• သင်စားနေတဲ့ အစားအသောက်တွေက စိတ်ခံစားချက်ကို သက်ရောက်နိုင်တယ်ဆိုတာ သိပါသလား။
  • စိတ်ဖိစီးမှုက‌ရော ဝမ်းဗိုက်ကို ဘယ်လို လှုပ်ခတ်စေနိုင်တယ်ဆိုတာ သိကြပါလား။

အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြောတွေဟာ အပြန်အလှန် သက်ရောက်မှုရှိပါတယ်။ ဒီလိုချိတ်ဆက်မှုကို Gut-Brain Axis လို့ ခေါ်ပါတယ်။ သူတို့ဟာ နှစ်လမ်းသွားလမ်းမကြီးလို အသွားအပြန် ချိတ်ဆက်မှု လုပ်နေကြတာပါ။

ဆိုလိုတာကတော့ အစာအိမ်အူလမ်းကြောင်းမှာ ဖြစ်ပျက်နေတဲ့ ခံစားချက်တွေဟာ ဦးနှောက်နဲ့ စိတ်ခံစားချက်အပေါ် သက်ရောက်နိုင်ပါတယ်။

ဥပမာ။ အစာမကြေဖြစ်ရင် တစ်ကိုယ်လုံး နေလို့မကောင်းဘူး ခံစားရတာမျိုး။

ဒီလိုပဲ ဦးနှောက်မှာ ဖြစ်ပျက်ခံစား‌ရတာ‌တွေကြောင့်လည်း အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ် (သို့မဟုတ်) ပိုဆိုးစေနိုင်ပါတယ်။

ဥပမာ။ အိပ်ရေးပျက်၊ အလုပ်ရှုပ်၊ စိတ်ဖိစီးမှုများနေတဲ့အချိန် ထမင်းစားလို့ မကောင်းတာမျိုး။

Gut-Brain Axis ဟာ အစာခြေခြင်းမှစလို့ စိတ်ခံစားချက်တွေအထိ အရာရာကို သက်ရောက်မှုရှိပါတယ်။

🧠🍤 ဦးနှောက်နဲ့အူတွေ ဘယ်လို ဆက်သွယ်ကြတာလဲ 🤔

ဦးနှောက်ကထွက်လာတဲ့ Vagus nerve ဆိုတဲ့ အာရုံကြောကြီးကနေတစ်ဆင့် များစွာသော signal တွေကို ဦးနှောက်နဲ့ အူကြားမှာ သယ်ဆောင်ပေးပါတယ်။

အစာအိမ်နဲ့ အူတွေမှာ Enteric nervous system ဆိုတဲ့ ကိုယ်ပိုင်အာရုံကြောစနစ်လည်း တည်ရှိပါတယ်။

Serotonin (ခံစားချက်တွေကောင်းစေတဲ့ ဓာတ်ပစ္စည်း) ရဲ့ ၉၀% က အူထဲမှာ ထုတ်လုပ်ပါတယ်။

အူအတွင်းမှာ ပုံမှန်အတိုင်းရှိနေကြတဲ့ သေးငယ်တဲ့ ဇီဝပိုးမွှားလေးများမှတစ်ဆင့်လည်း ဆက်သွယ်ကြပါတယ်။

စားလိုက်တဲ့ အစားအသောက်၊ သောက်သုံးတဲ့ ဆေးဝါးနဲ့ အရက်သေစာတွေကလည်း အစာခြေစနစ် ကို ပျက်ယွင်းစေနိုင်ပြီး အာရုံကြောတွေကို သက်ရောက်မှု ဖြစ်စေပါတယ်။

🧠🍤 အသက်အရွယ်‌အလိုက် ဦးနှောက်အာရုံကြောနဲ့ အစာခြေစနစ်ရဲ့သက်ရောက်မှု

👶🧒 ကလေးများနဲ့ လူငယ်များမှာ တက်ကြွတဲ့ အာရုံကြောစနစ်နဲ့ အစာခြေဖျက်မှုစနစ် ရှိပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့ အစာအာဟာရလိုပါတယ်။ အာဟာရ လုံလောက် မျှတအောင် ကျွေးရပါမယ်။

🧑‍🏫🧑‍🎓 လူလတ်ပိုင်းအရွယ်‌တွေမှာ မိသားစုနဲ့ ပတ်ဝန်းကျင်၊ အလုပ်ဖိစီးမှု‌တွေက အာရုံကြောနဲ့ အစာခြေစနစ်ကို ကမောက်ကမ ဖြစ်နိုင်ပါတယ်။ အစာအာဟာရ မျှတအောင်စားခြင်းနဲ့ စိတ်ဖိစီးမှုကိုလျှော့ချဖို့ ပြုလုပ်သင့်ပါတယ်။

🧓🧓 အသက်ကြီးသူများမှာ အသက်အရွယ်အရ သဘာဝအတိုင်း အစာခြေစနစ်နဲ့ ဦးနှောက် ဆက်စပ်မှု နှေးကွေးလာတဲ့အတွက် အစာခြေဖျက်မှု နှေးကွေးခြင်းနဲ့အတူ အစာစားချင်စိတ် နည်းပါးခြင်းတို့ မကြာခဏ ဖြစ်တတ်ပါတယ်။ ကြေညက်လွယ်တဲ့အစာကို နည်းနည်းနဲ့ ခဏခဏစားခြင်း၊ ပေါ့ပါးတဲ့ လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပါ။

