မီနူး

Essential Tremor (ခေါင်းတုန်လက်တုန်) (November, 2022)

ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့ ခေါင်းတုန်လက်တုန် လက္ခဏာမျိုးကို ဆေးပညာအရ essential tremor လို့ ခေါ်ပါတယ်။ ‌

လက်ဖျား၊ လက်မောင်းနဲ့ ဦးခေါင်းမှာ အဓိကတွေ့ရတတ်ပြီး အသံတုန်တာနဲ့ ခြေထောက်လိုနေရာတွေမှာပါ တုန်တာမျိုးလည်း ရှိတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အတွေ့ရများတယ် ဆိုပေမယ့် တကယ်တော့ ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်တွေ့နိုင်ပါတယ်။

Essential လို့ ထည့်ခေါ်ရခြင်းကတော့ ဒီလိုတုန်ရခြင်းက နောက်ခံအကြောင်းရင်းတရား (အရင်းခံရောဂါ) မရှိဘဲ ဖြစ်တာကြောင့်ပါ။

ဒီရောဂါကို လူအများစုက ပါကင်ဆန်ရောဂါ (Parkison’s disease) နဲ့ ရောထွေးတတ်ကြပါတယ်။ အဓိကကွာခြားတဲ့တစ်နေရာကတော့ essential tremor ရဲ့ တုန်ခြင်းက လက်ဆန့်ထားရင် ပိုမိုသိသာပြီး ပါကင်ဆန်ရောဂါကတော့ ငြိမ်ငြိမ်နေရင် ပိုတုန်ပါတယ်။ လက်ကိုလှုပ်ရှားလိုက်ရင်တော့ အတုန်ရပ်သွားတတ်ပါတယ်။

????Essential tremor ရဲ့ ရောဂါလက္ခဏာများ

– လက်တစ်ဖက်မှာ အရင်ဆုံး မသိမသာစတုန်ပြီးမှ ကျန်တစ်ဖက်ကို ကူးတတ်ပါတယ်။

– လက်အပြင် ဦးခေါင်း၊ မေးစေ့၊ လျှာ တွေမှာပါ တုန်တတ်ပါတယ်။ ခြေထောက်အထိတော့ တုန်ခဲပါတယ်။

– ဦးခေါင်းတုန်တဲ့အခါ “yes … yes” ပုံစံမျိုး ခေါင်း တဆတ်ဆတ်ညိမ့်တာ ရှိသလို “no … no” ဆိုပြီး ခေါင်းတခါခါ တုန်တာမျိုးလည်း ရှိပါတယ်။ ခေါင်းကို ထိန်းပေးခြင်းဖြင့် တုန်တာကို ရပ်အောင်လုပ်နိုင်ပါတယ်။

– စာရေးတဲ့အခါ ၊ ကော်ဖီခွက်၊ ဇွန်း အစရှိတဲ့ ပစ္စည်းတွေကို ကိုင်တဲ့အခါမှာ အဓိက အခက်အခဲရှိပါတယ်။

– အသံကြိုးကိုပါ ထိရင်တော့ အသံပါတုန်တတ်ပါတယ်။

– စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ ကဖင်းဓာတ်ပါတဲ့ အစာ‌တွေကြောင့် ပိုဆိုးလာတတ်ပါတယ်။

– အယ်လ်ကိုဟောဓာတ်ကတော့ တုန်ခြင်းကို သက်သာ‌စေပါတယ်။

– အိပ်နေတဲ့အချိန်မှာတော့ အတုန်ရပ်တတ်ပါတယ်။

– ရောဂါလက္ခဏာ အပြင်းအပျော့ကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူတတ်ပါဘူး။

❓ဘယ်သူ‌တွေမှာ ဒီအခြေအနေမျိုး ကြုံရတတ်လဲ

လူတစ်ထောင်မှာ လေးယောက်လောက် ဖြစ်တတ်တဲ့ ရောဂါလို့ ဆိုပါတယ်။ မျိုးရိုးလိုက်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အသက်ကြီးလာတဲ့အမျှ ဖြစ်နိုင်ချေ ပိုများလာပါတယ်။

❓ဘာကြောင့်ဖြစ်ရတာလဲ

ဘာကြောင့်ဖြစ်ရသလဲဆိုတာ ခုထိ သေချာမသိသေးပါဘူး။ အာရုံကြောကလွှတ်တဲ့ ဓာတုပစ္စည်းတချို့က ပုံမှန်ရှိရမယ့် ပမာဏထက် ပိုမိုနည်းပါးလို့ ဒီလိုဖြစ်တယ်ရယ်လို့ တချို့ကလည်း ဆိုကြပါတယ်။

❓ရောဂါကို ဘယ်လိုစမ်းသပ်ရှာဖွေရမလဲ

ထွေထွေထူးထူး ရောဂါ‌ရှာဖွေစရာမလိုပါဘူး။ အများအားဖြင့် ဆရာဝန်က စမ်းသပ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

