ထိခိုက်ဒဏ်ရာ များစွာရှိတဲ့အထဲက Blunt force လို့ခေါ်တဲ့ မချွန်ထက်သော၊ တုံး‌သောမျက်နှာပြင် (သို့) ပြင်းထန်တဲ့အင်အားတစ်ခုနဲ့ ရင်ဘတ်နဲ့ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရိုက်ခတ်မိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အတွင်းကြေဒဏ်ရာများဟာ အဖြစ်များပါတယ်။ ပြင်ပမှာ ပေါက်ပြဲဒဏ်ရာမရှိရင်တောင်မှ အတွင်းပိုင်းကလီစာတွေမှာ ပြင်းစွာထိခိုက်နိုင်ပါတယ်။ 

✔ နံရိုးကျိုးခြင်းများ (Rib Fractures) – ရင်ဘတ်ကို ပြင်းထန်စွာရိုက်မိ၊ ပိမိခြင်းကြောင့် နံရိုးများကို ကျိုးစေနိုင်ပါတယ်။ ပြင်ပဒဏ်ရာအနေနဲ့ မတွေ့ရသည့်တိုင် နာကျင်ခြင်းနဲ့ အသက်ရှုရခက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ နံရိုးများစွာကျိုးခြင်းဟာ အဆုတ်ရဲ့ အသက်ရှူခြင်းလှုပ်ရှားမှုကို အနှောင့်အယှက်ပေးပြီး (Flail chest injury ) ကြောင့် အရေးပေါ် အခြေအနေကို သက်ရောက်စေနိုင်ပါတယ်။ ကျိုးသွားတဲ့ နံရိုးများဟာ အတွင်းထဲက ကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။

✔ အဆုတ်ထိခိုက်ခြင်း (Pulmonary Contusion) – ပြင်ပမှ ပြင်းစွာရိုက်ခတ်မှုရဲ့ ပြင်းအားကြောင့် အဆုတ် အတွင်းမှာ ထိခိုက်ခြင်းဖြစ်စေပြီး သွေးထွက်ခြင်းများ၊ သွေးခြေဥခြင်း၊ အသက်ရှူရခက်ခြင်းများ ဖြစ်‌စေပါတယ်။ 

✔ အဆုတ်အတွင်းလွှာများတွင် သွေးစုစည်းခြင်းနှင့် အဆုတ်အလွှာများတွင် လေခိုခြင်း (Hemothorax and Pneumothorax) – အဆုတ်မှာ သူ့ကိုဖုံးအုပ်ထားတဲ့ အမြှေးပါးနှစ်လွှာ ရှိပါတယ်။ ပုံမှန်ဆိုရင် ဒီအမြှေးပါးအလွှာ နှစ်ခုကြားမှာ ပွတ်တိုက်မှုချောမွေ့ဖို့ အရည်အနည်းငယ်မျှသာ ရှိပေမယ့် ပြင်ပဒဏ်ရာကြောင့် အဆုတ်ပေါက်ပြဲခြင်း ဖြစ်တဲ့အခါ ဒီအလွှာနှစ်ခုကြားမှာ သွေးနဲ့လေများ စုစည်းလာတတ်ပါတယ။ ဒီဖြစ်စဉ်ဟာ မြန်မြန်ကြီးဖြစ်လာရင် လူနာဟာရုတ်တရက် အသက်ရှူကျပ်ခြင်း၊ အသက်မရှူနိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ 

✔ နှလုံးထိခိုက်ခြင်း (Cardiac Contusion) – ရင်ဘတ်ကို ရိုက်ခတ်ခံရမှုကြောင့် နှလုံးထိခိုက်ခြင်း၊ သွေးခြေဥခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးကွဲခြင်းများ ဖြစ်နိုင်ပါတယ်။ 

✔ အသက်ရှူလမ်းကြောင်းအင်္ဂါများ ထိခိုက်ခြင်း (Tracheobronchial Injury) – အသက်ရှုလမ်းကြောင်း အတွင်းထဲမှာ ဒဏ်ရာရခြင်းကြောင့် အသက်ရှူခက်ခဲခြင်း ဖြစ်နိုင်ပါတယ်။

