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့

* နေရောင်ခြည်နဲ့ ထိတွေ့ချိန်များခြင်း

* မျက်စိကို အလွန်အမင်းပွတ်ခြင်း

* ဓာတ်မတည့်ခြင်း

* လေထုညစ်ညမ်းခြင်း

* ကလိုရင်းခပ်ထားသော ရေကူးကန်တွင် ရေကူးခြင်း

* မျက်စိထဲ အမှိုက်ဝင်ခြင်း၊ မျက်တောင်မွှေးစူးခြင်းတို့ ဖြစ်ပါတယ်။

နာရီအနည်းငယ်ကြာပြီးတဲ့အခါ သူ့အလိုလို သက်သာသွားနိုင်သလို၊ တစ်ခါတလေ မသက်သာတာမျိုးလည်း ရှိပါတယ်။

.

(၃) ပိုးဝင်ခြင်း

မျက်စိဒဏ်ရာရပြီးနောက် အညစ်အကြေးနဲ့ ဘတ်တီးရီးယားပိုးမွှားတွေ ဝင်တဲ့အခါ မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ မျက်ကပ်မှန်တပ်သူတွေနဲ့ mascara ဆိုးတတ်သူတွေဟာလည်း မျက်စိပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ အချို့မျက်စိပိုးဝင်တာတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့ မျက်စိပိုးဝင်ခြင်းတွေကတော့…

* မျက်ခွံယားယံပြီး မကူးစက်နိုင်သော မျက်ခွံရောင်ခြင်း (Blepharitis)

* မျက်စိစွန်ခြင်းတစ်မျိုးဖြစ်သော မျက်တောင်မွှေးအိတ် ရောဂါပိုးဝင်ခြင်း ( Styes )

* ဗိုင်းရပ်စ် (သို့) ဘတ်တီးရီးယားပိုးကြောင့် ဖြစ်သော မျက်စိ၏ အပြင်ဘက်ဆုံးမျက်မြှေးပါးအလွှာ ရောင်ရမ်းခြင်း (Conjunctivitis) တို့ပဲ ဖြစ်ပါတယ်။

အကယ်၍ အလွန်အမင်း ပြင်းထန်စွာ မျက်စိနာတာ၊ မျက်စိတစ်ဝိုက် ဖောင်းလာတာ၊ မျက်စိဖွင့်ရခက်တာ၊ မျက်စိကနေ အစိမ်းရောင်ရည်တွေ ထွက်တာနဲ့ မျက်စိက အလင်းရောင်မခံနိုင်တာမျိုး ခံစားရတဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

.

(၄) မျက်စိထိခိုက်မိခြင်း

မျက်စိကိုခြစ်မိတဲ့အခါ၊ တစ်ခုခုနဲ့ထိခိုက်မိတဲ့အခါ နီတာ၊ ရောင်ရမ်းတာ၊ သွေးထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲ့လိုဖြစ်တဲ့အခါ မကုသဘဲထားလိုက်ရင် ပိုးဝင်နိုင်ပြီး အမြင်အာရုံထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။

.

(၅) ရေတိမ်ဖြစ်ခြင်း

မျက်စိရေတိမ်ဖြစ်တဲ့အခါ အမြင်အာရုံကြော (optic nerve) ကို ထိခိုက်စေပြီး မကုသရင် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။ ရေတိမ်က မျက်စိတွင်းဖိအားကို တိုးစေပြီး နီတာနဲ့ နာကျင်တာတွေ ဖြစ်စေနိုင်ပါတယ်။ အမြင်အာရုံပြောင်းလဲတာ၊ ဘေးဘက်ကိုမြင်ရခက်တာ၊ ရှေ့တည့်တည့်သာမြင်ပြီး ဘေးဘီမမြင်ရတာတွေဟာ ရေတိမ်ရဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။

.

(၆) Uveitis

မျက်စိတွင်း အရောင်ပါဝင်တဲ့အပိုင်းဖြစ်တဲ့ Uvea ရောင်ရမ်းတဲ့အခါ Uvea ရဲ့ အပြင်ပိုင်းဖြစ်တဲ့ မျက်ဆံ (iris) မှာ နီတာတွေ ဖြစ်စေနိုင်ပါတယ်။ မျက်ဆံအလယ်လောက်မှာ ရုတ်တရက်နီလာတာ၊ နာလာတာမျိုးတွေ ခံစားရရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

.

(၇) ဆေးဝါးနှင့် အရက်များ

အချို့သောဆေးဝါးတွေနဲ့ အရက်တွေက သွေးကြောတွေကို ကျယ်စေပြီး ရောင်ရမ်းစေနိုင်လို့ မျက်စိနီတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးကြောင့် နီတာမျိုးဆိုရင် သိပ်စိုးရိမ်စရာမလိုပါဘူး။

.

(၈) မျက်ကြည်လွှာအနာဖြစ်ခြင်း

မျက်စိပိုးဝင်တာကို မကုသဘဲထားရာကနေ မျက်စိမှာ အနာတွေဖြစ်လာနိုင်ပါတယ်။ အနာတွေဟာ နာကျင်မှုရှိနိုင်ပြီး အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မျက်စိနီပြီး နာကျင်မှုရှိတဲ့အပြင် အနာပါဖြစ်နေရင်တော့ ကုသမှုအမြန်ခံယူသင့်ပါတယ်။

..

