မီနူး

အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း Medication overuse headache (March, 2023)

အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Medication overuse headache)

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားအတိုင်း မိမိဂရုစိုက်တာဟာ လွန်လွန်ကျွံကျွံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုတာထက်ပိုပြီး ဆေးတွေကို ပိုသုံးခဲ့ရင် ရှိရင်းစွဲရောဂါဟာ မပျောက်ဘဲ ပိုတိုးလာနိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တတ်တဲ့ ခေါင်းကိုက်ရောဂါ (medication overuse headache) ဟာ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေမှာ ခေါင်းကိုက်ပျောက်ဆေးတွေကို ကာလရှည်ကြာစွဲသောက်တဲ့အတွက် ဘေးထွက်ဆိုးကျိုး (side effect) အနေနဲ့ ခံစားရတာ ဖြစ်ပါတယ်။

❗ဘာကြောင့် ဒီလိုတွေ ခေါင်းကိုက်ရသလဲဆိုရင်

– သာမာန်အကိုက်အခဲပျောက်ဆေးတွေ
– ဆေးဆိုင်မှာ အလွယ်တကူ‌ ဝယ်လို့ရနေတဲ့ စပ်ဆေးတွေ
– ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ အသောက်များတဲ့ဆေးတွေ
– Opiate လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ
– ကော်ဖီ၊ ဆိုဒါနဲ့ အလားတူအချိုရည်တွေကို နေ့တိုင်း အလွန်အကျွံသောက်သုံးတာ…..စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

*** ခေါင်းကိုက်ဝေဒနာ ကြာရှည်စွဲကပ်နေတဲ့သူတွေ၊ ခေါင်းကိုက်ပျောက်ဆေးတွေ မကြာမကြာ သောက်သုံးနေရတဲ့သူတွေမှာဆိုရင် medication overuse headache ဖြစ်လေ့ရှိတဲ့အတွက် သတိထားသင့်ပါတယ် ***
.

*********************

???? ဆေးအလွန်အကျွံ သောက်သုံးတာကြောင့် ဖြစ်တတ်တဲ့ ခေါင်းကိုက်ရောဂါမှာဆိုရင်

– လူက နေ့တိုင်းနီးပါး ခေါင်းကိုက်နေတတ်ပြီး အထူးသဖြင့် မနက်ပိုင်းတွေမှာ ခေါင်းကိုက်လွန်းလို့ အိပ်ရာကနေ လန့်နိုးနေတတ်တာမျိုး

– အကိုက်အခဲပျောက်ဆေး သောက်လိုက်တဲ့အချိန်မှာ သက်သာသွားပေမယ့် ဆေးအာနိသင်ကုန်တာနဲ့ ပြန်ကိုက်လာတာမျိုး အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒါတွေအပြင်….

– ပျို့အန်မယ်

– ဂနာမငြိမ်ဖြစ်မယ်

– အာရုံစူးစိုက်ရ ခက်ခဲမယ်

– စိတ်တိုစိတ်ဆတ်လွယ်မယ် အစရှိတာတွေပါ ခံစားရနိုင်ပါတယ်။
.

အောက်ပါ လက္ခဏာတွေတွေ ခံစားလာရပြီဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

– ခေါင်းကိုက်ဝေဒနာက ရုတ်တရက် ပိုပြီး ပြင်းထန်လာမယ်

– ခေါင်းကိုက်တာနဲ့အတူ ဖျားမယ်၊ လည်ပင်းတွေတောင့်နေမယ်၊ အနီစက်တွေ ထွက်လာမယ်၊ တက်မယ်၊ မြင်ကွင်းတွေ နှစ်ထပ်ဖြစ်ပြီး ဝေဝါးလာမယ်၊ ထုံလာကျဥ်လာမယ်၊ စကားပြောဖို့ ခက်ခဲလာမယ်

– အနားယူပြီး ဆေးသောက်တာတောင် မသက်သာဘဲ ပိုဆိုးလာမယ်

– မောလာမယ်

– ထိုင်နေတဲ့အချိန်နဲ့ မတ်တပ်ရပ်တဲ့အချိန်တွေမှာ ခေါင်းကိုက်နေပေမယ့် လှဲလိုက်တဲ့အချိန် သက်သာသွားမယ်

(ဒါတွေကတော့ ဆရာဝန်နဲ့ အလျင်အမြန် ပြသဖို့လိုတဲ့ မပေါ့ဆသင့်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။)
.

*****************************

???? ဒါကို ကာကွယ်ဖို့အတွက်ဆိုရင်တော့

– ခေါင်းကိုက်ပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ပါ။

– တစ်ပတ်ကို (၂) ကြိမ်နဲ့အထက် ခေါင်းကိုက်ပျောက်ဆေးတွေကို သောက်နေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။

‌- ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဆေးဆိုင်မှာ အလွယ်တကူရတဲ့ဆေးတွေကို ကြာရှည်စွဲမသောက်ပါနဲ့။

– ခေါင်းကိုက်စေမယ့် အကြောင်းအရာတွေကို ရှောင်ပါ။ (ဥပမာအားဖြင့် စိတ်ဖိစီးမှုဖြစ်လာတဲ့အချိန်တိုင်း ခေါင်းကိုက်တတ်တဲ့သူဆိုရင် စိတ်မဖိစီးအောင် နေထိုင်ကာကွယ်ပါ။)

– အိပ်ရေးဝဝအိပ်ပါ။

– တစ်နေ့သုံးနပ် ပြည့်ဝအောင်စားပါ။

– ရေဓာတ်ပြည့်ဝအောင် ‌ရေများများသောက်ပါ။

– လေ့ကျင့်ခန်းပုံမှန် လုပ်ပါ။

– အဝလွန်တဲ့သူတွေမှာ ကိုယ်အလေးချိန်လျှော့တာ ပိုသင့်တော်ပါတယ်။

– ဆေးလိပ်ဖြတ်ပါ။
.

????????Medication overuse headache ကို သက်သာဖို့အတွက်ဆိုရင်တော့ လောလောဆယ် သောက်နေတဲ့ဆေးကိုရပ်ဖို့ ဒါမှမဟုတ် ဆေးပမာဏကို လျှော့ချဖို့၊ အစားထိုးဆေးတွေ သုံးစွဲဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျသောက်သုံးဖို့ လိုအပ်ပါတယ်။????????
.

???? ဒီလောက်ဆိုရင် ဆေးအလွန်အကျွံသောက်တာကြောင့် ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာနဲ့ပတ်သက်လို့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အထက်မှာ ဖော်ပြထားခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာပြီး ခေါင်းကိုက်ဝေဒနာမဖြစ်အောင် ကာကွယ်ကြပါလို့ တိုက်တွန်းပါရစေ။ ????

Reference – https://www.mayoclinic.org/…/symptoms-causes/syc-20377083

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#rebound_headache

Ministry of Health,

National Unity Government.

Published on: 19 March 2023
Last Updated: 19 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...