✔ ရင်ဝမ်းခြားကြွက်သား ထိခိုက်ခြင်း (Diaphragmatic Rupture) – ပြင်ပပြင်းအားနဲ့ ရိုက်ခတ်မှုကြောင့် ရင်ဝမ်းခြားကြွက်သား ပေါက်ပြဲ ခြင်းဟာ ဗိုက်အတွင်းအင်္ဂါများ ရင်ဘတ်သို့ရောက်လာခြင်းကြောင့် အသက်ရှုရခက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ 

✔ သွေးကြောကြီးများ ထိခိုက်ခြင်း Aortic Injury – ရင်ဘတ်ကို အလွန်ကြမ်းတမ်းစွာ ရိုက်ခတ်ခံရခြင်း ကြောင့် သွေးကြောကြီးများ ထိခိုက်မိပြီး ကိုယ်တွင်းမှာ သွေး‌ယိုစိမ့်ခြင်း၊ သွေးပေါင်ကျခြင်းများ ဖြစ်နိုင်ပါတယ်။ 

✔ အသည်းထိခိုက်ခြင်း၊ ဘေလုံးကွဲခြင်း – ဝမ်းဗိုက်ပိုင်းကို အပြင်ကနေ ပြင်းစွာရိုက်မိခြင်း၊ ထိမှန်ခြင်းကြောင့် အသည်းနှင့်ဘေလုံး ကွဲထွက်မှုများ ဖြစ်နိုင်ပြီး ကိုယ်တွင်းသွေးယိုစိမ့်မှု (Internal bleeding) ဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ 

ဒီဒဏ်ရာတွေဟာ ပြင်ပကနေ သေချာမမြင်ရတာမို့ ပြင်ပဒဏ်ရာ ထိုက်သင့်သလောက် မရှိတာမျိုး ဖြစ်နေပြီး လူနာဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေပါ။ ပြင်ပဒဏ်ရာမရှိဘူးဆိုပြီး မပေါ့ပါနဲ့နော်။ လူနာရဲ့ အခြေအနေကို စောင့်ကြည့်ခြင်းများ လုပ်ပေးပါ။ 

ဒဏ်ရာရသူတစ်ဦးကို တွေ့တဲ့အခါ . . .

၁။ အသက်ကောင်းစွာ ရှူနေသလား၊ သတိကောင်းလား စစ်ဆေးပါ။

✔  “ နာမည် ဘယ်လိုခေါ်လဲ၊ သတိရှိပါသလား” မေးပါ။ ဖြည်းညင်းစွာ နှိုးပါ။

✔ မဖြေနိုင်လျှင် အသက်ရှုမှု စစ်ဆေးပါ။
ကြည့်ပါ – ရင်ဘတ် အတက်အကျ ရှိလား။
နားထောင်ပါ – ရင်ဘတ်နားကပ်ပြီး အသက်ရှုသံ ရှိသလား နားထောင်ပါ။ 
စမ်းကြည့်ပါ – လက်ကို နှာခေါင်းနားထားပြီး လေတိုးလား အသက်ရှူ‌နေလား စမ်းသပ်ပါ။

✔ မရှိရင်တော့ ချက်ချင်း အရေးပေါ်အသက်ကယ်မှု (CPR) စတင်ရန် အကူအညီခေါ်ပါ။ 
.

၂။ သွေးထွက်မှုရှိလား စစ်ဆေးပါ။

✔ မြင်နိုင်သည့် အနာ/ ဒဏ်ရာများ ရှာပါ။
✔ သွေးထွက်များပါက သန့်ရှင်းသောအဝတ်ဖြင့် တင်းတင်းဖိပါ။
✔ သွေးထွက်နေသည့် ခန္ဓာကိုယ်အပိုင်းကို မြှောက်ပေးပါ။ 
.