..

◾မျက်စိနီတဲ့အခါ ဘယ်လိုကုသမှုတွေ ပြုလုပ်သင့်လဲ?

အများအားဖြင့် မျက်စိခြောက်တဲ့သူ‌တွေဟာ မျက်ရည်တု မျက်စဉ်းခတ်ဆေးရည်နဲ့ သက်သာနိုင်ပါတယ်။

ဆေးဆိုင်မှာ အလွယ်တကူဝယ်ပြီး သုံးတဲ့မျက်စဉ်းခတ်ဆေးတွေထက် ဆရာဝန်နဲ့ပြသတာဟာ ပိုကောင်းပါတယ်။ ရေတိမ်ရှိသူတွေနဲ့ မျက်စိပိုးဝင်နေသူတွေကတော့ ဆရာဝန်နဲ့ ကုသသင့်ပါတယ်။

..

..

◾ဘယ်လိုလူတွေက မျက်စဉ်းခတ်ဆေးကို မသုံးသင့်ဘူးလဲ?

ရေတိမ်ရှိသူတွေဟာ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ မျက်စဉ်းခတ်ဆေးတွေကို မသုံးသင့်ပါဘူး။ အချို့သော မျက်စဉ်းဆေးတွေဟာ မျက်လုံးတွင်းဖိအားကိုတိုးစေပြီး ရောဂါကို ပိုဆိုးစေနိုင်လို့ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သုံးသင့်ပါတယ်။

Reference ????

https: //www. medicalnewstoday. com/articles/315681#types

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#Telekyanmar#telemedicine#teleconsultation#တယ်လီကျန်းမာ#red_eye#မျက်စိနီခြင်း

Ministry of Health,

National Unity Government.

Published on: 30 April 2023

Last updated: 30 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အရက်အဆိပ်သင့်ပြီး သေဆုံးစေနိုင်သော လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၅)

အရက်ပမာဏအများကြီးကို အချိန်တိုအတွင်း သိုမဟုတ် အလွန်လျင်မြန်စွာ သောက်သုံးပါက အရက်အဆိပ်သင့်၍ သေဆုံးနိုင်ပါသည်။ နှိး၍ မရခြင်း/ မနိုးထနိုင်တော့ခြင်း အန်ခြင်း အသက်ရှူနှုန်း နှေးခြင်း (တစ်မိနစ်လျှင် ၈ ကြိမ်အောက် နည်းခြင်း) အသက်ရှူ မမှန်ခြင်း (အသက်ရှူကြိမ် ၂ ခုကြား ဆယ်စက္ကန့် သိုမဟုတ် ပို၍ ကြာခြင်း) တက်ခြင်း ခန္ဓာကိုယ် အေးခြင်း (ကိုယ်အပူချိန်...

အယူအဆအလွဲ (၁၅)

အလွဲ ❌ အသက်ကြီးသူများသည် လဲကျ/ချော်လဲနိုင်ခြေရှိသောကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများ မလုပ်သင့်တော့ပါ။ ငြိမ်ငြိမ်နေခြင်းသည်သာ ဘေးအကင်းဆုံး ဖြစ်သည်။ အမှန် ✅ မှန်ကန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းပုံစံအမျိုးအစားသည် အသက်ကြီးသူများ၏ ကျန်းမာရေးအတွက် အလွန်လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် နှလုံးသွေးကြောများကို ကျန်းမာစေခြင်း၊ ဆီးချိုနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ခြင်းအပြင် စိတ်ဓာတ်ကျမှုကို...

အယူအဆအလွဲ (၁၄)

အလွဲ ❌ အဆစ်အမြစ်နာကျင်ခြင်း (အထူးသဖြင့် ဒူးနာခြင်း) သည် အသက်ကြီးသဖြင့် ဖြစ်လာခြင်းဖြစ်ပြီး ဆေးနှင့်ကုသ၍ မရနိုင်သည့်အတွက် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရုံသာ ရှိသည်။ အမှန် ✅ အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) သည် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း ထိရောက်သော ကာကွယ်ထိန်းသိမ်းမှုများနှင့် ကုသမှုများ ရှိပါသည်။ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis)...

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ။ လူဆိုတာ ခံစားချက်ရှိတဲ့ သတ္တဝါပဲဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံ‌ပြောဆို နေထိုင်ရတဲ့အခါ မိသားစု၊ အလုပ်ခွင်၊ မိတ်ဆွေ စတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပွတ်တိုက်မှု (Conflict) ဆိုတာမျိုးက အနည်းနဲ့အများတော့ ရှိစမြဲပါ။ စိတ်ခံစားချက်တွေ ရှိနေသရွေ့ အဖုအထစ်တွေ ဖြစ်ပေါ်နိုင်တာ သဘာဝပါပဲ။ ဒီပွတ်တိုက်မှုတွေကို လျော့နည်းအောင်လုပ်ဖို့၊...