❓ဘယ်လိုကုသမှု ခံယူမလဲ

ကုသမှုမှာ အရေးပါတဲ့ အချက်တစ်ချက်ကတော့ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး တတ်ကျွမ်းသူများရဲ့ အားပေးဆွေးနွေးမှုကို ခံယူခြင်းပါပဲ။ ဒီ‌ရောဂါဟာ အရှင်းပျောက်ဖို့ခက်ပြီး ဘဝတစ်သက်လုံး ကြုံတွေ့ရမယ့်အခြေအနေဖြစ်တာကြောင့် လူနာများအနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး ကောင်းကောင်းသိထားသင့်ပါတယ်။ ဖြစ်လာတဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ အများအားဖြင့် ဆေးပေးကုတာမျိုး မလုပ်ကြပါဘူး။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်တာမျိုးတော့ လုပ်ခိုင်းပါတယ်။

အယ်လ်ကိုဟောနဲ့ တုန်တာသက်သာအောင် လုပ်မယ်ဆိုရင်လည်း ပမာဏကို ချင့်ချိန်ဖို့တော့လိုပါတယ်။ လိုတာထက်ပိုသုံးစွဲရင် ရောဂါအခြေအနေကိုတောင် ပိုဆိုးစေပါတယ်။

ဆေးသောက်ဖို့ မလိုအပ်ဘူးဆိုပေမယ့် တချို့လူနာတွေရဲ့ အခြေအနေအရ ဆေးပေးရတာမျိုးလည်း ရှိပါတယ်။ Propranolol လို (Beta Blocker) တွေ၊ အတက်ကျဆေးလို ဆေးမျိုးတွေ သောက်လို့ ရပါတယ်။

တချို့ကလည်း ဦးနှောက်ခွဲစိတ်ကုသတာမျိုး လုပ်ပြီး ပျောက်ကင်းသွားတာမျိုးလည်း ရှိပါတယ်။ Thalamus (ဦးနှောက်အစိတ်အပိုင်းတစ်ခု) ကို လှုံ့ဆော်ပေးတဲ့ ကုသမှုတစ်ခုကိုလည်း ခုနောက်ပိုင်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြပါတယ်။

Reference ???? Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 341

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#tremor

Ministry of Health,

National Unity Government.

Published on: 26 November 2022
Last Updated: 26 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲ (၂၁)

အလွဲ ❌ အမျိုးသမီးတစ်ဦး ရာသီသွေးဆင်းနေချိန်တွင် အတူနေပါက ကိုယ်ဝန်လုံးဝမရနိုင်ဟု ထင်မြင်ယူဆခြင်း။ အမှန် ✅ ရာသီလာနေစဉ် အတူနေပါက ကိုယ်ဝန်ရရှိနိုင်ခြေသည် နည်းပါးသော်လည်း လုံးဝမရှိဟု မဆိုနိုင်ပါ။ ဤအချိန်တွင်လည်း ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါသည်။ အကြောင်းမှာ . . . (၁) မျိုးဥကြိုထွက်ခြင်းမျိုးဥထွက်ခြင်း (Ovulation) သည် ဓမ္မတာစက်ဝန်း၏...

သကြားအစားထိုးရန် ပျားရည်သုံးစွဲသင့်ပါသလား

သကြားဖြတ်တဲ့အကြောင်း ရေးပြီးသကာလမှာ အများစုက မေးကြတယ်။ ပျားရည်ထည့်သောက်တယ် ရလား၊ ထန်းလျက်ပြောင်းစားတာ အဆင်ပြေသလား စသဖြင့် မေးခွန်းတွေကို အမေးများတာ တွေ့ရပါတယ်။ ဒီဆောင်းပါးကနေ ပျားရည်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြချင်ပါတယ်။ ပျားရည်ဟာ ပျားလေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ သဘာဝအတိုင်းရရှိလာတဲ့ သကြားဖြစ်ကာ လူသားတို့အနေနဲ့ အဆင်သင့် စားသုံးနိုင်တဲ့ အချိုဓာတ်ပေးတဲ့အရာ...

ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း

💔 ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း "လိုချင်တဲ့အရာ" လို့ ပြောလိုက်ရင် ပုံမှန်အားဖြင့် ကျွန်မတို့ဟာ လက်ထဲမှာ ကိုင်တွယ်လို့ရတဲ့၊ မျက်စိနဲ့ မြင်ရတဲ့ ဒြပ်ပစ္စည်းတွေပဲ အရင်ဆုံး ပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ စိတ်နှလုံးသားထဲမှာ အများစု တောင်းဆိုနေတာကတော့ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက် (Emotional Needs) တွေပါပဲ။ ဒီလိုအပ်ချက်လေးတွေဟာ...

ရေချိုးမှားခြင်း

မေး။ ရေချိုးမှားခြင်းသည် ဦးနှောက်သွေးကြောပြတ်ခြင်း (လေဖြတ်ခြင်း) ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသလား။ ဖြေ။ လူတို့၏ ဦးနှောက်ရှိအစိတ်အပိုင်းတွင် ခန္ဓာကိုယ်အစိတ်အပိုင်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်သောနေရာများ အသီးသီးရှိကြသည်။ ထိုနေရာများ ပုံမှန်အလုပ်လုပ်ရန်အတွက် သွေးထောက်ပံ့မှု လိုအပ်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောများပိတ်ခြင်း သို့ သွေးကြောများပေါက်ထွက်ခြင်းကြောင့် ထိုအစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှု ပြတ်လပ်သွားသည့်အခါ ယင်းနေရာများ...