၃။ ရင်ဘတ် အတွင်းဒဏ်ရာရှိလား စစ်ဆေးပါ။

✔ “ ရင်ဘတ်ကို ထိရင် နာသလား” “ အသက်ရှူရင် နာသလား ”မေးပါ။
✔ ရင်ဘတ်နှစ်ခြမ်းက အသက်ရှူတာ လှုပ်ရှားမှုခြင်း တူလား၊ တစ်ဖက်က ပိုလှုပ်နေသလား စောင့်ကြည့်ပါ။
✔ ရင်ဘတ်ကို အသာဖိကြည့်ရုံနဲ့ နာကျင်မှုရှိတယ်ဆိုရင် နံရိုးကျိုးတာတွေ ရှိနေနိုင်ပါတယ်။ 
✔ ချောင်းဆိုး သွေးပါရှိလား၊ အသက်ရှူရခက်နေလား စစ်ဆေးပါ။  
.

၄။ အရိုးကျိုးမှု ရှိ/ မရှိ စစ်ဆေးပါ။

✔ “ လက်တွေ ခြေထောက်တွေ လှုပ်နိုင်လား” မေးပါ။ အသာအယာ လှုပ်ရှားခိုင်းပါ။ 
✔ လက်ခြေတွေ ပုံမှန်လိုမဟုတ်ဘဲ ကောက်နေတာ၊ လိမ်နေတာမျိုးဆို အရိုးကျိုးတာ ရှိနေနိုင်တယ်။ သွားမဖြောင့်ပါနဲ့။  
✔ လက်သိုင်းကြိုးများ ခံပေးခြင်းဖြင့် တည်ငြိမ်အောင် လုပ်ပေးပါ။ 
.

၅။ ခန္ဓာကိုယ်ထဲ သွေးယိုစိမ့်မှု ဖြစ်နေသလား စစ်ဆေးပါ။

✔ အသားအရောင် ဖြူဖျော့နေလား၊ ကိုင်ကြည့်ရင် အေးစက်‌နေလား၊ သွေးခုန်နှုန်း မြန်နေသလား။
✔ မူးဝေနေသလား၊ မောနေသလား စစ်ဆေးပါ။ 
✔ Shock ဖြစ်နေပါက – လှဲအိပ်ခိုင်းပါ။ ခေါင်းကို နှိမ့်၍ ခြေထောက်ကို အနည်းငယ်မြင့်အောင် ခြေထောက်အောက် တစ်ခုခုခံခြင်း ပြုလုပ်ပါ။ အရေးပေါ် ကျန်းမာရေးအကူအညီဆီကို ပို့ဆောင်ပါ။ 
.

၆။ ဦးခေါင်းနှင့် ခါးရိုးဆစ်တွေမှာ ဒဏ်ရာများ ရှိ/ မရှိ စစ်ဆေးပါ။

✔ “ လက်တွေ ခြေတွေမှာ ထုံကျင်နေတာ၊ ထိရင် မသိတာ၊ လှုပ်မရတာ ရှိလား” မေးပါ။
✔ ဦးခေါင်းထိခိုက်မှုရှိလျှင် အော့အန်ခြင်း၊ မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စကားပြောမမှန်ခြင်း၊ လက်ရှိ အခြေအနေကို မသိခြင်းများ ဖြစ်နိုင်ပါတယ်။ 
✔ ကျောနှင့် လည်ပင်းဒဏ်ရာ ရှိပါက cervical collar, stretcher များနှင့် လူအများပေါင်းစုပြီး သေချာစွာ ရွှေ့ရမှာ ဖြစ်ပါတယ်။ 

📌 ဆေးဘက် အကူအညီမရခင် ဘာလုပ်ပေးနိုင်လဲ။

✔ လူနာကို အားပေးပါ။ နှစ်သိမ့်ပါ။ 
✔ သွေးထွက်မှုကို တားနိုင်သမျှ တားဆီးပါ။
✔ သတိပြန်လာလျှင် ရေအနည်းငယ်ကို သောက်စေနိုင်ပါတယ်။ 

ပြင်ပဒဏ်ရာမရှိပေမယ့် အတွင်းမှာ ပြင်းထန်ဒဏ်ရာရှိနိုင်တယ်ဆိုတာ အမြဲသတိရပေးပါ…။ 

Reference – 
https:// pmc. ncbi. nlm.nih .gov / articles / PMC7296362 

World Health Organization. “ Management of Injuries in Disasters and Conflicts.” WHO Guidelines, 2020.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here