🧠🍤 နေ့စဉ်ဘဝမှာ ကြုံနေကျဖြစ်တဲ့ (ရောဂါမဟုတ်သော) အစာအိမ်အူလမ်းကြောင်းနှင့် အာရုံကြော ဆက်စပ်မှု ဥပမာများ

  • သင့်မှာ ဒီမနက် အရေးကြီးတဲ့ စာမေးပွဲတစ်ခု ရှိနေတယ်။ မစခင် မနက်နိုးထဲက ဗိုက်ထဲ သရိုးသရီနဲ့ အိမ်သာတက်ချင်သလို၊ ဆီးသွားချင်သလို ခံစားရတယ်။ ဒါဟာ stress ကြောင့် ဦးနှောက်က အူဆီကို အချက်ပြမှုများ ပေးပို့နေခြင်း ဖြစ်ပါတယ်။
  • အကြိုက်ဆုံး အစားအစာအနံ့ ရတဲ့အခါ အဝေးကထဲက ဗိုက်က အသံတွေ မြည်လာမယ်။ စားချင်စိတ်ဖြစ်ပြီး သွားရည်တွေ ထွက်လာမယ်။ ဒါက ဦးနှောက်ကပို့ပေးတဲ့ အချက်အလက်‌ကြောင့် မစားခင်ထဲကနေ အစာ‌ခြေစနစ်က လှုပ်ရှားလာတာပါ။
  • သတင်းတွေကြည့်ရင်း ဝမ်းနည်းစရာတွေ ဖတ်ရတဲ့နေ့တွေမှာ၊ အလုပ်မှာ စိတ်ဖိစီးမှုများတဲ့ နေ့တွေမှာ အစာစားချင်စိတ် မရှိတာ၊ အစာမကြေ၊ ဗိုက်ပွတာ တွေ ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အစာခြေစနစ်က ဦးနှောက်ရဲ့ ဖိစီးမှုအချက်ပြစနစ်များကို တုံ့ပြန်နေခြင်း ဖြစ်ပါတယ်။

🧠🍤 Gut brain axis ရဲ့ ဆက်သွယ်မှု ချို့ယွင်းခြင်းကြောင့် ဖြစ်ရတဲ့ရောဂါများ

Gut brain axis ဆက်သွယ်မှုဟာ အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းတယ်ဆိုရင် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ လူသိများတဲ့ ရောဂါတွေကတော့ . . .

  • Functional Dyspepsia (အစာအိမ်လုပ်ဆောင်မှု ချို့ယွင်းလို့ ဖြစ်ရတဲ့ အစာမကြေရောဂါ)
  • Irritable bowel syndrome (အူလမ်းကြောင်း လှုပ်ရှားမှု ပုံမှန်မဟုတ်တဲ့ ရောဂါ)

(ဒီရောဂါတွေကို ပေါင်းစုပြီး Disorder of gut brain interaction (DGBI) – ဦးနှောက်နဲ့ အစာခြေစနစ် ဆက်စပ်မှု ချို့ယွင်းတဲ့ ရောဂါတွေလို့ ခေါ်ပါတယ်။)

ဒါ့အပြင် . . .

  • Chronic fatigue syndrome (နာတာရှည် အညောင်းမိ ရောဂါ)
  • စိတ်ကျရောဂါ စတဲ့စိတ်ကျန်းမာရေးပြဿနာများမှာလည်း အူလမ်းကြောင်းနဲ့ စိတ်ခံစားချက် ဆက်စပ်မှု တွေကို လေ့လာဖော်ထုတ်နေကြပါတယ်။

အခုလောက်ဆို အစာခြေစနစ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး သက်ရောက်မှုရှိတာ သိရှိသွားလောက်ပါပြီ။

🧠🍤 ဒါဆိုရင် Gut brain axis ကို ကောင်းမွန်အောင် ဘယ်လိုလုပ်ကြမလဲ။

ရိုးရှင်းတဲ့ နည်းလမ်းတွေကတော့ . . .

  • အမျှင်ဓာတ်ကြွယ်ဝသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးတို့ကို သင့်တင့်အောင် စားပါ။
  • ရေဓာတ်ပြည့်ဝအောင် နေပါ။
  • အသက်ရှုလေ့ကျင့်ခန်း သို့မဟုတ် တရားထိုင်ခြင်းကဲ့သို့ စိတ်ဖိစီးမှု ပြေလျော့စေတဲ့ နည်းလမ်းများကို ပုံမှန်လေ့ကျင့်ပါ။
  • ခန္ဓကိုယ်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • အိပ်ချိန်မှန်အောင် အိပ်ပါ။ ကောင်းမွန်သော အိပ်စက်ခြင်း ရရှိပါစေ။
  • ဆေးလိပ်နဲ့ အရက်သေစာများ အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။
    .

နိဂုံးချုပ်အနေနဲ့ကတော့ အထွေထွေကျန်းမာရေးကို ကောင်းအောင်မြှင့်တင်ခြင်းဟာ Gut brain axis ကိုမျှတစေပြီး အစာခြေစနစ်လည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ပါရစေ…။

အထူးကုသမားတော်တစ်ဦး
(တယ်လီကျန်းမာ)

Reference – 📚
Carabotti M et al. (2015). The gut-brain axis: interactions between enteric microbiota, central and enteric nervous systems. Nat Rev Gastroenterol Hepatol.

ACG Clinical Guidelines for IBS and Functional GI Disorders, 2021

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here